အခြေခံပညာ ကျောင်းများတွင် အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခြင်း လုံးဝ ပိတ်ပင်မည်

လာမည့် ကျောင်းဖွင့်ရာသီမှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် အန္တရာယ်ရှိ အစားအသောက် များ ရောင်းချခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် လုံးဝ ပိတ်ပင်တားဆီးသွားမည် ဖြစ် ပြီး ဖောက်ဖျက်ပါက အမျိုးသား အစားအသောက်ဆိုင်ရာ ဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူသွား မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။



ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အခြေခံပညာ ကျောင်း များတွင် အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခြင်းကို အပြီးသတ် ပိတ်ပင်ရေး အစိုးရအဖွဲ့သို့ တိုက် တွန်းကြောင်း အဆိုကို ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ် သည်။

“အခြေခံပညာကျောင်းများမှာ ဓာတုဗေဒဆိုးဆေးများပါဝင်တဲ့ ပြည်တွင်းပြည်ပ အစားအသောက် များ ရောင်းချခြင်းကို မေလမှစတင်ပြီး စစ်ဆေးပိတ်ပင်သွားပါမယ်” ဟု လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်းက ပြောကြားသည်။

ယင်းသို့ စစ်ဆေးရာတွင် အခြေခံပညာ ကျောင်းများအတွင်းရှိ မုန့်ဆိုင်များအတွင်း ရောင်းချနေမှုများ ကို ကျောင်းကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးခြင်း၊ မုန့်ဆိုင်များအတွင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က ခွင့်ပြုထားသော မုန့်များ ဟုတ်မဟုတ် စစ်ဆေးခြင်း များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ဓာတုဗေဒ ဆိုးဆေး ပါဝင်သော အစားအသောက်များ ရောင်းချခြင်းကို လုံးဝပိတ်ပင်ပါက မရှိဆင်းရဲသော ဈေးရောင်းသူများ၏ တစ်နိုင်တစ်ပိုင် စီးပွားရေးကို ထိခိုက်နိုင်ကြောင်း လမ်းမတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ထောက်ပြ ပြောဆိုသည်။

“ကျွန်တော်တို့က ဈေးမရောင်းရဘူးလို့ ပိတ်ပင်မှာ မဟုတ်ပါဘူး။ ရောင်းလို့ရတဲ့ မုန့်အမျိုးအစားတွေ ရှိပါတယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

ထို့အပြင် အခြေခံပညာ ကျောင်းများအတွင်း ဈေးရောင်းသူများကို သက်ဆိုင်ရာ ကျောင်းအုပ်များမှ တစ်ဆင့် အသိပညာပေးမှုများ ပြုလုပ်မည် ဖြစ်ပြီး အန္တရာယ်ရှိ အစားအသောက်များ ရောင်းချခြင်း မပြုဟူသော ဝန်ခံလက်မှတ်များ ရေးထိုးရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly
ရန်ကုန်၊ ဧပြီ ၃၀

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...