ဆေးပညာအရ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မရှိသေးတဲ့ သနပ်ခါး


သနပ်ခါးဆိုင်တွင် သနပ်ခါးဝယ်ယူနေသူ တစ်ဦး။ ဓာတ်ပုံ - မြန်မာတိုင်းမ်

တကယ်တော့ သနပ်ခါးကို မြန်မာနိုင်ငံ အနှံ့အပြားမှာ တွေ့ရလေ့ရှိပြီး ယဉ်ကျေးမှုအရရော၊ ဘာသာရေး အရပါ အသုံးပြုကြပါတယ်။

လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်က အမျိုးသမီးအများစု သနပ်ခါးကို အသုံးပြုနေကြသလို သနပ်ခါးရဲ့ ထူးခြား မှုတွေနဲ့ပတ်သက်ပြီး အမွှမ်းတင်ပြောဆို ကြတာတွေ အမျိုးမျိုးရှိပါတယ်။

"မြန်မာမိန်း ကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးနဲ့ လိမ်းကြတယ်"၊ "မြန်မာမိန်းကလေးတွေရဲ့ အသား အရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့" ဆိုတဲ့ စကားတွေကတော့ သနပ်ခါးကောင်းကြောင်း အမွှမ်း တင်ပြောဆိုရာမှာ အမြဲကြားနေရတဲ့ စကားတွေပါပဲ။

လူမျိုးနဲ့ယဉ်ကျေးမှုအရ သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုမျိုး မပါဘူးဆိုရင်တော့ မြန်မာ့သနပ်ခါးဟာ အလှကုန် တစ်မျိုးဖြစ်သလို ရောဂါကာကွယ်တားဆီးရေးအတွက်လည်း အသုံးဝင်ပြီး ရိုးရာ အစဉ်အလာ လည်း ဖြစ်တယ်လို့ ပြောတာကတော့ ဘေးကင်းတယ်ဆိုတာ သေချာသလောက်ပါပဲ။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းမျာစွာကတည်းက ကျွန်တော် ကြားဖူးထားတာတွေကတော့ ရာသီဥတုပူတဲ့အချိန် သနပ်ခါးလူးထားရင် အသားအရေကို အေးမြစေတယ်၊ နေလောင်ဒဏ်ကို ကာကွယ်ပေးတယ်၊ ၀က်ခြံဖြစ် တာကို သက်သာစေတယ်၊ အနာကျက်စေတယ်၊ မိတ်၊ အင်ပျင်တို့ ပေါက်ရင် သက်သာစေတယ်ဆိုတဲ့ အချက်တွေပါ။

ပြီးတော့ ကလေးငယ်လေးတွေကို ဖြည့်စွက်အာဟာရ တစ်မျိုးအဖြစ် သနပ်ခါး ခွံ့တတ်ကြပါသေးတယ်။ ဒါတင် မကသေးပါဘူး။ ငှက်ဖျား၊ ၀က်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနဲ့ အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုကြပါသေးတယ်။

သနပ်ခါးနဲ့ ပန်းသီး ရောစားရင် သေတတ်တယ်လို့လည်း တချို့သူတွေက လက်ခံထားကြပါတယ်။

သနပ်ခါးနဲ့ ပတ်သက်ပြီး ဆေးပညာဆိုင်ရာ သုတေသနအရ ဘာတွေများ တွေ့ရှိထားပါသလဲ။

ဒါကတော့ ကျန်းမာရေးဆိုင်ရာ ကဏ္ဍအတွက် ခက်ခဲတဲ့အကြောင်းအရာ တစ်ခုပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဆေးဝါးကုသမှုဆိုင်ရာ လက်တွေ့အချက်အလက်တွေက အရမ်းကို ရှားပါးပြီး အစဉ်အလာလက်ဆင့်ကမ်းလက်ခံလာတဲ့ အချက်အလက်တွေကသာ များနေပါတယ်။

သနပ်ခါးကို အစဉ်အလာအရ ဆေးဖက်ဝင်ပစ္စည်းအဖြစ် ဆေးကုသရာမှာ အသုံးပြုနေကြပေမယ့်လည်း ဒါကို ဆန့်ကျင်တာ၊ ထောက်ခံတာမျိုးတွေ မရှိပါဘူး။

ဒါ့ပြင် ဆေးဝါးကုသမှုအတွက် သနပ်ခါးကို အသုံးပြုနေတာဟာ ဘေးကင်းမှု ရှိမရှိဆိုတာကိုလေ့လာပြီး သုတေသန လုပ်ထားတာတွေလည်း မရှိပါဘူး။

ဒီလိုမျိုး လေ့လာမှုပြုလုပ်တာတွေဟာ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီတွေရှိရာ နိုင်ငံတွေမှာ တစ်ခုခု ကို ဆေးဝါးအဖြစ် ထောက်ခံအတည်ပြုပေးဖို့အတွက် ပထမအဆင့်အနေနဲ့ ပြုလုပ်နေကျ လုပ်ငန်းစဉ်ပါ။

သနပ်ခါးနဲ့ ပတ်သက်ပြီး ဇီဝဗေဒအရ သုတေသနပြုလုပ်ထားတာတွေကလည်း နည်းနည်းလေးပဲ ရှိပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံက သုတေသီတစ်စုဟာ သနပ်ခါးအခေါက်မှာပါတဲ့ ဓာတ်ပစ္စည်းတွေကို အသေးစိတ်လေ့လာခဲ့ကြရာမှာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့် ပါဝင်လာသလို အသားအရေ ရောင်ရမ်း တာကို သက်သာစေတဲ့ ဓာတ်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို သေစေတဲ့ဓာတ်နဲ့ အရေပြားအရောင် ကို အပြောင်းအလဲဖြစ်စေတဲ့ ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးတဲ့ ဓာတ်လည်း ပါဝင်တာကို တွေ့ရှိခဲ့ကြ ပါတယ်။

ဒီတွေ့ရှိမှုတွေကြောင့် သနပ်ခါးက အရေပြားကို အကာအကွယ်ပေးနိုင်ပြီး ဆေးဖက်ဝင်တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဇီဝကမ္မဗေဒဆိုင်ရာ အကြောင်းပြချက်တစ်ခုတော့ ကျွန်တော်တို့မှာ ရှိသွားပါတယ်။


သနပ်ခါးအဖွေးသားနဲ့ ကလေးငယ်များ။ ဓာတ်ပုံ - မြန်မာတိုင်းမ်

ဒါပေမဲ့ အရေပြားမှာ အရေးအကြောင်း ထခြင်း၊ ကင်ဆာဖြစ်ပွားမှုနှုန်းနဲ့ ရောဂါကူးစက်မှုလို ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး သနပ်ခါးက အမှန်တကယ် လျော့ပါးစေတာကို သက်သေပြဖို့ လူသားနဲ့ စမ်းသပ်လေ့လာမှု မျိုးတွေတော့ မလုပ်ထားရသေးပါဘူး။

သနပ်ခါးအတုံးနဲ့ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အသင့်သုံးကြိတ်ပြီး သနပ်ခါးဆိုပြီး သနပ်ခါးကို ဈေးကွက် ထဲမှာ နှစ်မျိုးနှစ်စားရနိုင်ပါတယ်။

အသင့်သုံးသနပ်ခါးမှာတော့ တခြား ပစ္စည်းတွေ ပါဝင်ပါတယ်။

သုံးစွဲသူတွေ ဘေးအန္တရာယ်ကင်းရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းမရှိခြင်း
နဲ့အတူ အသင့်သုံးကြိတ်ပြီး သနပ်ခါးတွေ ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တစ်မျိုးအဖြစ် ဈေးကွက်ထဲ တင်ပို့ရောင်းချနေတဲ့အတွက် ဘေးကင်းရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ဖြစ်ပေါ်လာနေပါတယ်။

ဒါနဲ့ ပတ်သက်တဲ့ သာဓကတစ်ရပ်ကတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ ကရင်ပြန်လည်ထူထောင်ရေးအတွက် အကြီးဆုံးနေရာကြီးဖြစ်တဲ့ အင်ဒီယားနားပြည်နယ်က Fort Wayne မှာ ထွက်ပေါ် လာခဲ့ပါတယ်။

အဲဒါကတော့ မြန်မာနဲ့ ထိုင်းနယ်စပ်ကနေ တင်သွင်းလာတဲ့ အသင့်သုံး သနပ်ခါးတွေနဲ့ daw tway (ကလေးတွေ အတွက်ရည်ရွယ်တဲ့ အစာကြေဆေး) ဆိုတဲ့ သနပ်ခါးနဲ့ လုပ်ထားတဲ့ ဆေးတွေကို အသုံးပြုလေ့ပြုထရှိတဲ့ ကရင်ကလေးတွေမှာ ခဲပါဝင်မှုဟာ ကြောက်ဖွယ်လိလိ မြင့်တက်နေတာကို ၂၀၀၉ ခုနှစ်မှာ ဆရာဝန်တွေက တွေ့ရှိခဲ့တာပါ။

သနပ်ခါးကို ကူးစက်ရောဂါပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာအမြင်အရ လေ့လာအကဲ ဖြတ်ဖို့ ကြိုးပမ်းမှု တစ်ရပ်အနေနဲ့ ကျွန်တော့်ရဲ့ အရေပြားရောဂါဗေဒဆိုင်ရာ အမေရိကန် မိတ်ဆွေနှစ်ယောက်နဲ့ မိသားစုဟာ သနပ်ခါးအသုံးပြုမှုနဲ့ပတ်သက်ပြီး မကြာသေးခင်က လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ရာမှာ မြန်မာတွေဟာ သနပ်ခါးကို နေလောင်ဒဏ်ကာကွယ်ဖို့၊ အသားအရေအေးမြစေဖို့နဲ့ အသားဖြူစေဖို့အတွက် အများဆုံး အသုံးပြုကြတာကို သိရှိခဲ့ကြပါတယ်။

သနပ်ခါးလူးထားရင် လူက လန်းဆန်းတယ်၊ သနပ်ခါးက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ သနပ်ခါး လိမ်းထား ရင် စိတ်ကြည်တယ်၊ ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ်ဆိုတဲ့ သနပ်ခါးလူးလေ့ရှိတဲ့ သူအများစု က ပြောလေ့ရှိတဲ့ သနပ်ခါးလူးတဲ့အတွက် ရရှိတဲ့ကောင်းကျိုးတွေလို့ ကျွန်တော်ယူဆထားတဲ့ အချက်တွေကို သူတို့လည်း တွေ့ရှိခဲ့ကြပါတယ်။

သနပ်ခါးက နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင် စွမ်းရှိတယ် ဆိုတာကတော့ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံရဲ့ ဆေးလောကအမြင်အရ ကြည့်မယ်ဆိုရင်တော့ သနပ်ခါးဟာ အရေပြားရဲ့ အရောင်ကို ဘယ်လိုအကျိုးဖြစ်စေတယ်ဆိုတာ၊ အရေပြားရောဂါကို ကောင်းစေတယ်ဆိုတာ ဒါမှမဟုတ် ကျန်းမာရေးအတွက် တနည်းတဖုံ အထောက်အကူ ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ သက်သေအထောက်အထားတွေ ကျွန်တော်တို့မှာ မရှိပါဘူး။

စိတ်မကောင်းစရာကတော့ သနပ်ခါးကို လိမ်းလို့၊ ဒါမှမဟုတ် စားလို့ ဘေးဖြစ်မဖြစ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မသိရသေးတာပါ။

အထူးသဖြင့် သနပ်ခါးကို ပြင်ဆင်ထုပ်ပိုးတာနဲ့ ပတ်သက်ပြီး ကြီးကြပ်တဲ့ အဖွဲ့မရှိတာကို ထည့်သွင်း စဉ်းစားမိတဲ့အခါ မျိုးမှာပါ။

သနပ်ခါးနဲ့ ပတ်သက်ပြီး ဆေးပညာဆိုင်ရာ ကိုးကားစရာတွေ မြန်မာနိုင်ငံမှာ ပိုရလာတဲ့အခါ ကျွန်တော်တို့ လည်း အချက်အလက်တွေ ပိုရလာမှာပါ။

အဲဒါဆို နှစ်ပေါင်းများစွာ အစဉ်အလာသုံးစွဲခဲ့တဲ့ မြန်မာ့သနပ်ခါးကို ဘေးကင်းကင်းနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်ကြမှာပါ။

(ခရစ္စတို့ဖ် ဂဲလ်စ်ဒေါ့ဖ်သည် မိသားစုဆရာဝန်များဆိုင်ရာ အမေရိကန်ဘုတ်အဖွဲ့ဝင် ဆရာဝန်တစ်ဦး ဖြစ်ပြီး ရန်ကုန်တွင် ဆေးခန်းဖွင့်လှစ်ထားသည်။ ၀က်ဘ်ဆိုက် လိပ်စာမှာ (www.gelsdorfmd.com) ဖြစ် သည်။ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၏ အထွေထွေရောဂါကု ဆရာဝန်များအသင်း အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး သိလိုသည့်အချက်များကို ၎င်းအား ဆက်သွယ်မေးမြန်းနိုင်သည်။)

သီရိမင်းထွန်း ဘာသာပြန်သည်။
Myanmar Times
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...