E-Visa စနစ် စက်တင်ဘာတွင် စတင်လုပ်ဆောင်နိုင်ဖွယ်ရှိ


ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သော အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းလိုက်ပြီး အင်တာနက်မှတစ်ဆင့် ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသော E-Visa စနစ်ကို စက်တင်ဘာတွင် စတင်လုပ်ဆောင်နိုင်ရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

‘‘အဲဒီကော်မတီမှာ ၀န်ကြီးတွေ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အသင်းချုပ်ဥက္ကဋ္ဌနဲ့ ကုန်သည် စက်မှု အသင်းချုပ်ဥက္ကဋ္ဌတို့ ရှိပါတယ်’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအသင်းချုပ် ဗဟိုကော်မတီဝင် ဦးဖြိုးဝေရာဇာကပြောကြားသည်။

ယခုနှစ်ဆန်းပိုင်းက နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံစဉ် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ဒုသမ္မတတစ်ဦး ဦးဆောင်သော ကော်မတီတစ်ခုပေးရန် နိုင်ငံတော် သမ္မတ အား တောင်းဆိုခဲ့ကြသဖြင့် ယခုကဲ့သို့ ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။

ဒုသမ္မတဦးဆောင်သော ကော်မတီဖွဲ့စည်းလိုက်သဖြင့် ခရီးသွားလုပ်ငန်းမဟာဗျူဟာ(Tou rism Master Plan) ချမှတ်ထားသော လုပ်ငန်းစဉ်များကို အချိန်ကိုက် လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က ပြောသည်။

ယခင်က E-Visa စနစ်ကို ဆောင်ရွက်ထားသော်လည်း ငွေပေးချေသည့်ကိစ္စတွင် အခက်အခဲများရှိခဲ့သဖြင့် လက်တွေ့အကောင်အထည်မဖော်နိုင်ဘဲ ကြန့်ကြာခဲ့သည်။

ပြီးခဲ့သည့်မတ်လဆန်းမှစ၍ ကြိုတင်ခွင့်ပြုချက်ဖြင့် ရယူသော ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာတွင် ၁၀ ဦး ပြည့်မှ ခွင့်ပြုမည့်မူဝါဒ ပြောင်းလိုက်ပြီးနောက် E-Visa အမြန်ဆုံးဆောင်ရွက်ပေးရန် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက တောင်းဆိုခဲ့သည်။

လက်ရှိတွင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် Business Visa ဖြင့် လာရောက်သူများအား ဆိုက်ရောက်ပြည် ၀င်ခွင့် ပေးထားခဲ့သည်။

7Day Daily
No.379 Thursday, May 15, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...