တုပ်ကွေးနှင့် ကျပ်ခိုး

မကြာမီရက်ပိုင်းက ဆွေမျိုးတွေလို ရင်းနှီးနေတဲ့ အိမ်ကို ရောက်သွားပါတယ်။ အဖေရော၊ အမေရော၊ သားရော၊ သုံးယောက် ရှိတဲ့အိမ်။ သုံးယောက်စလုံး ဖျားလို့တဲ့။ အဖေကအသက် ၇၀ နားကပ်နေပြီ။ ကွေးကွေးလေး လှဲနေပါတယ်။ အသက် ၃၀ ကျော်သားကလည်း နှာရည်တွေ တရစပ် ကျလို့။ ချောင်းဆိုး တာကလည်း မကြာမကြာ တံတွေးထွေးနေ ရပါတယ်။ ထွေးခံ အနား ကပါ။ အမေကတော့ တိုင်မှီပြီး ထိုင်နေပါတယ်။ ‘ဘာမှ လည်း မစားချင်ဘူး ဒေါ်ဒေါ်ရယ်’ လို့ပြောပါတယ်။ သူကလည်း ချောင်းဆိုး လျက်ပါပဲ။

ကျွန်မမှတ်မိသလောက် သြဂုတ် ၂ ရက်ကတည်းက ကျွန်မတို့ရပ်ကွက်မှာ မိုးရွာနေတာ ၁၅ ရက် ရောက်ပြီ။ မိုးမရွာတဲ့နေ့ တစ်ရက်မှမရှိဘူး။ ဒီလောက်မိုးများတော့ မြောင်းတွေကရေလျှံ။ ကျွန်မအိမ် ထဲအထိ ရေတွေရောက် လို့ ကျွန်အိမ်လိုနိမ့်တဲ့အိမ်တွေ ရေဝင်တော့လူတွေက အအေးမိပြီးဖျားကြတာ ပါပဲ။ ကျွန်မကသူတို့ကို မေးပါတယ်။ အစားတွေမှားလို့လား၊ ဘာစာလို့လဲမေးတော့ ‘အေးတာနဲ့ဒေါ် ဒေါ်ရယ် ရှောက်သီးသုပ်ထားကြတာ၊ ငရုတ်သီး စပ်စပ်နဲ့နောက်နေ့လည်းကျရော ချောင်းဆိုး၊ နှာရည် ယို၊ ကိုယ်ကတော့မပူပါဘူး။ ဒါပေမဲ့ခံတွင်းပျက်လို့ ဘာမှ စားချင်စိတ်မရှိဘူး။ ထမင်းချက်၊ ဟင်းချက် ထားတာလည်း ဒီအတိုင်းပဲ။ စားမယ့်သူမရှိဘူး။ ကော်ဖီကြိုက်တဲ့ကျွန်မ ကော်ဖီလည်းမသောက်ချင် ဘူး ဒေါ်ဒေါ်ရယ်။ ဒေါ်ဒေါ့်တူနဲ့မြေးကတော့ ရေနွေးကြမ်းပဲသောက်နေကြတယ်’ ဟူ၍ လေသံပျော့ ပျော့လေးနှင့် ပြောပါသည်။

လွန်ခဲ့သည့် တစ်ရက်၊ နှစ်ရက်ကပင် တိုင်းရုင်းဆေးဆရာဦးကျော်လှိုင်ဦး ကျွန်မတို့အိမ်သို့ရောက်လာ ပါသည်။ သူက ‘အခုရာသီက ချမ်းဖျား၊ တုန်ဖျား၊ တုပ်ကွေးဖျားတွေ ဖြစ်တတ်တယ်ဗျ။ အနာလုံးကြီး တွေလည်း ထွက်တတ် တယ်။ မျက်စိလည်းနာတတ်တယ်ဗျ။ သဘောကတော့ နွေကပူထားတာတွေ ကိုယ်ထဲက ကုန်အောင် မထွက်ရ တော့ ချောင်းဆိုးမယ်၊ ဖျားမယ်ဆိုတာတွေဖြစ်ကုန်တာပေါ့ဗျာ။ ကျွန်တော်တို့ငယ်ငယ်ကတော့ အမေကကျပ်ခိုးတွေ ကို ဗန်းကြီးထဲကျလာအောင် လှဲချပြီး အဲဒီကျပ်ခိုး နဲ့ ကွမ်းရွက်၊ မြက်မုန်ညင်းဥတို့ပါထည့်ပြီး အိုးထဲထည့်၊ ရေနဲ့ အတော်ကြာကြာပြုတ်တာပဲ။ အဲဒါကို သောက်ရတာဗျာ။ အဖျားဒဏ်ကို ကြာကြာမခံရ၊ ငွေလည်းမကုန်ဘဲ ရောဂါပျောက်တယ်’ ဟူ၍ ပြောသွားပါသည်။

ဖက်ဆစ်တွေ မြန်မာနိုင်ငံထဲရောက်လာတော့ ကျွန်မတို့မိသားစု၊ ဆွေမျိုးတွေပါ ဒေးစွန်ပါတောင်ခြေကို ထွက်ပြေး ခဲ့ကြပါတယ်။ ဒေးစွန်ပါတောက အဲဒီတုန်းက နေပြောက်မထိုးနိုင်အောင်ကို သစ်ပင်တွေက အုံ့ဆိုင်းနေပါတယ်။ နွေဖြစ်ပေမယ့် ညဆိုတော်တော်ကို ချမ်းတာပါ။ ကျွန်မတို့အဖေက ငှက်ဖျားဖျားမှာ ကြောက်ပါတယ်။ ဆေးဝါး ကလည်း ရှိတာမှမဟုတ်ပဲ ကုသတဲ့ဆရာလည်းမရှိ။ တောကြီးထဲမှာ ဖျားရင် ခံရုံပဲရှိပါတယ်။

အဖေကနေ့တိုင်း မွန်းလွဲ ၁ နာရီလောက်ကျရင် ကျွန်မတို့မောင်နှမတွေကို ထန်းလျက် သုံး၊ လေးခဲ လောက် ကွမ်းရွက် သုံးရွက်၊ ချင်းတစ်လက်မလောက်ပါးပါးလှီးပြီး ကျပ်ခိုးပါ ရောပြီးပြုတ်တဲ့ဆေးရည် ကိုတိုက်ပါတယ်။ ကျပ်ခိုးဆိုတာ ထင်းနဲ့ ထမင်းချက်တဲ့အခါ မီးခိုးတွေက အမိုးမှာကပ်နေတဲ့ မည်းမည်း အမှုန့်တွေပါ။ ဒါကို ကျွန်မတို့ က ရွံပါတယ်။ မသောက်ချင်ပါဘူး။ အဖေ့ကိုကြောက်လို့သာ သောက်ရ တာပါ။ သောက်လိုက်တော့ ချင်းနံ့၊ ကွမ်းရွက်နံ့က မွှေးတယ်။ ထန်းလျက်က ချိုတယ်။ သဘောကျကြ လို့နောက်နေ့တွေတိုက်ရင် ခေါင်းမရမ်းကြတော့ ဘူး။ ဒီလိုနဲ့အခြေအနေကောင်းပြီး အိမ်ပြန်လို့ရပြီဆို တော့မှ ရွာကအိမ်ကိုပြန်ခဲ့ရပါတယ်။ ကျွန်မတို့မိသားစု၊ ဆွေမျိုးစုတွေ၊ ဘယ်သူမှမဖျားခဲ့ကြပါဘူး။ အခြားသူတွေဖျားကြလို့ ဖြူဖပ်ဖြူရော်နဲ့ တွေ့နေရပါတယ်။

ကျွန်မတို့ဟာ ဂျပန်ခေတ်တစ်ချိန်လုံး ဖျားတဲ့အခါဒီလိုပဲ သောက်ခဲ့ပါတယ်။ ရွာကခြံမှာလင်းလေပင်ရှိ လို့ အဖေက လင်းလေရွက်ပါ ဆေးပြုတ်ရင် ရောပြုတ်ပါတယ်။ ကျွန်မတို့ဟာ အဲဒီအရည်ကိုဆေးလို့ မထင်မိခဲ့ပါဘူး။ ရန်ကုန်ကို ရောက်တော့မှ သိပ်ဖြူဆရာတော်ကြီးရဲ့ စာအုပ်တစ်အုပ်မှာ ဒီဆေးအမည် ပါပါတယ်။ ဆရာတော်ကြီးက ပဒေသာ ငန်းပုပ်ချဆေးလို့ အမည်ပေးထားတဲ့ဆေးပါ။ ဆရာတော်ကြီး ဆေးမှာတော့လေးညှင်းပွင့်တစ်ပွင့်ထည့်တာ မှတ်မိ ပါတယ်။

ကျွန်မတို့ပဲခူးက ကြခတ်ဝိုင်းကျောင်းတိုက်ကြီးမှာ သံဃာတော်တွေ များလှပါတယ်။ ဆရာတော်ဘုရား ကြီးက အဲဒီစာသင်သား သံဃာတော်တွေကို မိုးတွင်း၊ ဆောင်းတွင်းအေးတဲ့ကာလတွေမှာ ချင်းနဲ့ထန်း လျက်ပြုတ်ရည် တိုက်ပါတယ်။ သံဃာတော်တွေကများတော့ တစ်နေ့ကိုထန်းလျက်ပိဿချိန် ၅၀ ကျော်ကုန်ပါတယ်တဲ့။ မန္တလေးက ဒါနရှင်တစ်ဦးက သံဃာတော်တွေခွက်တွေကိုင်းပြီး ချင်းပြုတ်ရည် အကပ်ခံတာကိုကြည်ညိုလွန်းလို့ပါတဲ့။ ရက်ပေါင်း ၃၆၅ ရက်လုံးချင်းပြုတ်ရည်အတွက် ထန်းလျက်လှူ ခဲ့ဖူးတာ မှတ်ခဲ့ရပါတယ်။ ချင်းပြုတ်ရည်ကို ပခုက္ကူမဟာဝိသုတာရာမမှာလည်း ကပ်လေ့ရှိပါတယ်။ တောင်မြို့က မဟာဂန္ဓာရုံမှာလည်း ကပ်လေ့ရှိပါတယ်။ အခုခေတ်မှာတော့ ကပ်၊ မကပ် မသိရတော့ပါ ဘူး။

ကျွန်မအဖေက မြန်မာဆေးမှာ ပျားရည်နဲ့ကျပ်ခိုးဟာ အရေးကြီးတဲ့ဆေးမယ်တွေမှာ ပါတတ်တယ်လို့ ပြောပါတယ်။ ပျားရည်က ပန်းပေါင်းစုံရဲ့ အာနိသင်ပါသလို ကျပ်ခိုးကသစ်ပင်ပေါင်းစုံက အာနိသင်ပါပါ တယ်တဲ့။ ချင်းကလည်း မီးဖိုမှာသုံးတော့ အိမ်တိုင်းရှိတတ်တယ်။ ကွမ်းစားတဲ့သူများက အိမ်တိုင်း ကွမ်းရှိတတ်တယ်။ ထန်းလျက်ကလည်း ဆေးဖက်ဝင်တာပဲလေ။ ထန်းပင်တာ သက်တမ်းရာကျော် ရှည်တယ်။ ရာသီဥတုဒဏ်ခံတယ်။ ဒီလိုအပင်ကထွက် လို့ ဆေးဖက်ဝင်တယ်။ ဆေးကုသမယ့်ဆရာ ရုတ်တရက်မရတဲ့အခါ အခုလိုပဲအိမ်မှာရှိတဲ့ ချင်း၊ ကွမ်းရွက်၊ ထန်းလျက်တို့ဟာ ဆေးဖြစ်ပါတယ်။ တကယ်ကုသပေးမယ့် သမားတော်ဆီ မရောက်မီမှာ အိမ်တွင်းသုံးဆေးက ရောဂါကိုပိုမဆိုးအောင် အထောက်အပံ့ဖြစ်ပါတယ်တဲ့။

အဖေပြောတဲ့ထဲမှာ တစ်ခုမှတ်မိတာက ပြင်ပရာသီဥတုက အေးနေရင် အပူစာတွေမစားရဘူး။ ပြင်ပကပူနေရင် အအေးစာကို မစားရဘူး။ ဆေးဆရာတွေပြောရှိတယ်။ အဇ္ဈတ္တနဲ့ ဗဟိန္ဓတူရမယ်တဲ့။ သဘာဝကြီးကလည်း အဲဒီလိုဖန်တီးပေးတာလေ။ ဝါဆိုလပြည့်နေ့အထိ နွေဥတုပဲ။ သူ့မှာအပူဓာတ် တွေရှိသေးတယ်။ သီးလိုက်တဲ့ ဦးနှံတွေက သရက်၊ ပိန္နဲ၊ ကနစိုး၊ ဒူးရင်းစတာတွေက အပူစာတွေပေါ့။ အပြင်ပူအတွင်းလည်း အပူစာပေးပေါ့။ ဆောင်းတွင်းကျတော့ မုန်လဥ၊ မုန်ညင်း၊ ဟင်းနုနယ်၊ သခွား၊ စပျစ်သီးစတာတွေပေါ်လာတယ်။ ဒါတွေစားကြ ရတယ်။ ဥတုကိုလွန်ဆန်ပြီး မစားရဘူးလို့ပြောတာ မှတ်မိပါတယ်။

ယနေ့ခေတ်တွင် ရှေးမြန်မာတို့၏အလေ့အထတို့ကို ကျင့်သူတို့နည်းနေသည်ဟု ကျွန်မထင်ပါတယ် ကျေးလက် တောရွာများမှာပင် ဖျားလျှင် ‘ပါရာ’ သောက်ဟု ပုံသေမှတ်နေကြပြီ။ မြန်မာဆေးက ပြုတ် နေရ၍၊ ကျပ်ခိုးပါ၍၊ ဘာရွက်တွေမှန်းမသိပါ၍နှင့် မသုံးစွဲကြတော့။ သုံးစွဲသူတို့နည်းကုန်ပြီ သို့မဟုတ် မရှိတော့ပြီဟူ၍ပင် မှတ်ရပေ တော့မည်။

အရှေ့တောင်အာရှနိုင်ငံ ထိုင်းတွင်ပင် မိမိတို့၏ရိုးရာတိုင်းရင်းဆေးများ ရှိကြ၏။ သုံးစွဲဆဲသူတို့ ရှိနေသ ကဲ့သို့ ထိုဆေးကိုပြန်လည်ဖော်ထုတ်ရန် အားထုတ်နေသော သူတို့လည်းရှိကြပေသည်။

ယနေ့သောက်နေ၊ သုံးစွဲနေကြသော အနောက်တိုင်းဆေးတို့တွင် ဆေးကြောင့်ဘေးထွက်ဆိုးကျိုးရှိနိုင် သည်ဟူ၍ ယုံကြည်သူတွေရှိသည့်အတွက် ရိုးရာတိုင်းရင်းဆေးဘက်သို့ ပြန်လည်စဉ်းစားသုံးစွဲရန် ဖော်ထုတ်နေသော ခေတ်မီ ဆရာကြီးတွေ ရှိခဲ့ကြ၊ ရှိခဲ့ဖူး၊ ရှိနေဆဲလည်းဖြစ်ပါတယ်။

ဤစာရေးသူ၏ ကိုယ်တွေ့တစ်ခုကို ပြောရမည်ဆိုလျှင် အသုံးချသုတေသနဌာနတစ်ခုတွင် အာဟာရ သုတေသန ဌာနမှ ပါရဂူဘွဲ့ရအရာရှိတစ်ဦးအကြောင်း ဖြစ်ပါသည်။ သူ့ဌာနသို့ကျွန်မတစ်ရက်က ရောက်သွားစဉ်ဌာနတွင် တာဝန်ထမ်းနေကြသော ဝန်ထမ်းတို့ဝမ်းကိုက်နေကြကြောင်း၊ ထိုအခါတွင် ထိုဆရာကြီးက သူ၏ရုံးဝင်းအတွင်း စိုက်ထားသည် ကျွဲကျောင်းပင်ဆစ်ဟုခေါ်သော အပင်ကိုပြုတ်ပြီး စားစေတာကိုတွေ့ခဲ့ရ၏။ ရောဂါတွေ ပျောက် သွား တာကိုလည်း သိခဲ့ရပါသည်။

တစ်ရက်တွင် ထိုဆရာကြီး၏ စားပွဲတွင်ကျွန်မနှင့်သူ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောနေစဉ် ဆရာ ကြီးက ‘နေဦးဗျ၊ ကျွန်တော်ချောင်းဆိုးနေတယ်။ ဆေးသောက်ဦးမယ်’ ဟုပြောပြီး သံမဏိဇာဂနာလေး နှင့်သံမဏိ ပန်းကန်သေးသေးလေးတစ်ချပ်တွင် ထည့်ထားသည့် အချိုမှုန့်နှင့်တူသောဖြူဖြူအချောင်း ကလေး သုံး၊ လေးချောင်း ကို ယူစားလိုက်ပါသည်။ ကျွန်မက ‘အဲဒါဘာလဲ ဆရာကြီး’ ဟုမေးလိုက် သောအခါ ဆရာကြီးက-

‘အဲဒါမယားကြီးရွက်လေ။ သူ့ကိုဒီလို လုပ်လိုက်ပေမယ့် သူရဲ့သတ္တိက မပြယ်သွားဘူး။ သာမန်ချောင်းဆိုးရောဂါကို ပျာက်သလို တီဘီရောဂါကိုလည်း ပျောက်နိုင်တယ်။ အမျိုးသမီးတွေ သွေးလွန်တဲ့ရောဂါ ဖြစ်ရင်ပြုတ်သောက်၊ ဟင်းချက်စား၊ အိပ်ရာအောက်မှာ ထားအိပ်ရုံနဲ့ ပျောက်တယ်။ သွေးသွန်ရောဂါ အတွက် ဆီးဖြူရွက်ကိုလည်း အိပ်ရာအောက်မှာ ထားအိပ်ရုံနဲ့ ပျောက်တယ်။ ကျွန်တော်တို့ရိုးရာပဲ။ ခေတ်နဲ့အညီ ဒီအတိုင်းမသုံးဘဲ သုံးလို့ လွယ်အောင် ကျွန်တော်လုပ်ထားတာ’ ဟူ၍ ပြောပါသည်။

မြန်မာဗုဒ္ဒဘာသာဝင်တို့သည် သမားတော်ကြီး ဇီဝကကို အသိများကြပါသည်။ ဆရာကြီးဇီဝကက ‘ဤလောက တွင် ဆေးဖက်မဝင်သော သစ်ပင်မရှိမရှိ’ ဟူ၍မိန့်ကြားခဲ့သောစကားကို ဘာသာရေးလိုက် စားသော မြန်မာတိုင်း သိကြပါသည်။

ကျွန်မတို့၏ပတ်ဝန်းကျင်နှင့် ဆရာကြီးဇီဝကမိန့်သကဲ့သို့ ဆေးဖက်ဝင်အပင်တွေ ရှိကြပါသည်။ လေ့လာ မှတ်သားပြီး အသုံးတည့်စေရန် ဖန်တီးသုံးစွဲသင့်ပါသည်။ တရားဝင်တတ်ကျွမ်းသော သမား တော်ကြီးများဆီ မရောက်မီမိမိတို့ မရိုးဖလာဆေးများကို အသုံးပြုပြီးရောဂါမတိုးရန် ထိန်းထားနိုင်ပါ သည်။

ယနေ့ကာလကဲ့သို့ မိုးသည်ရေလျှံသော ကာလတို့တွင် အအေးမိခြင်းဖြစ်တတ်ရာ၊ ဤမှစကျန်းမာရေး ညံ့တတ်ပါ သောကြောင့် မိမိအိမ်တွင်ရှိသည့်ချင်း၊ ကွမ်းရွက်၊ ထန်းလျက်တို့ဖြင့် ရောဂါတာမရှည်ရန် ကုသသင့်ပါသည်။ ကျွန်မ တို့ကတော့ တကယ်ပျောက်ခဲ့သည့်အတွက် ဆေးဆရာ ဦးကျော်လှိုင်ဦးက လည်းပြောသည့်အတွက် ဤအိမ်တွင်း ဆေးကို ယုံပါသည်။ ကျပ်ခိုးကတော့ လျှပ်စစ်၊ ဂက်စ်နှင့် ထမင်း ချက်သည့်ခေတ်တွင် ရနိုင်မည်မထင်၍ မသုံးနိုင် လျှင်လည်း သာမန်အအေးမိ အဖျားလောက်တော့ ပျောက်နိုင်ပါသည်ဟူ၍ ဖော်ပြလိုက်ရပါသည်။


စံတော်ချိန်သတင်းစာ
သြဂုတ် (၁၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...