သူ့အရွယ်နှင့် သူ့အလှ

စာရေးသူသည် မိဘများရှိရာ မင်္ဂလာဒုံသို့ တစ်လတစ်ခါ ဆိုသလို ကျောင်း ပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင် သွားရောက်လေ့ ရှိပါသည်။ သွားတိုင်းမှာလည်း စံပြရုပ်ရှင်ရုံရှေ့မှ အမှတ် (၅၁) လိုင်းကားကို စီးနေကျ ဖြစ်သည်။

မနက်ပိုင်း ၉ နာရီကျော်ကျော်ခန့် စာရေးသူ ကားပေါ်တက်တော့ ထိုင်ခုံတွေ အကုန်ပြည့်နေသည်မို့ မတ်တပ် ရပ်နေသည့်ရှေ့မှ ထိုင်ခုံတွင် စာရေးသူ၏ အသက်ထက် အနည်းငယ်ကြီးပုံရသော လေးဆယ် ကျော် ငါးဆယ်ခန့် မိန်းမကြီးနှစ်ယောက်မှာ လူအများ သတိထားမိလောက် အောင် ပြင်ဆင်ခြယ်သထား သည်ကိုတွေ့ရပြီး စကားတွေဖောင်ဖွဲ့ ပြောကာ မကြာခဏ (အသံထွက်အောင်) ရယ်မောနေ ပါသည်။ မြေနီကုန်း မှတ်တိုင်ရောက်တော့ လူငယ်လေး သုံးလေးယောက် တက် လာပြီး စာရေးသူ၏နောက်တွင် ရပ်ပါသည်။ ကားမှာ ပုံမှန် ဆက်လက် မောင်းနေပါသည်။

“ဟေ့-မင်းတို့ကို ပြောရအုံးမယ်။ ရှေ့ဆောင် ရုပ်ရှင်ရုံက ရုပ်ရှင် အရမ်းကောင်းတယ်။ ဒီတစ်ပတ်အားရက် ငါတို့ ဒိတ်လုပ်ပြီး ဒိုးရအောင်”

“ဟုတ်လား၊ ကောင်းတယ်။ ဒိုးမယ်ကွာ။ ဟိုကောင်တွေကိုလည်း ဝင်ခေါ် ရအုံးမယ်။ အဲဒါမှ ငါတို့အဖွဲ့ မိုက်မှာ။ ပြီးရင်ပြည်သူ့ဥယျာဉ် ပတ်မယ်။ သီးချင်း သွားဟစ်မယ်ကွာ”

ခေတ်လူငယ် များပေမို့ လွတ်လပ်စွာ ပြောဆိုနေကြပေသည်။ ထို့နောက် စကားသံ ခဏတိတ်သွားကာ အနည်းငယ်နှိမ့်ချ၍ ပြောသံ ထွက်လာပါသည်။

“ဟေ့ကောင်၊ ဟိုရှေ့က မိန်းမကြီးနှစ်ယောက်ကို ကြည့်စမ်း”

“ဘယ်မှာလဲ”

“ဟိုမှာကွာ”

အသံသည် ခဏတိတ် သွားပြန်သည်။ ပြီးမှ-

“အသက်က . . . . စောင့်နေပြီ။ ဝတ်ထားတာကိုက . . . . .”

“အဲဒါပေါ့ အသက်ကြီးမှ . . . . ပိုးထိုးနေတာ”

စကားသံများ ကြမ်းလာပြီမို့ ကျွန်မသည် ခတ်ဆတ်ဆတ် လှမ်းကြည့်လိုက်ပါသည်။ ထိုပြောနေသူဟုထင် ရသော ကောင်လေးနှစ်ယောက် ကျွန်မကိုကြည့်ကာ ကိုယ်ရှိန် သတ်သွားပါသည်။ ထို့နောက်မှာတော့ စကားသံ ထွက်ပေါ် မလာတော့ပါချေ။ ပြည်လမ်းရောက်တော့ ဆင်းသွားကြပါသည်။ အခုမှရှေ့မှထိုင် နေသော အမျိုးသမီးကြီး နှစ်ယောက်ကို သေချာကြည့်မိပါသည်။ ကာလာစုံခြယ်ထားသော မျက်နှာ အောက်မှ ဖုံးဖိမရပါသော ဇရာ၏ အရေးအကြောင်းအချို့မှာ ပေါ်နေပါသည်။ အတွင်းခံကြိုးသာသာ ကြိုးတစ်ချောင်းတည်း အင်္ကျီလည်ဟိုက်မှာ အတော်ပင်ဟိုက်၍ (အပေါ်ပိုင်း) မှတစ်ဝက်လောက် မြင် တွေ့နေရပါသည်။ အောက်တွင် ထဘီစကတ်မှာလည်း ကျပ်ထုပ်ပြီး ခြေသလုံးတစ်ဝက်သာ ဖုံးပါသည်။ နောက်တစ်ဦးမှာလည်း ထိုနည်းတူပင်။ အပေါ်ပိုင်းအင်္ကျီမှာ ကြပ်ထုပ်နေ၍ အတစ်လိုက်အရစ် လိုက်အောက်က ဘောင်းဘီတို ကျပ်ကျပ်ဝတ်ထားသည်။

ကျွန်မ မသိမသာ သပ်ပြင်းချမိပါသည်။ သြော်-ပြောတဲ့သူ လွန်သည်ဟု ထက်မိသော ကျွန်မ ခုမှသဘော ပေါက်တော့သည်။ ပြောတဲ့သူတွေ ပြောစရာဖြစ်အောင် နေတဲ့သူတွေလည်း ရှိကြပါလားဟု နားလည်မိသည်။ ခေတ်မီ၊ ခေတ်ဆန်ပြီး လွတ်လပ်စွာ ဝတ်စားနေထိုင်တာကို အပြစ်မပြောချင်ပေမယ့် ကျွန်မတို့ နိုင်ငံတွင် အသက်အရွယ်အလိုက် ကွာခြားမှုရှိပါသည်။

ဤကဲ့သို့သော ဝတ်စားဆင်ယင်မှုမျိုးများဖြင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးများ ဝတ်စားဆင်ယင်ပါက ကိုယ့်မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည်မှာ မှန်သော်ငြားလည်း ခုနကပြောသကဲ့သို့ သူတစ်ပါး၏ နင့်သီးစွာ ပြောဆိုမှုကိုတော့ ခံရချင်မှခံရပါလိမ့်မည်။ အသက်အရွယ်ငယ်မှုကြောင့် ခေတ်မီတာ၊ ခေတ်ဆန်တာကို နားလည် လို့ရပါသည်။

တိုင်းတစ်ပါး (နိုင်ငံခြား) တိုင်းပြည်များမှာတော့ မည်သည့်အသက်အရွယ်ပဲဖြစ်ဖြစ်၊ ဝတ်ချင်သလိုဝတ် စားလို့ ရပေမယ့် ကျွန်မတို့တိုင်းပြည်တွင် ဤသို့လိုက်တုပ၍ မဝတ်သင့်ပေ။ မရဘူးလားဟုမေးပါက ရတော့ရပါသည်။

သိုပေမယ့် မသင့်တော်ပေ။ ဤသည်ကို သဘောပေါက်နားမလည်ဘဲနှင့် ဇွတ်အတင်းတုပ၍ လိုက်လုပ်ပါက ခုနကလို သူတစ်ပါး၏အထင်သေးမှု၊ အရိုအသေတန်မှုနှင့် မလေးစားမှုတို့ကို ခံရမည်ဖြစ်ပေသည်။

စင်စစ်အားဖြင့် မြန်မာပြည်တွင်နေသော မြန်မာမိန်းကလေး တစ်ယောက်မှာ သူ့အရွယ်နှင့်သူ့အလှ ဖြစ်အောင် ဝတ်စား ဆင်ယင်နေထိုင်တတ်ပါမှ တင့်တယ်၍ ကျက်သရေရှိပေသည်။ အရွယ်လတ်ပိုင်းသို့ ရောက်လာသူများ သည် အရွယ်ငယ် (ဆယ်ကျော်သက်) အရွယ်ကဲ့သို့ ဝတ်စားဆင်ယင်မှုမျိုး မဖြစ် သင့်သလို အသက်အရွယ် ကြီးရင့်၍ တရားဘာဝနာဖြင့် တည်ငြိမ်အေးဆေးစွာ နေရမည့်အချိန်မှာလည်း လူလတ်အရွယ်ကဲ့သို့ ပေါ့ပြက်ပြက် နေထိုင်သွားလာ၍ သင့်တော်မည်မဟုတ်ပေ။

ဤကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်မှုသည် မိမိ၏ ဣနြေ္ဒ၊ သိက္ခာနှင့် လူအများ၏ လေးစားမှုတို့ဖြင့်ပါ သက်ဆိုင်၍ ဖြစ်ပါသည်။ အမှန်က အရမ်းခေတ်ရှေ့ပြေးအောင်ဝတ်နိုင်မှ လှပတာမဟုတ်ပါဘူး။ သူ့အသက်အရွယ်အလိုက် တင့်တယ်စွာ ဝတ်စားဆင်ယင်ရင်ဖြင့် မြင်ရသူတိုင်း စိတ်ကြည်နူး၍ အလှစစ်ဖြင့် လှပကြသည်ပဲ ဖြစ်ပါသည်။ ကျွန်မ တစ်ယောက်တည်း စဉ်းစားခန်းဖွင့်ပြီး အတွေးနယ်ချဲ့နေစဉ်မှာပင် မိန်းမကြီးနှစ်ယောက် လှည်းတန်း မှတ်တိုင်တွင် ဆင်းသွား၍ နေရာရပါတော့သည်။ ဆင်းရန်နေရာမှထ ချိန်တွင်လည်း ကျပ်သတ်နေသည့်အင်္ကျီကို အတင်းဆွဲချ၍ ပုံမပျက်ရန်ပြင်ဆင်နေသည်ကို တွေ့ရပါသည်။

အင်း-ဥပဓိရုပ်များလည်း ကောင်းကြသူများမို့ ထိုအဝတ်အစားများနေရာတွင် သူတို့အသက်အရွယ်နှင့် သင့်တင့် လိုက်ဖက်သော မြန်မာထဘီနှင့်တွဲကာ လုံလုံခြုံခြုနှင့် သက်တောင့်သက်သာရှိသော အင်္ကျီ လှလှကလေးများ ဝတ်ဆင်ထားပါက ဒီထက်မကလှပ၍ ကျက်သရေရှိကြပေမည်ဟု စိတ်ကထင်မိပါသည်။ ဘာကြောင့်များ ဒီလို စိတ်ကျဉ်းကျပ်၍ အနေရအထိုင်ရခက်သော၊ ပူလောင်၍ လူအများပြောဆို အထင်သေးစရာဖြစ်သော လှပမှုကို ရွေးချယ်ရတာပါလိမ့်ဟု စဉ်းစားမိပါသည်။

လူရယ်လို့ဖြစ်တည်ပေါက်ဖွားလာကတည်းက ကိုယ်တစ်ဦးတည်း၊ တစ်အိမ်တည်းတွင်နေထိုင်ပြီး ကိုယ့်ကိုကိုယ် သာ ကြည့်ရှုနေကြရသည် မဟုတ်ပေ။

မိမိတစ်ဦးတည်းနေလျှင် ဘယ်လိုနေနေ သင့်တော်ပေမယ့် အပြင်လောကနှင့် ဆက်နွှယ်ကျင်လည် သွားလာရာ၌ မိမိ၏အနေအထိုင် ဝတ်စားဆင်ယင်မှုတို့သည် သူတစ်ပါးနှင့် တိုက်ရိုက်သက်ဆိုင်ပေ သည်။ ထို့ကြောင့်ပင် သူတစ်ပါးကြည့်ရှု၍ တင့်တယ်အောင်၊ ပြောဆိုစရာမဖြစ်အောင်၊ မျက်စိပသာဒ ဖြစ်အောင် ဝတ်စားဆင်ယင် နေထိုင်တတ်ကြဖို့ လိုပါသည်။

ထို့ကြောင့် မြန်မပြည်တွင်နေထိုင်ကြကုန်သော မြန်မာအမျိုးသမီးများသည် ‘ယဉ်ကျေးသိမ်မွေ့ မြန်မာ ဓလေ့’ ဟူသော ဆောင်ပုဒ်အတိုင်း ‘သူ့အရွယ်နှင့် သူ့အလှ’ ကိုက်ညီအောင်ဝတ်စားဆင်ယင် တတ်ကြ စေရန် ဆန္ဒပြုရင်းဖြင့်။ ။ 


ကြေးမုံသတင်းစာ
သြဂုတ် (၂၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...