တိုဟူးနွေး (၅ ပွဲ)

ခေါက်ဆွဲအခြောက် rice stick ကိုသုံးလျှင် medium size သုံးပါက တိုဟူးနွေးဖြင့် ပိုလိုက်ဖက်ပါတယ်။ (medium size ခေါက်ဆွဲကို ဓါတ်ပုံ မရိုက်လိုက်ရလို့ small size ကိုပဲ နမူနာအနေဖြင့် ကြည့်ရအောင် ပုံတင် ပေးထားတာပါ။)

ခေါက်ဆွဲခြောက်ကို အထုပ်ပါ အညွှန်းအတိုင်း ပြုတ် ထားပါ။ (သို့မဟုတ်)

ခေါက်ဆွဲဖတ်များကို မပြုတ်ပဲ ၅ နာရီခန့် ရေစိမ်ထားပြီး စားခါနီးမှ လိုအပ်သလောက်ယူကာ ရေနွေးဆူဆူထဲ ၁ မိနစ်ခန့် (သို့) ပူနေသော တိုဟူးနွေးထဲ ထည့်ပြုတ်ပေးပါ။

ငရုတ်သီးဆီချက်အတွက် အတော်လေးပူနေသော ဆီ (1/4 cup(60 ml)) ထဲ ငရုတ်သီးအကြမ်းမှုန့် (ထမင်းစား ဇွန်း ၂ ဇွန်း) ထည့်ကာ အနည်းငယ်မွှေပေးပြီး မီးဖိုမှချပါ။

***... နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် ချက်ရန် လိုအပ်တာလေးတွေ…

1. ဆီ – 3/4 cup (180 ml)
2. ချောက်ကော (အမည်းရောင် ဖာလာစေ့ (black cardamom)) – ၅ ခု
3. ပါးကော (နာနတ်ပွင့် (star anise)) – ၅ ပွင့်
4. နှမ်းဖြူ အစိမ်း – ထမင်းစားဇွန်း ၅ ဇွန်း

အတော်လေးပူသော ဆီ ထဲ ချောက်ကော ၊ ပါးကော၊ နှမ်းဖြူ အစိမ်း တို့ကို ထည့်ကာ စက္ကန့်အနည်းငယ် မွှေကြော်ပြီး နှမ်းများ ရွှေဝါရောင် စပြောင်းလာသည်နှင့် မီးဖိုမှချကာ အကျက်မလွန်အောင် ဆက်မွှေပေးပြီးလျှင် အသုံးပြုရန် အသင့်ဖြစ်ပါပြီ။

***... ဝက်သား (သို့) ကြက်သားဟင်း ချက်ရန် လိုအပ်တာလေးတွေ…

1. ဆီ – 2/3 cup (160 ml)
2. ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – 1 1/4 cups (310 ml)
3. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
4. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
5. chicken powder – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
6. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
7. လက်ဆစ်အရွယ်ခန့် အတုံးလေးများလှီးထားသော ဝက်အသား (သို့) ကြက်သား – 350 g (၂၃ ကျပ်သားခန့်)
8. ရေနွေး – 1/2 cup (125 ml)

ဆီသတ်ထားသော ကြက်သွန်နီ ရွှေဝါညိုရောင် ပြောင်းလာလျှင် အရောင်တင်မှုန့် နှင့် နနွင်းမှုန့် ထည့်ကာ စက္ကန့် အနည်းငယ်မွှေကြော်ပါ။

ပြီးလျှင် chicken powder၊ ဆားတို့ဖြင့် နယ်ထားသော ဝက်သားထည့်ပြီး အသားထဲမှ ရေခြောက်အောင် မွှေကြော်ပေးပါ။

ထို့နောက် ရေနွေးထည့်ကာ အိုးအဖုံး ဖုံး၍ တည်ထားပါ။ (ကြက်သားဖြင့်ချက်ပါက ကျက်လွယ်၊ နူးလွယ်၍ လိုအပ်မှ ရေထည့်ပါ။)

အသားနူးပြီး ဆီပြန်လာလျှင် ဟင်းလေး အသင့်ဖြစ်ပါပြီ။

***... တိုဟူးနွေး ကျိုရန် လိုအပ်တာလေးတွေ…

1. ရေ – 5 cups (1250 ml)
2. ကုလားပဲအစိမ်းမှုန့် (သို့) စားတော်ပဲမှုန့် – 1 cup (250 ml)
3. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
4. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်

ကုလားပဲအစိမ်းမှုန့် ကို ကျိုမည့်ရေဖြင့် ပျော်အောင် ဖျော်ပြီး အနည်းဆုံး ၅ နာရီခန့် စိမ်ထားပါ။ (လက်မွှေတံ (manual whisk) ကို သုံးပြီးဖျော်လျှင် လုံးဝအဖတ်မကျန်သလို၊ အကြေလည်းမြန်ပါတယ်။)

ကျိုခါနီးလျှင် အနည်ထိုင်နေသည်များကို ပြန်မွှေပြီးမှ နနွင်းမှုန့် နှင့် ဆားထည့်၍ မီးဖိုပေါ်တင်ကာ medium heat ဖြင့် မိနစ် ၂၀ ခန့် (သို့) ပဲစိမ်းနံ့ပျောက်အောင် မွှေကျိုပေးပါ။

ပဲစိမ်းနံ့ပျောက်ကာ အပျစ်၊ အကျဲ မိမိစိတ်ကြိုက် အနေအထားရလျှင် ဆက်ပြီးနွေးနေစေရန် အနိမ့်ဆုံးအပူရှိန်ဖြင့် ဆက်တည်ထားပါ။ (အိုးအောက်ခြေမကပ်အောင် သတိထားကာ၊ အရမ်းပျစ်သွားလျှင် ရေနွေးအနည်းငယ်ထည့်ပြီး ရောမွှေပေးနိုင်ပါသည်။)

***... တိုဟူးနွေး တစ်ပွဲစာ ပြင်ရန်လိုအပ်တာလေးတွေ…

1. ဆန်စီးခေါက်ဆွဲဖတ် (သို့) ရှမ်းခေါက်ဆွဲဖတ် – 1 1/4 cups (310 ml) ခန့်
2. ရွှေပဲရွက် (snow pea leaves) – လက်တစ်ဆုပ်ခန့်
3. တိုဟူးနွေး – 1/2 cup (125 ml)
4. ဝက်သားဟင်း နှင့် ဟင်းထဲမှ ဆီရည် – ထမင်းစားဇွန်း ၃ ဇွန်းခန့်
5. မုန်ညင်းချဉ် – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
6. ပဲငံပြာရည် အပျစ် – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
7. ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
8. နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် – ထမင်းစားဇွန်း ၁ ဇွန်း
9. မြေပဲလှော်ထောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
10. ငရုတ်သီးဆီချက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
11. ပါးပါးလှီးထားသော ကြက်သွန်ပင် – အနည်းငယ်
12. အီကြာကွေး – ကြိုက်နှစ်သက်သလောက်

တိုဟူးနွေး (သို့) ရေနွေးထဲ ထည့်ပြုတ်ထားသည့် ခေါက်ဆွဲ နှင့် ရွှေပဲရွက်ထဲ တိုဟူးနွေး၊ အသားဟင်း နှင့် ကျန်ပါဝင်ပစ္စည်းအားလုံးကို အစီအစဉ်အတိုင်းထည့်ကာ နယ်ဖတ်ပြီးလျှင် အရသာရှိလှသော တိုဟူးနွေးလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook









ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...