အိမ်ရှင်မတို့ ချစ်သောမှို
Written by မြန်ဂုဏ်ဆောင်
မြန်မာပြည် နေရာဒေသများစွာ၌ အသွင်သဏ္ဌာန် မျိုးစုံဖြင့် မှိုများ ပေါက်ရောက်ကြသည်။ မှိုကိုအရောင် အသွေး၊ ပုံသဏ္ဌာန်အရ မှိုအမျိုးအစားကို သတ်မှတ် ခေါ်ဝေါ်ကြသည်။ အိမ်ရှင်မများဈေးမှ နေ့စဉ်ဝယ် ယူစား သုံးကြပြီး လူသားနှင့် မကင်းသော အစာအာဟာရ အဖြစ် အဘိဓာန်ကျမ်း၊ အရှင်နာဂသိန်ပုံပြ ဆေး အဘိဓာန်တို့၌ မီးမောင်းထိုးပြထားသည်။
အချို့မှိုများမှာ ကောင်းကျိုးထက် ဆိုးကျိုးကို သာဖြစ်စေသည်။ မှိုတွင် အကျိုးပြုမှို၊ အပြစ်ပြုသောမှိုဟူ ၍ကွဲပြားမှုများ ရှိသည်။ မြန်မာဆိုရိုးစကားတွင် မှိုရသောမျက်နှာဟူသော ဆိုရိုးစကားရှိခဲ့သည်။ မှိုဟူ သောဝေါဟာရမှာ ကျေးလက်ဒေသအထိ ရင်းနှီးကျွမ်းဝင်ပြီးသော ဝေါဟာရဖြစ်သည်။ ဆေးကျမ်းဝေါ ဟာရတွင် အဟိဆတြဟု ဆိုသည်။
အဟိ = မြွေ၊ ဆကြ = ထီး။ မြွေထီးဟူ၍ အနက်ဆိုနိုင်သည်။ မှိုကိုမြွေများက နှစ်သက်ကြသည်။ မှို၏ အရည်ကို မြွေများ စုပ်ယူကြသည်။ ကျေးလက်တွင်ပေါက်သော မှိုပွင့်များကြား သို့မဟုတ် မှိုများ အောက်တွင်မြွေများ ရှိတတ် သည်။ ကျေးလက်ဒေသတွင် မှိုပွင့်သွားကောက်ကြသူများ၊ မှိုရှာကြသူများ မှိုပေါက်ရာသီဝယ် ခြေချင်းလိမ်နေကြ သည်။ မှိုရှာထွက် သူများအနေဖြင့် မှိုကိုတွေ့လျှင် အမြစ်ပါတူး၍ မယူရပါ။ အပေါ်မှဖြတ်ယူကြရသည်။ မှိုအမြစ်ရင်း ကျန်ရစ်ခဲ့သော် နောင်နှစ်စဉ် ထိုနေရာကိုမှတ်၍ မှိုပေါ်ချိန်ရောက်တိုင်း သွားကောက်နိုင်သည်။
မှိုသည် အအေးသက်သက်၊ အပူသက်သက်အချိန်၌ မပေါက်။ ဥတုရာသီပြိုင်သောအခါ၌ ပေါက် ရောက်တတ် သည်။ နွေရာသီတစ်နွေလုံးပူပြီး မိုးဦးကျခါစအချိန်များတွင် ပေါက်သည်။ တစ်နွေလုံးပူ ပြင်း၍ မြေတွင်ငုပ်နေသော အပူများသည်မိုးတစ်ဖြိုက်၊ နှစ်ဖြိုက်ရွာချလိုက်သည်နှင့် မြေပြင်သို့မှိုပွင့်များ ပြုထွက်လာစေသည်။ ရာသီဥတု အခိုးလေကြောင့် မှိုများမြေအတွင်းမှတွန်းကန်၍ ထွက်ပေါ်လာရခြင်း ဖြစ်သည်။
ရေသည်နိမ့်ရာသို့ စီးဆင်းသည်။ မီးသည်မြင့်ရာသို့လောင်ကျွမ်းသည်။ မှိုစားပြီးတော့အခါ အထက်သို့ သွေးရောက် တတ်သည်။ ထို့ကြောင့်မှိုကို တက်စာဟူ၍ ဆိုကြသည်။
မြန်မာ့ဆေးကျမ်းအဆိုအရ ဗီဇမှ ဥတုဇတောင်ဝှေး၊ ဒေါင်းခြေ၊ အင်ဥ၊ ကိုင်းဥနှင့် မှိုတို့သည်တက်စာ များဖြစ်ကြ သည်။ အမျိုးသမီးများ မီးဖွားပြီးနောက် သွေးဟောင်းများသက်ဆင်းနေချိန်၌ တက်စာကို ရှောင်ကြရသည်။ သမားတော်ကြီးများက မှိုတစ်နှစ်၊ မျှစ်သုံးလမစားကြရဟူ၍ သတ်မှတ်ပြောဆိုကြ သည်။ ရောဂါဓာတ်ခံရှိသူများ၊ မျက်စိရောဂါ၊ ဦးခေါင်းကိုက်ခဲရောဂါ၊ သွေးအားနည်းရောဂါ ရှိသူများမှိုကို ရှောင်ကြရမည်။ မှိုအမျိုးပေါင်း လေးသောင်းခန့်တွင် လူသားကိုအကျိုးပြု၍ စားသင့်သောမှိုက အရေအ တွက်နည်းသည်။ စားသင့်သော မှိုများမှာမြက်ကြားမှို၊ တောင်ပို့မှို၊ ခြေတိုမှို၊ ခြေရှည်မှို၊ ဖက်သွတ်မှို၊ မှို ဖြူလေး၊ မှိုဦးနက်၊ ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုကြက်တောင်၊ ဆန်ကွဲမှို၊ မြေပဲမှို၊ ကောက်ရိုးမှို၊ ဝါးမှို၊ အင်မှို၊ ဆင်ခြေသဲမှို၊ သရက်မှို၊ မြေခွဲမှို၊ အပင်ခွဲမှိုတို့ဖြစ် သည်။ ၎င်းမှိုများကို ဥတုဇ၏အကူအညီကိုရယူ ၍ပေါက်သော မှိုဖြစ်သောကြောင့် စားရသည်မှာအရသာပိုရှိသည်။ ချိုသည်။ စိမ့်သည်။
မှိုကို မြေပထဝီအရ အလိုလျောက်ပေါက်သောမှို၊ ကိတ္တိမစိုက်ပျိုးမှိုဟူ၍ နှစ်မျိုးသရုပ်ခွဲနိုင်သည်။ အလို အလျောက် ပေါက်သော မှိုကအတက်များသည်။ သွေးကိုတက်စေသည်။ အခိုးကိုတက်စေသည်။ ကိတ္တိမစိုက်ပျိုးသော မှိုကားမျိုးစေ့ကို ရယူ၍ စိုက်ပျိုးသောမှိုမျိုးဖြစ်သည်။ ကောက်ရိုးမှိုကို စိုက်ပျိုးမှို အဖြစ်လူသိများသည်။ အပင်ကိုစွဲ၍ဖြစ် သော မှိုမျိုးဖြစ်သည်။ ပင်သေမှို၊ ပင်ရှင်မှိုနှစ်မျိုးလည်း လူကြိုက် များသည်။ သစ်ပင်သေပြီးနောက် ဆွေးမြေ့ရာမှ မှိုများပေါက်လာရသည်။ အချို့မှိုက အပင်ရှင်လျက် တွယ်ကပ်ပြီး ပေါက်ကြသည်။
နေ့စဉ်လူမြင်ကွင်း၌ သိသာထင်ရှားနေကြသော မှိုများတွင်ပင်အဆိပ်သင့်သော မှိုများကို တွေ့ကြရသည်။ မှိုများ ကိုစားသင့်၊ မစားသင့်ကို သုံးသပ်စမ်းသပ်ရန် ခက်ခဲသည်။ မှိုဆိပ်က တခဏချင်းတက်၍ အသက်ကို အန္တရာယ်ပြု စေသည်။ မှိုကိုစားရန်သင့်၊ မသင့်ခွဲခြား နည်းများစွာတွင် အောက်ပါနည်း အတိုင်း စမ်းသပ်သင့်ပါသည်။
(က) မှိုကို လက်ဖြင့်ချေဖျက်ကြည့် အနီရောင် အရည်များထွက်ပါက အဆိပ်ရှိသည်။ မစားသင့်။
(ခ) မှိုအရိုးကို ဓားဖြင့်ဖြတ်ရာ ညိုပြာသွားသော် အဆိပ်ရှိသည်။ မစားသင့်။
(ဂ) မှိုပေါ်ဆားအနည်းငယ် ဖြူးကြည့်ပါက ညိုမဲသွားလျှင် အဆိပ်ရှိသည်။ မစားသင့်။
(ဃ) မှိုကိုဆားရည်တွင် စိမ်ကြည့်ပါက အသွေးအရောင်ပြောင်းပြီး အညိုရောင်၊ အပြာရောင်၊ အနက်ရောင်၊ ပြောင်းသွားပါက အဆိပ်ရှိသည်။ မစားသင့်။
(င) မှိုအရိုးတံကို လက်ဖြင့်ချေက ကြေမွလျက်ပေါက်သော မှို၌ အဆိပ်ရှိသည်။ မစားသင့်။
(စ) မှိုအရင်း၌ ခြေကျင်းကဲ့သို့ ပတ်ခွေလျက် ပေါက်သောမှို၌ အဆိပ်ရှိသည်။ မစားသင့်။
မှိုအဆိပ်မိသောသူကို မှိုတောက်သည်ဟူ၍ ကျေးလက်ဒေသက ပြောဆိုကြသည်။ မှိုတောက်၍ မှိုဆိပ် မိပါက မူးဝေခြင်း၊ တံတွေးများလာခြင်း၊ အော့အန်ခြင်း၊ ဆီးချုပ်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ သတိလစ် ခြင်း၊ တက်ခြင်း၊ ချွေးများထွက်ခြင်းစသည့် လက္ခဏာများပြသည်။
ဥတုဇအကူအညီ မြေဆီသြဇာအကူအညီဖြင့် ပေါက်ရောက်သောမှိုသည် လွန်စွာတက်သည်။ အတက် မခံနိုင် သူများ မှိုတောက်သည့်ဒဏ်ကို ပြင်းထန်စွာ ခံစားကြရသည်။ မှိုကိုချေဖျက်ခြင်းတွင် မီးဖြင့်ဖျက်ခြင်း၊ ရေဖြင့်ဖျက်ခြင်း ဟူ၍ နှစ်မျိုးရှိသည်။ မှိုတွင်ရှိသော အခိုးများတက်အောင် ဖန်တီးပေးသည့် ရေ အုပ်စု၊ အခိုးအုပ်စုများရှိကြသည်။ လေကိုရေနိုင်သောကြောင့် ရေအုပ်စုဝင်အစာဖြစ်သော ကန်စွန်း ရွက်ဖြင့် ရောနှော၍ ချက်ပြုတ်စားသောက်ပါက အဆိပ်အတောက်ပြေပျောက်စေနိုင်သည်။ မှိုတောက်လျှင် အစပ်နှင့်ပြေပျောက်နိုင်သည်။ ကန်စွန်းရွက်ကို အရည် ညှစ်၍ တိုက်နိုင်သည်။ ကန်စွန်းရွက်နှင့် ထန်းလျက်ပြုတ်၍လည်း သောက်ခိုင်းနိုင်သည်။ မှိုဆိပ်သင့် (မှိုတောက်) ပါက လူနာကို အန်ဆေး တိုက်ကြသည်။ သမင်ဇာသီး၊ မရိုးခေါက် တစ်မတ်သားခန့် သွေးတိုက်ရသည်။ ကျီးအာမြစ်ကို ဆားနှင့် သွေး၍ လျှာကိုပွတ်ပေးပါက တခဏချင်းအန်လာသည်။ ကနခိုကိုသွေးတိုက်ပါက အန်လည်းအန်၊ သွေးတိုးလည်း သက်သာပြီး အဆိပ်ကိုပြေပျောက်စေသည်။
မှိုသည်သဘာဝအလျောက် မြေကြီးပေါ်ပေါက်သော မှိုရှိသကဲ့သို့ မြေ၌မပေါ်ဘဲ ဥသောမှိုလည်းရှိ သည်။ မှိုဥများမှာ ၃-၄ လုံးမှ ၁၅ လုံး-အလုံး ၂၀ ထိစုကျနေသည်။ မှိုဥ၏အသားကို လှီးကြည့်ပါက ညက်ညောသည်။ အရသာချို သည်။ မှိုဥပေါက်သော မြေကြွင်းကိုမှတ်သားထားပြီး နေ့ရက်အလိုက် တစ်နှစ်တစ်ကြိမ်ပြန်၍ကြည့်က မှိုဥကိုရနိုင် သည်။ မှိုဥမြေတွင်ဥနေသောနေရာကို အမှတ်အသားပြု၍ မြေကိုပုတ်ခတ်ကြည့်ပါက အုံသံပါသည်။ လှိုင်သံပြု၏။ ထိုနေရာမှာ မှိုဥရှိနေကြောင်း အမှတ်သ င်္ကေတပြု့သည်။
မှိုဥနှင့် မှိုတို့သည် ဥတုဘောဇနကျမ်း၊ အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်အရ အေး၏။ ဒေါသသုံးပါးကို ဖြစ်စေ၏။ ကြေပျက်ခဲစေ၏။ အန်ခြင်း၊ ဝမ်းသက်ခြင်းတို့နှင့် အဖျားရောဂါကို ဖြစ်ပွားစေသည်။ မှိုကို နှုတ်ယူပါက ကျန်ရစ်သော အမြစ်အတက်သည် နောင်တစ်နှစ်တွင် မှိုကိုထပ်မံပေါက်စေနိုင်စွမ်းသည်။ မှိုသည်အေး၏။ ချို၏။ ခွန်အားကိုဖြစ် စေ၏။ သလိပ်ကိုပြုတတ်၏။ အာယုဗွေဒနိဃဏ္ဍုကျမ်းအဆိုအရ သိပ္ပံနည်းကျကျ စမ်းသပ်ကြည့်ရာ မှိုတွင် ရီဗိုဖလေဗင် (Rifodlavin)၊ နီကိုတင်နစ် (Nicotinic)၊ ဖော လစ်အက်စစ် (Folicacid) ပါဝင်သောကြောင့် စားသုံး မှီဝဲပါက ပန်းနာရောဂါကို ပြေပျောက်စေနိုင်စွမ်း သည်။ အသိဉာဏ်ပိုမိုထက်မြက်စေရန် ဂလူတောနစ် အက်စစ် (Glutonic Acid) က အကျိုးပြုစေနိုင် စွမ်းသည်။ အဆိပ်ကိုအဆိပ်ဖြင့် ပြေပျောက်စေနိုင်စွမ်းသော သုတေသန ပြုချက်အရ အဆိပ်ရှိသော တောင်ကုန်း၌ပေါက်သည့် မှိုကွန်ချာ၌ရှိသောအဆိပ်ဖြင့် အဆိပ်သင့်နေသော လူနာအား ကုသနိုင်စွမ်းသည်။
ကျေးလက်ဒေသတွင် တောင်သူများက ကိုင်းပင်တောမှရသော ကိုင်းမှိုကိုကြိုးငယ်ဖြင့်သီ၍ ကျပ်ခိုးစင် တွင် အခြောက်လှန်းပြီး အဝင်မဆိုးစေရန် ထန်းလျက်၊ ပျားရည်တို့ဖြင့်တေ၍ ရင်သွေးငယ်ကို သန်ချ ဆေးအဖြစ် အသုံးပြုတိုက်ကျွေးကြသည်။ ပိတောက်မှိုက မီးယပ်သွေးတက်၊ အဆိပ်သင့်ရောဂါများကို ပြေပျောက်စေနိုင်စွမ်း သည်။ မှိုတစ်မျိုးသည် အသက်ဝင်နေသကဲ့သို့ အလင်းရောင်တစ်မျိုးက မှိုကိုပေး စွမ်းနေသည်။ ၎င်းမှိုသည် အမှောင်ထုကို ချေဖျက်၍ အလင်းပေးနိုင်စွမ်းသောကြောင့် မှိုစုန်းဟူ၍ လူသိများသည်။ မြန်မာဗိန္ဒောဆရာ သမားတော်များက ကျောက်မှိုကိုဆေးအဖြစ် အသုံးပြုကြသည်။ ပင် လယ်ကမ်းခြေကျောက်ဆောင်တွင်ရသော ရေထွက်မှိုသည် လိပ်ခေါင်းဆေး၊ ဆီးဆေး၊ အပူဒေါသကို ငြိမ်းစေသောအပူငြိမ်းဆေးဖော်ရာ၌ အသုံးပြုကြသည်။
ယင်းကြောင့် အိမ်ရှင်မများချစ်သော၊ ခံတွင်းမြိန်သောမှိုကို အဆိပ်သင့်နိုင်၊ မသင့်နိုင်စမ်းသပ်ပြီးမှသာ ချက်ပြုတ် စားသင့်သည်။
ကြေးမုံသတင်းစာ
သြဂုတ် (၂၅) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook