Early ejaculation (2) သုက်လွှတ်စောခြင်း (၂)



သုက်လွှတ်စောတာ ခံစားနေရသူ တကမ္ဘာမှာ ၁၆ နှစ်နဲ့ ၅၅ နှစ်ကြား ယောက်ျား အားလုံး ၄ဝ% ရှိနိုင်ပါသတဲ့။ တချို့က အင်္ဂါထိုးသွင်းမှု ဖြစ်ပြီးနောက် ၂ မိနစ်ထက် စောတာကိုမှ အဲဒါလို့ ခေါ်တယ်။ ဒါပေမဲ့ ၁၉၅ဝ မှာ သုတေသန လုပ်တော့ လူ ၄ ယောက်မှာ ၃ ယောက်က သူတို့ အတွေ့အကြုံပေါင်း တဝက် ကျော်ကျော်မှာ အဲလိုဖြစ်နေပါသတဲ့။ နောက်သုတေသနတခုမှာ လူ ၇၅% က ၁ဝ မိနစ် အတွင်း သုက်လွှတ်တယ်လို့ သိရတယ်။ အမေရိးကားမယ် လူပေါင်း ၂၅-၄ဝ% မှာ အဲဒီလို ဖြစ်နေကြပါတယ်။ "ကိုယ့်ဆက်ဆံဘက် အဖေါ်ထက် စောပြီးတာကိုသာ ခေါ်ပါမယ်" လို့ Masters and Johnson က ဆိုထားတယ်။ အဲလိုဖြစ်တာလဲ အကြိမ် ၁ဝဝ မှာ ၅ဝ ဖြစ်ပါသတဲ့။

လိင်အထူးကု အများစု ပြာတာက သုက်လွှတ်မှာကို ထိန်းထားနိုင်စွမ်းဟာ ယောက်ျား-မိန်းမ တဦးမဟုတ် တဦးမှာ လိင်စိတ်နဲ့ သာယာမှုကို အနှောင့်အယှက် ဖြစ်နေတာလို့ ဆိုပါတယ်။ အရေအတွက်ရော အရည်အသွေးပါ အကြုံးဝင်တယ်ပေါ့။ ရွှေဗမာတွေဆီကရတဲ့ မေးခွန်းတွေအရ မတိုင်ခင် တင်ကူးပြီး အစိုးရိမ်ကြီးနေတာကိုပါ ဒီအထဲ ထည့်ရမလို ဖြစ်နေတယ်။

အသက် ၁၈ နှစ်ကနေ ၅ဝ ကြား ယောက်ျားတွေမှာ အမျိုးသမီး အင်္ဂါထဲမှာ သုက်မထွက်စေအာင် ထိန်းထားနိုင်တဲ့ အချိန်ဟာ ၆ မိနစ်ခွဲလို့ အရေအတွက်ပိုင်းအရ ပြောတယ်။ အရည်အသွေးကိုပါ ထည့်တွက်ရမှာပါ။ သုက်လွှတ်ချိန်က ၁ မိနစ်ခွဲသာရှိပေမဲ့ ကိုယ်တိုင်က ကျေနပ်ကြသလို၊ ၃ မိနစ်သမားတွေထဲမှာ ကိုယ့်ကိုယ်ကို မကျေနပ်သူတွေ ရှိတယ်။ ဒါမျိုးကိုသာ ဝေဒနာသည် အုပ်စုထဲ စာရင်းသွင်းပါတယ်။

ဘာလို့ အချိန်တိုရသလဲ စိတ်နဲ့ ဝန်းကျင်ကို အရင် ရိုးမယ်ဖွဲ့ရပါတယ်။ စိတ်ထဲမှာ လိင်ဆက်ဆံမှု ဖြစ်စဉ် နဲ့ စိတ်ယာယာမှု တို့ရဲ့ ဆက်စပ်မှုကို လျော့တွက်မိရင် ဖြစ်တတ်တယ်။ ဥပမာ ခဏခေတ္တ စိတ်ဓါတ်ကျနေချိန်၊ စိတ်ဖိစီးမှု ကဲနေချိန်၊ တကယ်မဖြစ်နိုင်လောက်တဲ့ စွမ်းဆောင်မှုကို စိတ်ကူးယဉ်တာ၊ အရင်ကလဲ လိင်စိတ် ဖိစီးခံရမှု ရှိခဲ့တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့တာတွေကြောင့် ဒီလိုဖြစ်လာစေနိုင်တယ်။ မျိုးရိုး လိုက်သလားဆိုတာ သံသယရှိတယ်။ လူနာတွေထဲက ၉၁% မှာ အမျိုးထဲမယ် သူ့လိုမျိုး တယောက်မက ရှိနေတယ်။

နှစ်ဦးနှစ်ဘက်ကြား လှုပ်ရှား ပြောင်းလဲနေတဲ့ သဘောကနေ လိင်ဆက်ဆံရေးကို အများကြီး သက်ရောက်စေပါတယ်။ ဒါ့ကြောင့် အဖေါ်နှစ်ယောက်သားကြား ဆက်သွယ်ရေး ချို့ယွင်းတာရှိနေရင်၊ ဆက်ဆံရေး ကျဲနေရင်၊ ရှင်းမရသေးတဲ့ အိပ်တွင်းရေး ပြဿနာ တစုံတရာ ရှိနေရင်၊ စိတ်လှုတ်ရှားမှုတွေရဲ့ပေါင်းစပ်မှုကို ထိခိုက်စေမယ်။ အာရုံပိုင်းကြောင့် ချို့ယွင်းတာလို့ ခေါ်တယ်။

လိင်စိတ် ဖြစ်လာအောင် နိုးဆွတဲ့အဆင့် (၁) က သိပ်ကဲလွန်တာဆိုလဲ ဒီလို ဖြစ်ပါသေးတယ်။ ၁၉၉၉ သုတေသန တခုအရ အမျိုးသမီးရဲ့ ရာသီစက်ဝန်းနဲ့ ဆက်စပ်မှု တစုံတရာရှိတာ တွေ့ရပါတယ်။ လလည်ရက်တွေမှာ အချိန်အတိုဆုံး ဖြစ်နေတယ်။ အမျိုးသမီးက အသက် ပိုကြီးနေရင် ရွယ်တူအတွဲတွေထက် အချိန်ပိုတိုတတ်တယ်။

သုက်လွှတ်ဖြစ်စဉ်မှာ (၂) ပိုင်းရှိတယ်။
(၁) ပဌမအဆင့်မှာ Ampullary vas deferens, Seminal vesicles နဲ့ Prostate gland သုက် ဖြစ်ပေါ်ရာနဲ့ သုက် ပို့ဆောင်ရာတွေကနေ ဆီးသွားပြွန်ရဲ့ အရင်းပိုင်းကို သုက်ရည်တွေ ရောက်လာတယ်။ (ဆင်ပသက်တစ် မိုတာ) အာရုံကြောတွေက အဆင့် ၁ ကို လုပ်ပေးတယ်။ (၂) ဒုတိယဆင့် ဆိုတာ ဆီးအိမ် လည်ပင်းနေရာက ပိတ်လိုက်ပြီး၊ Pelvic-perineal and Bulbospongiosus ကြွက်သားတွေကနေ စည်းချက်ကျကျ ညှစ်အား ဖြစ်လာပြီး၊ ဆီးသွားပြွန် တုံခါလာမယ်။ အပြင်ဆီးထွက်ပေါက်နေရာ အထိန်းက လျော့ပေးလာမယ်။ (ဆိုမက်တစ် နဲ့ မိုတာ နူရုန်း) အာရုံကြောတွေက ဒုတိယဆင့်ကို လုပ်ပေးကြတယ်။ ဦးနှောက်ထဲမှာ Nucleus paragigantocellularis နေရာက ဒီအရေးမှာ ထိန်းပေးပါတယ်။

ပြဿနာ (၃) မျိုးရှိတယ်။
(၁) Delayed ejaculation တော်တော်နဲ့ သုက်မလွှတ်တာ၊
(၂) Retrograde ejaculation သုက်နောက်ပြန်ထွက်တာ နဲ့
(၃) Inhibited orgasm in males အပြီးမသတ်နိုင်တာတွေက ခွဲခြားရမှာတွေ ဖြစ်တယ်။

၂ဝဝ၅ ခုမှာ အသက် ၁၉ ကနေ ၇၃ နှစ်အရွယ်၊ (ပျမ်းမျှ အသက် ၄ဝ နှစ်) ရှိတဲ့ လူပေါင်း ၄၉၁ ယောက်ကို စမ်းသပ်တယ်။ သူတို့က ၄ ပတ်အတွင်း လိင်ဆက်ဆံမှု အကြိမ်ပေါင်း ၄ဝဝဝ ဆောင်ရွက်ခဲ့ကြတယ်။ အတွဲ ၁ တွဲဟာ ၁ ပတ်မှာ ဂ ကြိမ် ပျမ်းမျှ ဆက်ဆံတယ်။
• ၁၄% သော ယောက်ျားတွေက ၂ဝဝ စက္ကန့်ထက် နဲတယ်။
• ၂၆% သော ယောက်ျားတွေက ၆ဝဝ စက္ကန့်၊
• ဝ့၅-၂့၅% သော ယောက်ျားတွေက ဝ့၉-၁့၃ မိနစ်။
• ၃ဝ စက္ကန့်ကနေ ၄၄ မိနစ်ကြာတယ်။ ပျမ်းမျှ ၅့၎ မိနစ်ရှိတယ်။ တူရကီမှာ ၃့၇ မိနစ်၊ ဗြိတိန်မှာ ၇့၆ မိနစ်။
• ပန်းအဖျား လှီးဖြတ်တာနဲ့ အဲလိုမလုပ်တာ ဘာမှ ကွာခြားတာ မတွေ့ရဘူး။
• (ကွန်ဒွမ်) သုံး-မသုံးမှာလဲ ကွာတာ မရှိဘူး။

ကုသတာမှာ -
• သာမန်ဆိုရင် တဖြေးဖြေး တိုးတက်လာစေအောင် သင်တန်းပေးမယ်၊ စိတ်အားပေးမယ်။ တခါဆက်ဆံပြီး နောက်ခါ ဆက်ဆံရင် အချိန်ပိုကြာတယ်။
• ထုံဆေး (ခရင်) လိမ်းတာလဲ တချို့အတွက် ကောင်းတယ်။ ဒါပေမဲ့ ထုံနေလို့ ခံစားမှု လျော့စေတယ်။
• Masters and Johnson ရဲ့နည်းတခုက Start and Stop technique ဆက်ဆံပါ၊ မပြီးခင်နားပါ ဆိုတာဖြစ်တယ်။
• Kegel exercises (ကီးဂယ်) လေ့ကျင့်ခန်းလုပ်တာလဲ အကျိုးရှိတယ်။ (ရေးထားတာ ရှိပါတယ်။)
• လိင်တံထဲ သွေးကြောကျယ်ဆေး ထိုးနည်း။ စမ်းတဲ့သူ ၇ဝ% အကျိုးရှိတယ် ဆိုပါတယ်။
• Serotonin (ဆီရိုတိုနင်) ခေါ်တဲ့ အာရုံသတင်းပို့ ဟော်မုန်းက ဒီနေရာမှာ အရေးပါတယ်။ သူ နည်းနေရင် သုက်လွှတ်မှာကို စောစေတယ်။ ဒါ့ကြောင့် (SSRI) ဆေး ပေးရင် အကျိုး များတာ လာတွေ့ရတယ်။ Dapoxetine (Priligy) ဆေးက (SSRI) အမျိုးအစား၊ အချိန်တို အကျိုးသက်ရောက်စေတယ်။ ဆေးကို ဝယ်လို့တော့ရနေပြီ။ တရားဝင်ဖြစ်လာဘို့ အဆင့် ၃ ရောက်နေပေမဲ့ တခြားနေရာတွေမှာ ဝယ်လို့ရနေပါပြီ။ Priligy 30 or 60 mg လိင်မဆက်ဆံမီ ၁-၃ နာရီအလိုမှာ ၁ လုံး သောက်ပါ။ အစာနဲ့ နီးနီး-ဝေးဝေး ရတယ်။ ၃ ဆ ကနေ ၄ ဆ ပိုကြာတယ်လို့ ဆိုပါတယ်။
• Prexil, VigRX Plus, PreJac, Enlast, Confido, Alpha7, Climax, StalliOn247, Generic Ambllis နဲ့ Xytomax ဆေးတွေက (ဟာဗယ်) ဆေးတွေ ဖြစ်ကြတယ်။ Prexil capsule တနေ့ ၁ လုံး၊ အစာစားပြီး သောက်ပါ။ ၄-၆ လ ကြာရင် အကောင်းဆုံး အခြေအနေကို ရောက်လာမယ်။ အဲဒီအချိန်မှာ ၂ ရက် ၁လုံး၊ နောက် ၃ ရက် ၁ လုံးသာ သောက်ပါ။ တရက် ၁ လုံး ဆက်သောက်လဲ ရတယ်။ VigRX Plus တနေ့ ၁ လုံးသောက်ပါ။ တချို့ကလဲ တနေ့ ၂ ကြိမ် သောက်တယ်။ Prejac တနေ့ ကို မနက်ထမင်းစားပြီး ၁ လုံး၊ ညနေထမင်းစားပြီး ၁ လုံးသောက်ပါ။

• Viagra ဆေးက ပန်းညှိုးနေသူတွေအတွက်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...