အလှအပအတွက် အားကစားရုံထဲတွင် အချိန်ကုန်နေသူ မဟုတ်သည့် အမ်ဘာ


အလှအပအတွက် အားကစားရုံထဲတွင် အချိန်ကုန်နေသူ မဟုတ်သည့် အမ္ဘာ အမ္ဘာက အားကစားရုံထဲတွင် စက်ကိရိယာများဖြင့် လေ့ကျင့်ခန်း ယူနေမှ ခန္ဓာကိုယ် လှပပြေပြစ်နိုင်သည်ဟု မိမိမထင်ကြောင်းလည်း ပြောကြား
သူမအနေဖြင့် ခန္ဓာကိုယ် အလှအပကို ထိန်းသိမ်းရန်အတွက် အားကစားရုံများကို အားကိုးလေ့ရှိသူ မဟုတ်ဟု အမ်ဘာဟက်ဒ်က ဂုဏ်ယူစွာ ပြောကြားလိုက်သည်။ ဟောလီးဝုဒ်ကြယ်ပွင့် ဂျွန်နီဒက်ပ်နှင့် ချစ်သူများ ဖြစ်နေသည့် The Rum Diary မင်းသမီးက မကြာခဏ ချီးကျူးခံရသည့် သူမ၏ ခန္ဓာကိုယ် အချိုးအဆက် ပြေပြစ်မှုသည် သဘာဝဆန်ဆန် လှုပ်ရှားမှုများကြောင့်သာ ဖြစ်ကြောင်း ဆိုသည်။ အမ်ဘာက အားကစားရုံထဲတွင် စက်ကိရိယာများဖြင့် လေ့ကျင့်ခန်း ယူနေမှ ခန္ဓာကိုယ် လှပပြေပြစ်နိုင်သည်ဟု မိမိမထင်ကြောင်းလည်း ပြောကြားခဲ့သည်။ "ကျွန်မက တက်တက်ကြွကြွ နေတတ်တယ်။ ပြောရရင် အားကစားရုံထဲ သွားထိုင်နေရပြီး အချိန်ကုန်နေတာမျိုးကို ကျွန်မအင်မတန်ပျင်းတယ်"ဟု အမ်ဘာက ဆိုသည်။

သူမက ဆက်လက်၍ "ကျွန်မက အဆောက်အအုံ တစ်ခုခုထဲမှာ ပိတ်မိနေရင် မွန်းကျပ်နေတတ်တဲ့ စိတ်မျိုးရှိသူလို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကံကောင်းပါတယ်။ ကျွန်မက လော့စ်အန်ဂျလိစ်မှာ နေတယ်။ အပြင်ထွက်လည်ဖို့ အချိန်လည်း အများကြီးရှိတယ်။ ကျွန်မကိုယ်တိုင်က ပျော်ပျော်ရွှင်ရွှင် လည်လည်ပတ်ပတ် နေထိုင်တတ်တဲ့ ပုံစံမျိုးလေ။ ကျွန်မရဲ့ ခန္ဓာကိုယ် အလှအပ ထိန်းသိမ်းဖို့အတွက် ကျွန်မလုပ်နေတာတော့ ဒါပါပဲ"ဟု ပြောကြားခဲ့သည်။ အသက်(၂၇)နှစ်ရှိ အမ်ဘာသည် လတ်တလောတွင် 3 Days to Kill ဇာတ်ကားကို ပြင်သစ်တွင် ရိုက်ကူးလျှက် ရှိသည်။ ပဲရစ်သို့ ရောက်ရှိနေပြီးနောက် အမ်ဘာအနေဖြင့် ပြင်သစ်စကား အနည်းငယ်ကိုပင် ပြောဆိုတတ်နေပြီ ဖြစ်သည်။ သူမက "ကျွန်မခုဆို ပြင်သစ်လို ဝိုင်တချို့ မှာတတ်နေပြီ။ တချို့ အရေးကြီးတဲ့ စကားလုံးလေးတွေလည်း သိနေပြီ"ဟု ပြောကြားသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...