မူပိုင်ခွင့်အတွက် Apple ကို ဒေါ်လာ (၁၁၉.၆)သန်း Samsung ပေးဆောင်ရ



အမေရိကန် တရားရုံးတစ်ခုက Samsung ကုမ္ပဏီ အနေဖြင့် စမတ်ဖုန်း အသုံးပြု Featureများတွင် မူပိုင်ခွင့် ချိုးဖောက်မှုအတွက် Appleထံသို့ ဒေါ်လာ (၁၁၉.၆)သန်း ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။ ကယ်လီဖိုးနီးယား တရားသူကြီး တစ်ယောက်က ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဆန်ဂျို့စ် တရားရုံးသို့ ၎င်း၏ နောက်ဆုံးစီရင်ချက်ကို အတည်ပြု ပေးပို့ခဲ့သည်။ ယနေ့ခေတ် နည်းပညာဘီလူး ကုမ္ပဏီကြီး နှစ်ခု၏ နောက်ဆုံးပေါ် တရားရေး အားပြိုင်မှုတွင် Apple က အသာစီး ရခဲ့ခြင်း ဖြစ် သည်။ တောင်ကိုရီးယား ကုမ္ပဏီ Samsung ကလည်း Apple ကို မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ တန်ပြန်စွဲ ချက် တင်ထားပြီး ယင်းကိစ္စတွင်လည်း Apple က Samsung အား ဒေါ်လာ (၁၅၈၀၀၀)ပေးချေရမည်ဟု တရားသူကြီးက အမိန့်ချခဲ့သည်။ ထို့ကြောင့် စီရင်ချက်နှစ်ခုတွင် Samsung ဘက်မှ သိသိသာသာ အထိ နာခဲ့သည့်သဘောလည်း ဖြစ်ခဲ့သည်။



အမေရိကန် ကုမ္ပဏီ Appleက နစ်နာကြေးအဖြစ် ဒေါ်လာ(၂)ဘီလျံထိ ရလိုကြောင်း တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သော်လည်း ယင်းတောင်းဆိုမှုကို တရားသူကြီးက လက်မခံခဲ့ချေ။ Appleက Samsungသည် Slide to Unlockကဲ့သို့ Featureမျိုး (၅)ခုကို ခိုးယူအသုံးပြုထားကြောင်း စွပ်စွဲခဲ့ပြီး Samsungက ယင်းအဆိုကို ငြင်းဆန်ကာ Appleအနေဖြင့် Samsung၏ ကင်မရာဆိုင်ရာ နည်းပညာနှင့် ဗီဒီယို ထုတ်လွှင့်မှု Featureများကို ပုံတူကူးထားကြောင်း တုံ့ပြန်စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။ “သာမန် စံနှုန်းတွေနဲ့ တိုင်းတာရင်တော့ Appleနဲ့ Samsungတို့ကြား စီရင်ချက် သက်ရောက်မှုတွေက ကြီးကြီး မားမား ကွာဟနေတဲ့ သဘောပဲ။ ဒါပေမဲ့ ရလဒ်အခြေအနေတွေမှာတော့ Appleက တကယ်တမ်း အသာစီး ရသွားတယ်လို့ ပြောရမှာ ခက်နေတယ်”ဟု ဆန်တာကလာရာ တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ ဘရိုင်ယန်လက်ဗ် က မှတ်ချက်ပြုခဲ့သည်။



၎င်းက “Appleရတဲ့ လျော်ကြေးဟာ သူတို့တောင်းဆိုတာရဲ့ (၁၀)ပုံ(၁)ပုံတောင် မရှိဘူး။ ပြောရမယ်ဆိုရင် ဒီအမှုမှာ အနိုင်ရဖို့ Appleက ရင်းနှီးမြှုပ်နှံခဲ့ရတာတွေနဲ့တောင် ကာမိပါ့မလားဆိုတာ မသေချာဘူးလေ”ဟု လည်း ၎င်းက ထောက်ပြခဲ့သည်။ Appleနှင့် Samsungတို့သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တရားခွင် တွင် မကြာခဏ ထိပ်တိုက်တွေ့မှုများ ရှိခဲ့သည်။ လွန်ခဲ့သည့် (၂)နှစ်က အမေရိကန် တရားရုံး တစ်ခုက Samsungအနေဖြင့် Apple၏ နည်းပညာများကို ခိုးယူသုံးစွဲထားကြောင်း စွဲချက်အတွက် ဒေါ်လာသန်းပေါင်း (၉၃၀) လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့သော်လည်း ယင်းစီရင်ချက်ကို ယနေ့တိုင် Samsungက အယူခံ တိုက်ပွဲဝင်နေဆဲဖြစ်သည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...