ဝစီယဉ်ကျေးမှု...



အင်တာနက်စင်မြင့်ကို အသုံးချ၍ လူမျိုးရေးဘာသာရေး မတူညီသူများအကြား အမုန်းစိတ်ကိုဖြစ် စေ သည့် ပြောစကားများ၊ ရေးသားချက်များ မပြုလုပ်ရန် လှုပ်ရှားမှုတစ်ခုကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် လူငယ်အချို့ ဦးဆောင်ပြီး မကြာသေးမီက စတင်လိုက်သည် ကို တွေ့ရသည်။

ပန်းစကားလှုပ်ရှားမှုဟူ၍ နာမည်လှလှလေး ပေးထားသော သူတို့အဖွဲ့က ယနေ့ဖေ့စ်ဘွတ်ခ် နှင့် အင်တာနက်ပေါ်တွင် အချို့ သူများအားပါးတရ ရေးသားပြော ဆိုနေသည့် လူမျိုးရေး၊ ဘာသာ ရေးဆိုင်ရာ အမုန်းပွားစေသည့် အရေးအသား၊ စကားများကို ရှုတ်ချသည်။ ‘‘လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့် စည်းစို့’’ဟူ၍လည်း ဆော်သြ သည်။

လူအချင်းချင်းကြား အမုန်းတရားပွားစေမည့် ပြောဆိုရေး သားမှုတွေကို ယဉ်ကျေးသော လူ့အဖွဲ့အစည်း တိုင်းက ဆန့်ကျင်သည်။ လူတစ်ဦးမှ အခြားတစ်ဦး သို့ဖြစ်စေ၊ အုပ်စုတစ်စုမှ အခြား အုပ်စုတစ်စုသို့ဖြစ်စေ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုကို အ ကြောင်းပြ၍ ခွဲခြားဆက်ဆံသော စကားများကြောင့် လူ့အဖွဲ့အ စည်းတစ်ခုသည် ပဋိပက္ခများ၏ ဗဟိုချက်အလယ်သို့ ကျရောက် သွားလေ့ရှိသည်။

လွန်ခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကိုကြည့်ပါ။ နှစ်ရှည်လ များ နေလာခဲ့ သည့် အုပ်စုများအ ကြားတွင် ဘာကြောင့်ဆတ်ဆတ် ထိ မခံနိုင်ဖြစ်နေကြသလဲ။ နေရာ ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ကြားလာ၊ သိလာရသည့် အမုန်း စကားများ၏ ရိုက်ခတ်မှုတစ်ခုအ ဖြစ် မြင်နိုင်သည်။

နေရာတစ်နေရာတွင် မတော်တဆဖြစ်ပွားခဲ့သည့် ပဋိ ပက္ခတစ်ခုအား အခြားနေရာများထံသို့ သတင်းစကား ပါးကြသော အခါ ရှိရင်းစွဲ အမှန်တရားထက်ချဲ့ကား၍လည်းကောင်း၊ ပုံဖျက်၍လည်းကောင်း ပိုပိုသာသာ အစာသွတ်၍ ဖြန့်ဖြူးတတ်ကြသည်။ သို့ဖြင့် အချင်းချင်း သတင်းပေးခြင်း၏ နောက်ဆက်တွဲတွင် ‘‘ငါနှင့်မတူ ငါရန်သူ’’ဟူသော အတွေးအမြင် များလည်း ဆင့်ပွား၍ ပါလာခဲ့တော့သည်။

ယခုအခါ မြန်မာလူ့အဖွဲ့ အစည်း၏ ထောင့်တိုင်းတွင် အမုန်းစကားများ ပျံ့နှံ့ရောက်ရှိနေသည်။ ဤဆောင်း ပါးအား ရေး နေစဉ်အတွင်းမှာပင် အမုန်းစကားဟောပြောသူ၊ အကြမ်းဖက်သူများကို မြန်မာအစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူရန် သင့်ကြောင်းတိုက်တွန်းသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မြန် မာ့အရေး လုပ်ဖော်ကိုင်ဖက်များ အဖွဲ့ (Partnership Group on Myanmar) က ကုလသမဂ္ဂရုံး၌ ပြုလုပ် သည့် ပထမဆုံးအကြိမ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ၏ လက်သည်မှာ အမုန်းစကားကို ဖြန့်ဖြူးခြင်း၊ ပြောဆိုခြင်းမှာ အဓိက လက်သည်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း သတိထားမိနေသည်ဆိုသည့် အချက်ကိုတွေ့ရမည်။ မတူကွဲပြားသည့် ယုံကြည်မှု ရှိသူများအကြား အချင်းချင်းမုန်းတီးစေသည့် စကား များသည် ပဋိပက္ခကို ‘‘မီးလောင်ရာ လေပင့်’’ပေးနေ သည်ဖြစ်ရာ တာဝန်သိသူများတွင် ထိန်းသိမ်းပေးရမည့် တာဝန်ရှိနေသည်။

တိုင်းရင်းသားလူမျိုးစုံအပါအ၀င် ဘာသာရေးဆိုင်ရာ မတူကွဲပြားသူများ အတူရပ်တည်နေ ထိုင်သော မြန်မာ ကဲ့သို့ လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူမှုငြိမ်း ချမ်းရေးကို ပြန်လည်တည် ဆောက်ရန်နှင့် နောက်ထပ် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ရှေးဦးဆုံးပြုစုရမည်မှာ လူတိုင်းသည် မိမိတို့၏နှုတ်ကို စောင့် စည်းရန်လိုသည်။ နှုတ် စောင့်စည်းခြင်းဟု ပြောလိုက် သည်နှင့် အချို့သူများက ‘‘လွတ်လပ်စွာပြောဆိုခွင့်’’ ကို ထိပါး သည်ဟု အထင်ရောက်တတ် သည်။

အမှန်တော့ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ဆဲ ရေးခွင့်သည် ဖြောင့်ဖြောင့်ကြီး ခြားနားပါသည်။ လူတိုင်းသည် မိမိတို့၏ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖော်နိုင်သည်။ သို့သော် သူတစ်ပါးအား ထိခိုက် နစ်နာမှုပါစေသည့် စကားအသုံး အနှုန်း၊ လူအချင်းချင်းကြား နား လည်မှုလွဲမှား၊ ထိခိုက်နစ်နာစေ သည့် စကားများကိုမူ ယဉ်ကျေး သည့် လူ့အဖွဲ့အစည်းတိုင်းက လက်မခံကြ။ ရှုတ်ချသည်။ ဆန့် ကျင်သည်။

ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတိုင်းတွင် နှုတ်စောင့်စည်းရန် သင်ကြားမှုတွေရှိသည်။ မြန်မာလူ့အဖွဲ့ အစည်းတွင်လည်း နှုတ်အပြောအဆို (၀စီကံ)နှင့် ပတ်သက်၍ သင်ကြားချက်တွင် အများကြီးရှိသည်။ ‘‘မုန်းစေလို လက်နှစ်သစ်၊ ချစ်စေလိုလည်း လက်နှစ်သစ်’’ ‘‘နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ’’ဆိုသော ဆို ရိုးစကားပုံများသည်လည်း နှုတ် (၀စီကံ)၏ အကောင်း၊ အဆိုး သက်ရောက်မှုကို ထင်လင်းပြသည့် ဥပမာများဖြစ်သည်။ ကြမ်း တမ်းသော၊ အမုန်းပွားစေသော နှုတ်ထွက်စကားများ ပြောဆိုမှုသည် ပစ္စုပ္ပန်နှင့် နောင်သံသရာ အဆက်ဆက်ထိပါ ကောင်းကျိုး မပေးသည့် အကြောင်းကိုလည်း ဘာသာတိုင်း လိုလိုက သွန်သင်ထားသည်။

စကားအပြောအဆိုနှင့် ပတ် သက်၍ ဗုဒ္ဓဘာသာမှာလည်း အများကြီး လမ်းညွှန်ထားသည်။ ဗုဒ္ဓ၏ အဆုံး အမတွင် မဟုတ်မမှန် သော တစ်နည်းအများအကျိုးစီး ပွား ဆုတ်ယုတ်ပျက်စီးရာ ပျက်စီး စေကြောင်း စကားများကို မပြော ဆိုသင့်ကြောင်း ပါရှိသည်။ ယခုခေတ် တွင်ကျယ်သော ဝေါဟာရဖြင့် သုံးနှုန်းရလျှင် ‘‘အမုန်းစကား’’ များဆိုပါတော့။ မင်္ဂလသုတ်တွင် ‘‘သုဘာတိတ၀ါစာ(အပြစ်ကင်း အောင် စကားဆို တတ်ခြင်းသည် မင်္ဂလာတစ်ပါး)’’ဟု အထင်အရှားဟောခဲ့ပြီး ဖြစ်သည်။

ထို့ပြင် အကျိုးရှိသော စကားနှင့် အကျိုးမဲ့သော စကား တို့ကိုလည်း သရုပ်ခွဲ၍ မြတ်ဗုဒ္ဓ က လမ်းညွှန်ခဲ့သည်။ ယင်းကို စကားကြီး ခြောက်ခွန်းအဖြစ် လူ သိများသည်။ အဆိုပါ စကား ခြောက်မျိုးမှာ (၁)မှန်လည်း မှန် သည်။ အကျိုးလည်း ရှိသည်။ သူတစ်ပါးလည်း နှစ်သက်သည့် စကား။ (၂)မှန်လည်း မှန်သည်၊ အကျိုးလည်း ရှိသည်။ သို့သော် သူတစ်ပါးတို့ မနှစ်သက်သည့် စကား။ (၃)မှန်လည်း မမှန်၊ အကျိုးလည်း မရှိ၊ သူတစ်ပါး လည်း မနှစ်သက်သည့် စကား။ (၄) မှန်တော့မှန်သည်။ သို့သော် အကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ်သက် သည့် စကား။ (၅)မှန် လည်းမမှန်၊ အကျိုးလည်း မရှိ၊ သို့သော် သူတစ်ပါးတို့ နှစ်သက်သည့်စကား။ (၆)မှန်တော့မှန် သည်။ သို့သော် အကျိုးမရှိ၊ သူတစ်ပါးတို့ နှစ်သက်သည့် စကားတို့ဖြစ်သည်။

အထက်ပါ စကားခြောက် မျိုးအနက် နံပါတ်(၁)နှင့် (၂) တို့ ကိုသာ မြတ်ဗုဒ္ဓက ချီးမွမ်းသည် ဟု ဗုဒ္ဓစာပေ များတွင် ဖော်ပြသည်။ ထို့ပြင် စကားပြောဆိုရာတွင် (၁)ပြောဆိုသင့်သောအခါတွင် ပြောဆိုခြင်း၊ (၂) မှန်ကန်စွာ ပြောဆိုခြင်း၊ (၃)သိမ်မွေ့စွာပြော ဆိုခြင်း၊ (၄)အကျိုးစီးပွားအတွက် ပြောဆိုခြင်း၊ (၅)မေတ္တာ စိတ်ဖြင့် ပြောဆိုခြင်းဟူသည့် အင်္ဂါငါးပါး နှင့် ပြည့်စုံစွာ စကားဆိုခြင်းကို သာ ‘‘ကောင်းသောစကားဆိုခြင်း’’ အဖြစ် မြတ်ဗုဒ္ဓက သတ်မှတ်ခဲ့သည်။

အမှန်တော့ ဗုဒ္ဓဘာသာမှ မဟုတ်ပါ။ ဘာသာတရားတိုင်းက မကောင်းသော စကားဆိုခြင်းကို ရှုတ်ချကြ သည်ချည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် ဖရုဿဝါစာ(မကောင်းသောစကား)နှင့် သမ္မာဝါစာ(ကောင်းသော စကား) ဟူ၍နှစ်မျိုးခွဲခြားသလို ခရစ်ယာန်သမ္မာကျမ်းစာမှာလည်း သူ တစ်ပါးကို ထိခိုက်ဒဏ်ရာ ရစေသည့် စကား (Speech that Injures) နှင့် ဒဏ်ရာအနာကို ကုပေးသော စကား(Speech that Heals) ဟု ခွဲခြား သတ်မှတ်သည် ဟုလည်း အဆိုရှိသည်။

အများတကာ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေသည့် ‘‘အမုန်းစကား’’များသည် မကောင်းမှုဒုစရိုက်အဖြစ် ဘာသာတရားတိုင်းက သတ်မှတ်သည်။ ကောင်းသောစကား၊ မေတ္တာစကားကိုသာ ချီးမွမ်းလေ့ရှိသည်။ မကောင်းသော စကား (အမုန်းစကား)ဆိုခြင်းက လူ့အဖွဲ့အစည်းကို ပျက်စီးဆုတ်ယုတ်ခြင်းကို သာ ဖြစ်ပေါ်စေပြီး ကောင်းသောစကား(မေတ္တာစကား)ကသာ တိုးတက်ခြင်း၊ဖွံ့ဖြိုးခြင်းရှိသည့် လူ့ဘောင်လောကကို ဖြစ်ထွန်းစေသည်။ ငြိမ်းချမ်းစေသည်ကို ပုံဝတ္ထုများဖြင့် ပြဆိုခဲ့သည်။

တစ်နည်းအားဖြင့် ကောင်းသော နှုတ်ထွက်စကား ‘‘၀စီယဉ်ကျေးမှု’’ကို အားပေးခြင်းဖြစ်သည်။

ယခုအခါ မြန်မာကို ကမ္ဘာ က ဘာသာရေး (သို့မဟုတ်) လူ မျိုးရေးအရ ထိလွယ်ရှလွယ် ရှိ သည့် တိုင်းပြည်တစ်ဖြစ်အဖြစ် ရှုမြင်ထားသည်။ ထိုအချက်ကို ကြိုက်သူလည်း ရှိမည်။ မနှစ်မြို့ သူလည်း ရှိပါလိမ့်မည်။ သို့သော် အမှန်တရားကတော့ ငြင်းကွယ် ၍ မရ။ လက်ရှိမြန်မာလူ့အဖွဲ့အ စည်းတွင် ဘာသာရေးလူမျိုးရေး ဆိုင်ရာ ပဋိပက္ခများဖြင့် ရင်ဆိုင် နေရသည်။ အလွန်အကျွံအမျိုး သားရေး စိတ်ဓာတ်ကို လူ့အဖွဲ့ အစည်းအတွင်းသို့ သွတ်သွင်းရန် အချို့သောသူများက ကြိုးစားနေ ကြသည်။ သူတို့၏ ပယောဂဖြင့် ‘‘အမုန်းစကား’’တွေက နေရာတကာမှ ထွက်လာနိုင်သည်။

မတူကွဲပြားသည့် ယုံကြည် သက်ဝင်မှုနှင့် ဓလေ့ထုံးစံရှိသော လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် မြန်မာပြည် ကဲ့သို့ နိုင်ငံမျိုးတွင် အမုန်းစကားများကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ခွင့် ပြုထားခြင်းသည် အသွားထက် သော ဓားချွန်ကိုပို၍ ထက်အောင် ချွန်အောင် သွေးနေသည်နှင့်တူသည်။ အသွားထက်လွန်း သည့်အခါ လူ့အဖွဲ့အစည်းကို ထိုးခွဲလိမ့်မည်။ ထိုကြောင့် ယဉ်ကျေးသည် လူ့အဖွဲ့အစည်းကို အလိုရှိ သူများအနေဖြင့် အဆိုပါ အမုန်းစကားများကို သံယောင်လိုက် မပြောမိစေဖို့လိုသည်။ သူတစ်ပါး ကို ပြော လာစေရန် သွေးဆောင် ဖြားယောင်းသူများကိုလည်း ဖော် ထုတ်တိုက်ဖျက်ဖို့ လိုသည်။

အမုန်းစကားပြောဆိုခြင်းကို ဆန့်ကျင်တိုက်ဖျက်ခြင်းမှာ ပဋိပက္ခထောင်ချောက်များအကြားတွင် ရောက်နေ သည့် မြန်မာ့လူ့အဖွဲ့အစည်းကို ကယ်တင်ခြင်းဖြစ်သည်။ ။


7Day Daily
No.365 Thursday, May 1,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...