ငယ်ရွယ်စဉ်တွင် အနိုင်ကျင့် ခံခဲ့ရသူများ အသက် လေးဆယ်ကျော်သည်အထိ ဆိုးကျိုး ခံစားနေရဆဲ ဖြစ်ဟု လေ့လာမှုတစ်ခု ဖော်ပြထား


ကလေးငယ်ဘ၀တွင် အနိုင်ကျင့်ခံခဲ့ ရသူများသည် အသက် လေးဆယ်ကျော် အရွယ်အထိ ၄င်းအနိုင်ကျင့် ခံခဲ့ရခြင်း၏ စိတ်နှင့် ရုပ်အပေါ် သက်ရောက်သော ဆိုးကျိုးများကို ခံစားနေရဆဲ ဖြစ်ကြောင်း လန်ဒန် တက္ကသိုလ်ရှိ ကင်းစ်ကောလိပ်ရှိ သုတေသနပညာရှင်များက ပြောဆို ခဲ့သည်။ ကောလိပ်မှ ပညာရှင် များသည် အသက် ၁၉၅၈ ခုနှစ်တွင် မွေးဖွား သော ကလေးငယ် (၇၇၇၁) ဦးတို့အား ၄င်းတို့ ငယ်ရွယ်ချိန်မှ စ အသက် (၅၀)အရွယ် ရောက်ရှိသည် အထိ လေ့လာမှုများကို ပြုလုပ် ခဲ့သည်။ ငယ်ရွယ်စဉ်တွင် အနိုင်ကျင့် ခံခဲ့ရသူ များသည် အသက် အရွယ်ကြီးချိန်တွင် စိတ်ကျခြင်းနှင့် ပူပန် စိုးရိမ်တတ်ခြင်းတို့ ရှိတတ်ပြီး အသက်(၅၀) အရွယ် ရောက်ရှိချိန်တွင်လည်း ဘ၀အရသာကို များစွာ ခံစားရတော့ မရှိကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

ယင်းကြောင့် အနိုင်ကျင့် ခံခဲ့ရသူများ အား ကာလ ရှည်ကြာ ထောက်ပံအားပေးမှု များကို ပြုလုပ် သင့်ကြောင်း အနိုင်ကျင့်မှု ဆန့်ကျင်ရေး အဖွဲ့များက ပြောဆိုခဲ့သည်။

ဝေါ၀စ်ခ် တက္ကသိုလ်မှ ပညာရှင်များ သည်လည်း လူ (၁၄၀၀)ဦးတို့အား အသက် ကိုးနှစ်မှ (၂၆) နှစ် အထိ လေ့လာစောင့်ကြည့် ခဲ့ရာ အနိုင်ကျင့် ခံရခြင်းသည် ကျန်းမာရေး၊ အလုပ်အကိုင်ရရှိမှုနှင့် ဆက်ဆံရေး များအပေါ် ဆိုးရွားစွာ အကျိုးသက်ရောက် တတ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ကင်းစ်ကောလိပ်မှ ပညာရှင်များသည် မိဘများအား ၄င်းတို့ သားသမီးများ အသက် ခုနှစ်နှစ်မှ (၁၁) နှစ်ကြားတွင် အနိုင်ကျင့်ခံရ ခြင်းရှိ မရှိကိုမေးမြန်း ခဲ့သည်။ မိဘသုံးပုံ တစ်ပုံကျော်က မကြာခဏ အနိုင်ကျင့်ခံခဲ့ရ ကြောင်းနှင့် (၁၅) ရာခိုင်နှုန်းက အကြိမ်ကြိမ် အနိုင်ကျင့် ခံခဲ့ရကြောင်း ပြောဆိုခဲ့ကြသည်။

နှစ်များစွာ ကြာပြီးနောက် သုတေသန ပညာရှင်များသည် အနိုင်ကျင့် ခံရသည့် အတွေ့အကြုံသည် အရွယ်ရောက် သည်အထိ သက်ရောက်မှု ရှိမရှိနှင့် ပတ်သက်ပြီး စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ အစမ်းသပ်ခံ များအား အသက်(၂၃)နှင့် (၅၀) အရွယ်နှစ် များတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု၊ ကျန်းမာရေးအခြေအနေ၊ အသက်(၄၅) နှစ် အရွယ်တွင် စိတ်ကုမှုခံယူရန် အခြေအနေ ရှိ မရှိနှင့် အသက်(၅၀)အရွယ်တွင် လူမှုဆက်ဆံရေး၊ ဘ၀အပေါ် သာယာမှုတို့နှင့် ပတ်သက် ပြီး အသီးသီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယခုတွေ့ရှိမှုအား အမေရိကန် စိတ်ကုပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...