ဆိုက်ဘာတိုက်ခိုက်မှုများ၏ ထိပ်တန်းရင်းမြစ်အဖြစ် တရုတ်ဆက်လက် ရပ်တည်နေ



ပြီးခဲ့သည့်သုံးလပတ်က ဖြစ်ပွားခဲ့သည့် အင်တာနက် တိုက်ခိုက်မှုအားလုံး၏ ထက်ဝက်နီးပါးခန့်သည် တရုတ်နိုင်ငံတွင် အခြေခံကြောင်း၊ အချို့သောတိုက်ခိုက်မှု များပင်လျှင် တရုတ်နိုင်ငံတွင် နေထိုင်သူ များက ပြုလုပ်ခြင်းဖြစ်ကြောင်း cloud ဝန်ဆောင်မှုကုမ္ပဏီ Akamai ကနောက်ဆုံး ထုတ်ပြန်ခဲ့သည့် အင်တာနက်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။၂၀၁၃ ခုနှစ် နောက်ဆုံးသုံးလပတ်အတွက် စစ်တမ်းကောက် ယူချက်အရ တရုတ်နိုင်ငံမှမြစ်ဖျားခံသည့် အင်တာနက်တိုက်ခိုက်မှု အားလုံးစုစုပေါင်း အင်တာနက် တိုက်ခိုက်မှု၏ ၄၃ ရာခိုင်နှုန်းရှိကြောင်း၊ ထိုပမာဏသည် အခြားသောနိုင်ငံများထက် သာလွန်ကြောင်း သိရသည်။

Akamai သည်အင်တာနက် တိုက်ခိုက်မှုရင်းမြစ်ကို IP address ဖြင့်ခွဲခြားဖော်ပြခဲ့သည်။ အစီရင်ခံစာ တွင် ဖော်ပြထားသည့် ဥပမာအရ ရုရှားနိုင်ငံရှိ ဆိုက်ဘာဒုစရိုက်သမား တစ်ဦးသည် တရုတ်နိုင်ငံရှိ စနစ်များကိုထိန်းချုပ်ပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြောင်းသိရသည်။

အခြားသော ဆိုက်ဘာတိုက်ခိုက်မှု မြစ်ဖျားခံသည့်နိုင်ငံများတွင် အမေရိကန်က ၁၉ ရာခိုင်နှုန်း၊ ကနေဒါက ၁၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၅.၇ ရာခိုင်နှုန်းနှင့် တရုတ် (တိုင်ပေ) က ၃.၄ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည် လျက်ရှိသည်။ ထို့အပြင် Akamai သည်နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှဆိုက်ဘာ တိုက်ခိုက်မှုစတင်သည့် IP address များကိုရှာဖွေ တွေ့ရှိခဲ့ကြောင်းသိရသည်။

ကမ္ဘာတစ်ဝန်းမှ ပျှမ်းမျှအင်တာနက် အမြန်နှုန်းသည်လည်း မြင့်တက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ဆုံး သုံးလပတ်တွင် 3.8 megabits per second ရှိခဲ့ကြောင်း Akamai ကဖော်ပြခဲ့သည်။ တောင်ကိုရီးယား သည် ပျှမ်းမျှအင်တာနက် အမြန်နှုန်းအမြန်ဆုံး ရရှိသည့်နိုင်ငံဖြစ်ပြီး အမြန်နှုန်း 21.9 Mbps ရှိကြောင်း၊ ထို့အပြင် ဟောင်ကောင်သည် အင်တာနက်မြန်နှုန်း အမြင့်ဆုံးရရှိသည့် နိုင်ငံဖြစ်ပြီး 68 Mbps ရှိကြောင်းနှင့်အမေရိကန်မှာ ပျှမ်းမျှအမြန်နှုန်း 10 Mbps ရှိပြီးမြန်နှုန်းအမြင့်ဆုံး 43.7 Mbps ရှိကြောင်း သိရသည်။

-နောင်နောင်
Ref: CNET
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...