အိပ်ပျော်နေသော မြန်မာ့ပညာရေး (အငြိမ်းစားကျောင်းဆရာတစ်ဦး)


အက်စ်တိုးနီးယားနိုင်ငံမှာ ပထမတန်းအဆင့် ကျောင်းသားတွေကို ကိုယ်ပိုင်ကွန်ပျူတာ ဂိမ်းတစ်ခုကို ဘယ်လို ဖန်တီးရမလဲဆို တာတွေကို စတင်သင်ကြားပေးနေပြိဆိုတဲ့ သတင်းရယ်၊ အထက်တန်း အဆင့် ကျောင်းသားတွေကို အိုင်တီမှာထူးချွန်ရင် ပညာတော်သင်ဆုပေးမယ်ဆိုတဲ့ သတင်းတွေကို အင်တာနက်သတင်းတွေပေါ်မှာ ဖတ်လိုက်ရတယ်။ အက်စ်တိုးနီးယားနိုင်ငံ ဆိုတာက ဥရောပ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဖင်လန်ပင်လယ်ကွေ့က နိုင်ငံသေးသေးလေး တစ်နိုင်ငံဖြစ်ပါတယ်။ ဘောလ် တစ် နိုင်ငံအုပ်စုတွေထဲမှာ အသေးဆုံးနိုင်ငံလေးဖြစ်ပြီးတော့ ၁၉၉၁ ခုနှစ်ကမှ ဆိုဗီယက်လက်အောက်က လွတ်မြောက်လာခဲ့ရပြီး၊ ၂၀၀၄ ခုနှစ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာတဲ့ နိုင်ငံငယ်လေး တစ်ခုပါ။

အင်္ဂလန်နိုင်ငံမှာလည်း အသက် ၅ နှစ်အရွယ် ကျောင်းကိုစပြီးလာတက်ကတည်းက ကွန်ပျူတာ programming ကို အထောက်အကူဖြစ်စေမယ့် သင်နည်းစနစ်တွေ ပါဝင်လာအောင် သင်းရိုးညွှန်း တမ်းတွေကို စတင်ရေးဆွဲပြီး မကြာမီ ပြဋ္ဌာန်း တော့မယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖတ်လိုက်ရတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း "Hour of Code" လို့ခေါ်တဲ့ လှုပ်ရှားမှုတွေ စတင်နေပြီ။ အဲဒီအစီအစဉ် က တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကွန်ပျူတာလေ့လာလိုသူတွေအတွက် ပရိုဂရမ်သင်ကြား နိုင်တဲ့စနစ်ဖြစ်ပြီးတော့ လူပေါင်း ၂၈ သန်းလောက်ကို စီစဉ်ပို့ချဖို့ ပြင်ဆင်နေကြောင်း သိရတယ်။

တစ်ကမ္ဘာ့လုံးမှာ မူလတန်းအဆင့်ကနေ ဒေါက်တာဘွဲ့ယူဖို့ ပြင်ဆင်နေတဲ့ အတန်းတွေအထိ ကွန်ပျူတာ Code ရေးနည်း တွေကိုထည့်သွင်းပြီး ပရိုဂရမ်တွေ ရေးသားနိုင်အောင် လေ့ကျင့်ပေးမှ ဖြစ်တော့မယ်ဆို တာကို လက်ခံကာ နိုင်ငံတော်အဆင့် အနေနဲ့ လုပ်ဆောင်လာကြတာတွေ့ရတယ်။ ကိုယ့်နိုင်ငံ ကိုယ့် လူမျိုးနဲ့ ကိုက်ညီမယ့် ပညာရေးစနစ်တွေကို ပညာရှင်တွေက ပူးပေါင်း အဖြေရှာကြတာ ပညာရေးဖွံ့ဖြိုး မှ နိုင်ငံတိုးတက်မယ်လို့ ခံယူကြတာကြောင့်လည်းပါတယ်။ ဒါကြောင့်လည်း ၂၀၁၄ ခုနှစ်ပိုင်းမှာ ကွန်ပျူတာ ပရိုဂရမ်မာတွေ၊ ကွန်ပျူတာ Coding စနစ်ကို နားလည်ပြီး တီထွင်နိုင်သူတွေ ပိုပြီး လိုအပ်လာပြီလို့ ပညာရှင်တွေကဆုံးဖြတ်ကြတယ်။

ကွန်ပျူတာဆိုတာ ဖွင့်တတ်အောင်သင်ပြီး ဂိမ်းကစားတဲ့ အဆင့်မဟုတ်တော့ဘူးဆိုတာ နိုင်ငံတိုင်း သဘောပေါက်လာကြပါပြီ။ သူများရေးထားပြီးတဲ့ ပရိုဂရမ်တွေကို ထိုင်သုံးမယ့်အစား၊ ကိုယ်တိုင်ရေးတဲ့ ပရိုဂရမ်တွေကို သူများသုံးနိုင်အောင် လုပ်ဆောင် မယ်ဆိုတာ၊ ပညာရေးအတွက် သာမဟုတ်ဘူး နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့လည်း သက်ဆိုင်နေတယ်လို့ အားလုံးက သဘောပေါက်လာကြတယ်။

ကွန်ပျူတာသုံးတတ်ရင် လူအထင်ကြီးတယ်ဆိုတဲ့ ခေတ်ကကုန်သွားပြီ။ အဲဒီအစား ကွန်ပျူတာမှာ ပရိုဂရမ်တွေ ရေးတတ် တယ်ဆိုတာ ခေတ်မီတဲ့ပညာရေးစနစ်လို့ နိုင်ငံကြီးတွေက လက်ခံလာကြတယ်။ ကွန်ပျူတာ Coding ရေးတဲ့စနစ်တွေကို မူလတန်းလောက်ကတည်းက အခြေခံအဖြစ် ချပေးတယ်ဆိုတာ မဖြစ်နိုင်စရာ မရှိဘူးလို့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ လက်ခံကြပြီး သင်ကြားဖို့စီစဉ်နေချိန် မှာ မြန်မာနိုင်ငံကတော့ သူငယ်တန်းအဆင့်လောက်မှာ အင်္ဂလိပ်စာမသင်ဖို့ ပညာရှင်ကြီး တွေ ဆုံးဖြတ်နေကြတယ်ဆိုတာ ကြားလိုက်ရတော့ စိတ်ညစ်သွားတယ်။ ပညာရှင်ဆိုတဲ့ သူတွေကို သတိပေး ချင်ပါတယ်ဗျာ။ ခေတ်ကိုမြင်အောင် ကြည့်ကြပါဦးလို့။ ပညာရေးကို စမ်းသပ်စရာတစ်ခုအနေနဲ့ ခင်ဗျားတို့ လုပ်ခဲ့ကြလို့ မြန်မာ့ပညာရေး လမ်းဘေးရောက်နေတယ်ဆိုတာ မမေ့ကြပါနဲ့ဦး။

ကျွန်တော်မနေ့က သတင်းစာမှာ UNHCR ကနေ ဒုက္ခသည်စခန်းတွေက ကလေးတွေအတွက် ဘာသာ စကားသင်ကြားပေးဖို့ တက်ဘလက်တွေသုံးမယ်ဆိုတာဖတ်လိုက်ရတယ်။ “ပညာရေးအတွက် တက်ဘ လက်” ဆိုပြီး ကုလသမဂ္ဂအစီအစဉ်နဲ့ လုပ် ဆောင်နေကြပြီ။ အာဖရိကတိုက်မှာလည်း မိုဘိုင်းလ်ဖုန်းတွေ ကတစ်ဆင့် ပညာသင်ကြားနိုင်အောင် မိုဘိုင်းလ်ပညာရေးဆိုတာ တွေ လုပ်ဆောင်နေကြတယ်။ စာသင် ခန်းတွေထဲမှာ ကျောင်းသားတွေကို ပိတ်လှောင်ပြီး ထောင်ဆန်ဆန်သင်နေတဲ့ ပညာရေး အစား အွန်လိုင်း ပညာရေးဆိုတာကို ကမ္ဘာမှာ အကောင်အထည်ဖော်နေကြပြီ။ ဒီအချိန်မှာ မြန်မာ့ပညာရေးက ဘယ်လို အနေ အထားမှာ ရှိနေသလဲဆိုတာ ပြန်ပြီးသုံးသပ်သင့်ပြီထင်ပါတယ်။

တစ်လောက ပုဂ္ဂလိကကျောင်းတွေမှာ ဘယ်တော့မှ သူ့သားသမီးတွေကို မထားဘူးလို့ ကြွေးကြော်တဲ့ သူငယ်ချင်း တစ်ယောက်ကို အခမ်းအနားတစ်ခုမှာတွေ့လို့ သားဘယ်နှတန်းရောက်နေပြီလဲလို့ မေးကြည့် မိတယ်။ သူက သားကို စင်ကာပူ ပို့ပြီး ကျောင်းတက်ခိုင်းထားတယ်လို့ ပြောတယ်။ ဘယ်လိုဖြစ်တာလဲ လို့ မေးကြည့်တော့ သူ့သားက ဆရာမကို ဝေဖန်မိလို့ စကားများပြီး ကျောင်းထုတ်လိုက်ရတယ်တဲ့။

ဖြစ်ပုံက ဆရာမက အပြင်ထုတ်စာအုပ်ကိုကိုင်ပြီး ဘလက်ဘုတ်ပေါ်မှာ သင်္ချာပုဒ်စာတစ်ပုဒ်ကို ချရေးနေပါ တယ်။ အဲဒီအချိန် မှာ ဆရာမရေးနေတာကို မှားသွားတာကြောင့် မှားနေပြီလို့ သူ့သားက ထပြီးထောက်ပြ ပါတယ်။ အဲဒါ သူ့ကိုအရှက်ခွဲပါတယ် ဆိုပြီး ဆရာမက နင်ထွက်မလား၊ ငါထွက်မလားလို့ စိန်ခေါ်ပါတယ်။ သူ့သားလည်း အိမ်ကိုပြန်လာပြီး ကျောင်းဆက်မတက် တော့ဘူးလို့ ပေခံနေတာ ဘယ်လိုမှကို လွှတ်လို့ မရတော့တာနဲ့ ကျောင်းထုတ်ပြီး စင်ကာပူမှာ သွားထားလိုက်ရပါတယ်။ သူတို့က တတ်နိုင်တဲ့သူတွေ ဖြစ် လို့ တော်သေးတာပေါ့။ မတတ်နိုင်တဲ့ ကလေးတွေဆိုရင် မခက်ပါလား။

မြန်မာ့ပညာရေးစနစ်မှာ ကျောင်းသားဆိုတာ ပြန်မပြောနဲ့ နားထောင်ဆိုတဲ့ အဆင့်မှာပဲရှိတယ်။ The Straits Times သတင်းစာမှာ ကျောင်းဆရာတစ်ဦးကတော့ “ကလေးတွေကို ခင်ဗျားတို့ တတ်ထားတာတွေ မသင်ပါနဲ့၊ ခင်ဗျားတို့ သိထား တာတွေကို မျှဝေ (share) ပေးပါလို့ ” လို့ ပြောင်ပြောင် တင်းတင်းတောင်းဆို ထားတယ်။ မြန်မာ့ပညာရေးစနစ်မှာ စားကောင်းသောက်ကောင်းအောင် ကြွေးကြော်နေသူတွေကတော့ “ကလေးဗဟိုပြု” အော်လိုက်၊ “အလယ်တန်းအဆင့် မသင် မနေရပညာရေးအော်လိုက်”၊ “အင်္ဂလိပ်စာကို တတိယတန်းရောက်မှသင်မယ်” လို့အော်လိုက်နဲ့ မြန်မာ့ပညာရေးလည်း ယုန် တောင်ပြေး၊ ခွေးမြောက် လိုက်ဘဝကနေ မထွက်နိုင်သေးပါဘူး။

ဒီကြားထဲက ပညာရေးဆွေးနွေးပွဲတွေလုပ်လိုက်တာလည်း သပိတ်မှောက်သူတွေမှောက်၊ ကန့်ကွက် သူတွေကန့်ကွက်၊ ကိုယ့်ယူဆချက်ကိုယ်ပြော၊ အများသဘောနဲ့ အမှားတွေပေါလိုက်တဲ့ ဒီမိုကရေစီနည်းကျ ပညာရေးဆွေးနွေးပွဲက အဖြေရှာရနိုင် မယ် မထင်ဘူး။ ဒီလိုနဲ့ ပညာရေးဥပဒေကိုဗဟိုဦးစီးချုပ်ကိုင်မှုကနေ အဖြေတစ်ခုထွက်လာရင်လည်း အိုင်တီနဲ့ ပညာရေးမြှင့်တင်မယ်ဆိုတဲ့ တိကျတဲ့ အဖြေတွေ ပါလာလိမ့် မယ်လို့ မျှော်လင့်လို့ မရသေးဘူး။

အင်္ဂလန်နိုင်ငံ၊ ကင်းဘရစ်ခ်ျမှာရှိတဲ့ Respberry Pi ဖောင်ဒေးရှင်းက ပညာရေးဖွံ့ဖြိုးမှုဆိုင်ရာ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ မစ္စတာ ကလိုက် ဘီလေးကတော့ “ကျွန်တော်တို့ လူတိုင်းကို ဂီတပညာရှင်တွေဖြစ်အောင် မရည်ရွယ်သလို၊ လူတိုင်းကို ကွန်ပျူတာ ပညာရှင်တွေဖြစ်အောင်လည်း မရည်ရွယ်ဘူး။ ဒါပေမဲ့ လူတိုင်းကို ကွန်ပျူတာ အခြေခံသိအောင်တော့ လုပ်ပေးရ မယ်” လို့ဆိုလိုက်တာဟာ ကွန်ပျူတာဆိုတာ “မရှိမဖြစ်” ခေတ်ကိုကျော်လွန်ပြီး “မသိမဖြစ်ခေတ်” ကိုရောက်လာပြီးလို့ ကြေညာလိုက်သလိုဖြစ်နေတယ်။ ဒီအချိန်မှာ မြန်မာ့ပညာရေးမှာတော့ မရှိလည်းဘာမှမဖြစ်၊ မသိလည်း ဘာမှမဖြစ်။အဆင့် လောက်မှာသာ ဒီမိုကရေစီနည်းကျ ကန့်ကွက်ရတဲ့အရသာကိုခံစားပြီး အိပ်ပျော်လို့ကောင်းတုန်းထင်ပါတယ်။

မောက္ခပညာရေး Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...