သင်္ဘောသားအလုပ်အကိုင် နည်းပါးလာပြီး မြန်မာသင်္ဘောသား ငါးသောင်းခန့် အလုပ်မရှိ

photo:google

ရေကြောင်းညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည့် သင်္ဘောသားဦးရေ ခုနစ်သောင်း ၀န်းကျင် ရှိသော်လည်း ငါးသောင်းခန့် အလုပ်မရှိဘဲ နှစ်သောင်းဝန်းကျင်သာ နိုင်ငံတကာသင်္ဘောများ၌ လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်ရှိတွင် သင်္ဘောသား အလုပ်အကိုင်အခွင့်အလမ်းမှာ လွန်ခဲ့သည့်နှစ်မှစ၍ ယခင်ထက် နည်းပါးလျက် ရှိသည်။ သင်္ဘောသားအရာရှိအဆင့်ပင် တာဝန်ထမ်းဆောင်ရန် ကြာမြင့်စွာ စောင့်ဆိုင်းနေရမှု များရှိသည် ဟု ရေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် သင်္ဘောသား ဦးရေမှာ များပြားလာသော်လည်း အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်း မရှိသည့် အတွက် သင်္ဘောသား အရေအတွက်နှင့် အလုပ်အကိုင် မှာ မမျှတဘဲ ရှိနေသည်။

‘‘အရင်တုန်းက သွားတာက ကြားပွဲစားတွေနဲ့လည်း သွားကြ တယ်။ ဟိုကလိမ်တော့ ဒုက္ခ ရောက်ကြတယ်။ အခုနောက် ပိုင်းမှာ ဒါတွေကြပ်မတ်လိုက် တော့ လူတွေက ပုံသွားတာပေါ့’’ ဟု ရေကြောင်းညွှန်ကြားမှုဦးစီး ဌာနသင်္ဘောသားဌာနခွဲမှ ညွှန် ကြားရေးမှူး ဦးတိုးမြင့်ကပြော သည်။

ထို့အပြင် ပြည်တွင်းသင်္ဘော သားအေဂျင်စီများသည် သင်္ဘော သားများအပေါ် မှန်ကန်စွာ လုပ်ဆောင်မှု မရှိသည့်အတွက် နိုင်ငံတကာ သင်္ဘောကုမ္ပဏီကြီးများကပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာရန် လက်တွန့်နေခြင်းသည်လည်း အလုပ်အကိုင်ရှားပါးခြင်း အချက်ဖြစ်သည်ဟု မြန်မာ့ပင်လယ်ရေကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ကိုရဲဝင်းထွန်းကဆိုသည်။

‘‘ပြည်တွင်းမှာ အေဂျင်စီ တွေကလည်း သင်္ဘောသားအခွင့် အရေးချိုးဖောက်နေတာတွေရှိတယ်။ အဲဒီလို ကုမ္ပဏီတွေနဲ့ ဘယ်သူမှတွဲလုပ်မှာမဟုတ်ဘူး။ တချို့တွေက သင်္ဘောသားတွေ အရည်အချင်းမမီလို့ ဆိုပြီး ပြောကြတယ်။ တကယ်တမ်းက ဒီလိုအခွင့်အရေးချိုးဖောက်ခံရတာတွေကြောင့် ကုမ္ပဏီကြီးတွေက ၀င်မလာတာ’’ဟု ကိုရဲဝင်းထွန်းကပြောသည်။

လတ်တလောတွင် နိုင်ငံတ ကာ သင်္ဘောဈေးကွက်မှာလည်း ကျဆင်းနေပြီး ဥရောပ သင်္ဘောလိုင်းအချို့ပင် သင်္ဘောလျှော့ချမှုများရှိနေသည်ဟု Unity သင်္ဘောဝန်ဆောင်မှုကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်း ကပြောသည်။

‘‘အလုပ်အကိုင်ရှားပါးတယ် ဆိုတာကလည်း ကုမ္ပဏီကြီးတွေ က ကြေးများလာတယ်။ အရည်အ ချင်းမြင့်တဲ့ သင်္ဘောသားတွေ လို ချင်တယ်ဖြစ်လာတော့ အခွင့်အ လမ်းနည်းလာတာပေါ့’’ဟု ၎င်းက ဆက်လက်ပြော သည်။

‘‘သင်္ဘောသားအရာရှိတွေ အများကြီးမွေးထုတ်လိုက်တယ်။ ပြီးတော့ အလုပ်အကိုင်ကျတော့ တာဝန်ရှိမှုက မရှိဘူး။ပြီးတော့ ကုမ္ပဏီတွေကလည်း လုပ်ငန်း အတွေ့အကြုံတောင်းတယ်။ အများစုက ဘယ်လိုလုပ်ရှိကြ မလဲ။ မရှိတော့ မခန့်ကြဘူး။ မခန့်တော့ အတွေ့အကြုံမရှိနဲ့ ဖြစ်နေကြတယ်’’ဟု သင်္ဘော အရာရှိတစ်ဦး ကပြောသည်။

အလုပ်အကိုင်အခွင့်အ လမ်းနည်းပါးလာသည့်အတွက် သင်္ဘောသားလူသစ်များ သင်္ဘော တက်နိုင်ရန် ကျပ်သိန်းနှစ်ဆယ်မှ ငါး ဆယ်ကြားပေး၍ ပွဲစားမှ တစ်ဆင့်ကြိုးစားကြပြီး အများစုမှာ အလိမ်ခံရကာ ငါးဖမ်းသင်္ဘော ပေါ်တွင် လုပ်ကိုင်ရခြင်း၊ မလေးရှားနိုင်ငံရှိ ကမ်းရိုးတန်းသွား သင်္ဘောများတွင် လုပ်ကိုင် ရခြင်းတို့အဖြစ်များလာသည်။ ထို့အပြင် ယခုနောက်ပိုင်းတွင် ITF သက်ရောက်မှုမရှိသည့် အီရန်၊ ယူအေ အီးစသည့် နိုင်ငံများသို့ စေလွှတ်ခံရပြီး အခွင့်အရေးချိုးဖောက်ခံရသည့် ဖြစ်စဉ်များလည်းရှိ လာ ကြောင်း သတင်းရရှိသည်။

‘‘သင်္ဘောသားတွေက မိ သားစုနဲ့ ပတ်ဝန်းကျင်ဖိအားတွေ ရှိတဲ့အတွက် ဒီလိုင်းတွေပေါ် ရောက်သွားတယ်။ သင်္ဘောတက် ရရင်ပြီးရော ဟိုရောက်ရင် ဖြစ်သ လို လုပ်မယ်ဆိုပြီး သွားကြတယ်။ ဟိုမှာဖြစ်သလိုတောင် မနေရဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရ တယ်’’ဟု ကိုရဲဝင်းထွန်းကပြော သည်။

‘‘သင်္ဘောတက်တော့ အ လုပ်သင်စခန်းအရာရှိနဲ့ တက်ရ မယ်ပြောတယ်။ ဟိုရောက်တော့ အဆင်မပြေ ဘူး။ ပြန်လာဖို့ လုပ် တော့လည်း ပိုက်ဆံထပ်ပေးခဲ့ရ သေးတယ်။ သင်္ဘောက ကျွန်တော်တို့တွေ ပြန်တဲ့ အချိန်အထိ မထွက်ရသေးဘူး။ ရေထဲမှာပဲ ရှိသေးတယ်’’ဟု အီရန်နိုင်ငံ သင်္ဘောတွင် လုပ်ခဲ့ရပြီး အဆင် မပြေ၍ ပြန်လာခဲ့ရသည့် သင်္ဘော သားတစ်ဦးက သူ၏ အတွေ့ အကြုံကို ပြောသည်။

ထို့အပြင် သင်္ဘောသား လုပ်ခလစာကို ၂၀၁၃ ဒီဇင်ဘာ ကတည်းက ITF နှင့် ILO တို့က ပြဋ္ဌာန်းထားသော် လည်း လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် ယင်း နှုန်းထားအတိုင်း ရရှိခြင်းမရှိသေး ပေ။

၂၀၁၃ ဒီဇင်ဘာတွင် ITF နှင့် ILO တို့ ပြဋ္ဌာန်းထားသည့် သင်္ဘောသားလုပ်ခလစာမှာ ကုန်းပတ် ကျွမ်းကျင် သင်္ဘောသား (AB)ရာထူးအတွက် အနိမ့်ဆုံးအခြေခံ လစာ အမေရိကန်ဒေါ်လာ ၅၈၅ သတ်မှတ်ထားပြီး အချိန်ပိုကြေး၊ခွင့်ကြေးသည့်တို့ဖြင့် စုပေါင်း တွက်ချက်ရမည်ဖြစ်သည်ဟု ယင်းသတ်မှတ်ချက်တွင် ပါရှိသည်။

သို့သော်သင်္ဘောကုမ္ပဏီ များကလည်း အလုပ်ခေါ်ယူရာ တွင် သင်္ဘောသားလုပ်ခလစာကို စုစုပေါင်းနှုန်း ထားဖြင့် သာခေါ်ယူ လျက်ရှိပြီး လက်ရှိတွင် သင်္ဘော အခြေခံလစာမှာဒေါ်လာ ၂၀၀ နှင့် ၅၀၀ ကြားသာ ရရှိနေသေးကြောင်း သင်္ဘောသားအလုပ်အကိုင်ရေး ရာကျွမ်းကျင်သူများကပြောသည်။

နိုင်ငံတကာသင်္ဘောလိုင်း များတွင် မြန်မာသင်္ဘောသား များမှာ ဖိလစ်ပိုင်နိုင်ငံနှင့် အဓိက ယှဉ်ပြိုင်နေရသည့် အတွက် မြန် မာသင်္ဘောသားများမှာ စည်းမျဉ်း စည်းကမ်းလိုက်နာရန် လိုအပ်ပြီး အင်္ဂလိပ်စာအရည် အသွေးနှင့် လုပ်ငန်းခွင်အရည်အချင်းပိုမို ကောင်းအောင် မွန်ပြုလုပ်ထားသင့် ကြောင်း ဦးထွန်းထွန်းကပြော သည်။

ရေကြောင်းညွှန်ကြားမှု ဦး စီးဌာနတွင် တရားဝင်မှတ်ပုံတင် ထားသည့် သင်္ဘောသားစုဆောင်း ခြင်းနှင့် အလုပ်နေရာချထား ခြင်း ဆိုင်ရာ ၀န်ဆောင်မှုဆောင်ရွက် ပေးသော သင်္ဘောသားကိုယ်စား လှယ်လုပ် ငန်းလိုင်စင်(SRPS လိုင်စင်) ရကုမ္ပဏီမှာ ဧပြီ ၁ ရက်အထိ ၁၂၇ ခုရှိကြောင်း သတင်းရရှိသည်။

7Day Daily
No.362 Monday, April 28,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...