သကြားဓာတ် အစားလွန် သည့်အခါ . . .


ကိုထိုက်

တစ်ရက် ချောကလက် တစ်ထုပ် လောက် စားခြင်း သည်ပင် လူအတွက် အမြင့်ဆုံး ရှိသင့်သော သကြား ဓာတ် ပမာဏထက် ပိုများသွား စေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးလိုက်သည်။

လူ့ ခန္ဓာကိုယ် အတွက် လိုအပ်သော ကယ်လိုရီ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း ထက်ပိုပြီး သကြားဓာတ် မှ မရယူသင့် ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ညွှန်ကြား ထားဖူးသည်။ သို့သော် ယခုအခါ ၅ ရာခိုင်နှုန်း ထက် မပိုသင့်ဟု ပြင်ဆင် သတ်မှတ် လိုက်သည်ကို တွေ့ရသည်။ မြင်သာအောင် ပြောရမည် ဆိုလျှင် ကျန်းမာသော အရွယ် ရောက်ပြီးသူ တစ်ယောက် သည် တစ်ရက် ကို သကြားဓာတ် ၂၅ ဂရမ် (လက်ဖက်ရည် ဇွန်း ခြောက် ဇွန်းစာ) ထက် ပိုမစားသုံးသင့် ဟူ၍ ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ဘာကြောင့် ထိုသို့ သတိပေး ပါ သနည်း။ သကြားဓာတ် အစားများ သည့် အခါ ဘာ တွေ ဖြစ်နိုင် ပါသနည်း။ အောက်မှာ တင်ပြ ပါမည်။

၁။ သွားပိုးစား သည်။

သွားဆရာဝန် ပြောတာ လုံးဝ ယုံလိုက်ပါ။ သကြားဓာတ် အစားများ သည့်အခါ ကျိန်းသေပေါက် သွားပိုး စားသည်။ သွားနှင့် သကြား သည် ရန်ဘက်ကြီး များဆို လျှင် မမှား။ သွားနံရံမှာ ကပ်နေ သည့် ဘက်တီးရီးယား များ သည် သကြားဓာတ် ကို စားသုံးကာ ရှင်သန်ကြပြီး အက်စစ်ဓာတ် ကို စွန့်ထုတ် သည်တွင် သွားများ ကို စားသွားခြင်း ဖြစ်သည်။

၂။ ဗိုက်ပြည့် လို့ ပြည့်မှန်းမသိ စွတ်စား မိစေသည်။

လက်ပ်တင် ဟိုမုန်း သည် လူကို ဗိုက်ဝပြီ ဖြစ်ကြောင်း အချက်ပေး သည့် ဟိုမုန်း ဖြစ်သည်။ လက်ပ်တင် ဟိုမုန်း ပုံမှန် အလုပ် မလုပ်လျှင် လူသည် တော်တော် များများ စားသောက်ပြီး သွားသည့် တိုင် ဗိုက်ပြည့် သည့် ခံစားချက် မပေါ်သဖြင့် ပို၍ ပို၍ စားမိတတ် သည်။ ထိုသို့ဖြစ် ခြင်း ကို ခန္ဓာကိုယ်က လက်ပ်တင် ထုံသွားခြင်း ဟု ခေါ် သည်။ ဓာတ်ခွဲခန်း အတွင်း ကြွက်များနှင့် စမ်းသပ်ကြည့် ရာ သကြားဓာတ် လွန်ကဲစွာ စားမိသော ကြွက်များ သည် ထိုသို့ လက်ပ်တင် ထုံသွားခြင်းဖြစ် ကာ ဗိုက်ဝလို့ဝ မှန်းမသိဖြစ်ကာ အစား ပိုစား လာကြကြောင်း တွေ့ခဲ့ ရသည်။ သကြားဓာတ် ကို ပြန် လျှော့ချ လိုက်သည် တွင်ကား လက်ပ်တင် ပုံမှန် အလုပ်လုပ်ပြီး စားသောက် ၁မှုလည်း ပုံမှန်ပြန်ဖြစ် သွားသည် ကို တွေ့ရ သည်။

၃။ ၀လာတတ်သည်။

သကြားဓာတ် ကဲ ချိုရဲရဲ စားစရာ များသည် ကယ်လိုရီလည်း များသည်။ ဆာလောင်စိတ် ကိုလည်း မပြေစေ သဖြင့် ၎င်း တို့ကို ပိုစားမိပြီး ခန္ဓာကိုယ်ထဲ ကယ်လိုရီ များများ ၀င်သည်။ ၂၀၁၃ တစ်နှစ်တာ အတွင်း သကြား ဓာတ်စားသုံးခြင်းနှင့် ခန္ဓာကိုယ် အလေးချိန် ဆိုင်ရာ လေ့ လာမှု ၆၈ ခုအား ပြန်ခြုံငုံ သုံးသပ် ကြည့်ချက် အရ သကြားဓာတ် စားသုံးမှုများ လေ လူသည် ၀ိတ်တက် လေဖြစ်ကြောင်း တွေ့ရပြီး သကြားဓာတ် စားသုံးမှု လျှော့နိုင်လေ ၀ိတ်ကျသွား လေဖြစ်ကြောင်း လည်း တွေ့ခဲ့ရ သည်။

၎။ ဆီးချိုဖြစ်စေသည်။

သကြားဓာတ်များသည့် အချို ကဲကဲ စားစရာများ အစားများပါက ခန္ဓာကိုယ်တွင်း အင်ဆူလင်ဓာတ် အလုပ် ၀န်ပိတတ်သည်။ အင်ဆူလင်သည် သကြားဓာတ်ကို ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်အောင် ပြောင်းပေး သည့် ဟိုမုန်းဖြစ်သည်။ သကြားဓာတ် အစားများသည့်အခါ ခန္ဓာကိုယ်တွင်းမှာ အင်ဆူလင်ဓာတ် လည်း မြင့်တက်လာသည်။ အင်ဆူလင်သည် ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာများများ ရှိသင့်သော အရာမဟုတ်။ ထိုသို့ အချိန် ကြာကြာများများရှိနေပါက ခန္ဓာကိုယ်သည် ကြာလာလျှင် အင်ဆူလင် ထုံသွားပြီး သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲမှု ဖြစ်စဉ် နှေးကွေးကာ သွေးတွင်း၌ ဂလူးကို့စ်ဓာတ် များလာတော့သည်။ လူသည် နေရင်း ထိုင်ရင်း စိတ်ထွေပြားလာခြင်း၊ ဆာလောင်နေခြင်း၊ ဦးနှောက်ထဲ ကျပ်ခဲသလို ခံစားရခြင်း၊ သွေးပေါင်တက်ခြင်းများသည် ခန္ဓာကိုယ်က အင်ဆူလင် ထုံလာ ခြင်း လက္ခဏာများဖြစ်သည်။ အင်ဆူလင် ထုံခြင်း ပြင်းထန်လာသည့်အခါ နောက်ဆုံး အဆင့်အဖြစ် ဆီးချိုသို့ ရောက်ရှိ သွားတော့သည်။

၅။ အသည်း ပျက်စီး သည်။

အသည်းသည် ခန္ဓာကိုယ်တွင်း ၀င်လာသည့် ဓာတ်ပစ္စည်းများ ကို စစ်ထုတ် သည့် အလုပ်ကို လုပ်သည်။ ဓာတ် တစ်မျိုးမျိုး လွန်ကဲခြင်း သည် အသည်းကို ၀န်ပိ စေပြီး အသည်း ရောဂါ ဖြစ်ပွားတတ် သည်။ သကြားဓာတ် အစားလွန်ခြင်း သည်လည်း အလားတူ ပြဿနာ ဖြစ်ပွား နိုင်သည်။ သကြား ဓာတ် အ၀င်များ သည့်အခါ အသည်း သည်လည်း သကြားဓာတ် ကို ချေဖျက်စစ် ထုတ်သည့် အလုပ်ဖြင့် ၀န်ပိရသည်။ အရက် မသောက် ပါဘဲ အသည်းအဆီ ဖုံးရောဂါ ဖြစ်ပွားသူများ ကား သကြားဓာတ် အစားများခြင်း ကြောင့်ဖြစ်သည်။ အသည်း သည် များပြား သော သကြားဓာတ် ကို ချေဖျက် ရလွန်း သဖြင့် ပန်းသွား ကာ အဆီကို ချေဖျက်နိုင်မှု နည်းသွားပြီး အသည်း တွင် အဆီများ စုလာခြင်း ဖြစ်သည်။ ပြင်းထန် လာပါက နောက်ဆုံး တွင် အသည်း အလုပ်လုပ် နိုင်စွမ်း ရပ်သွား တတ်သည်။

၆။ ပန်ကရိယ ကင်ဆာ။

သကြားဓာတ် စားသုံးမှု များခြင်းနှင့် ပန်ကရိယ ကင်ဆာဖြစ်ပွား နိုင်နှုန်း များလာခြင်း လည်း တိုက်ရိုက် ဆက်စပ် နေကြောင်း စစ်တမ်းများ အရ သိရသည်။ ပန်ကရိယ ကင်ဆာသည် ကင်ဆာများ အနက် အန္တရာယ် အကြီးဆုံး တစ်မျိုးလည်း ဖြစ်သည်။ သကြားဓာတ် အစားများခြင်း ကြောင့် အ၀လွန် နိုင်ခြေနှင့် ဆီးချိုဖြစ် နိုင်ခြေ များလာ သည်။ အ၀လွန်ခြင်း ဆီးချိုဖြစ်ခြင်း သည် ခန္ဓာကိုယ်တွင်း အင်ဆူလင်များ လာခြင်းနှင့် အင်ဆူလင်ကို ခန္ဓာကိုယ် က ထုံသွားခြင်း တို့နှင့် ဆက်စပ် နေသည်။ သို့ဖြစ်ရာ အင်ဆူလင် ထုတ်ပေး သော ပန်ကရိယသည် လည်း ၀န်ပိကာ ပန်ကရိယ ထိခိုက်ပြီး ကင်ဆာ ဖြစ် ပွားခြင်း ဖြစ်ကြောင်း လေ့လာမှု စစ်တမ်းများ က ထောက်ပြ ထားသည်။

၇။ ကျောက်ကပ် ရောဂါ။

သကြားဓာတ် စားသုံးမှုများခြင်း သည် ကျောက်ကပ် ပျက်စီးနိုင်ခြေ ကိုလည်း များစေကြောင်း လေ့လာ မှုစစ်တမ်းများ က ထောက်ပြ ထားကြပြန် သည်။ အမေရိ ကန်နိုင်ငံ တွင် လူပေါင်း ၉၃၅၈ ဦး ပါဝင်သော လေ့လာ မှု စစ်တမ်း တစ်ရပ် အရလည်း သကြားဓာတ် အစားများ သူများသည် ကျောက်ကပ် ပျက်စီးမှု လည်း ပိုများကြောင်း တွေ့ရှိ ခဲ့ရသည်။ ဓာတ်ခွဲခန်းတွင် ကြွက်များကို ပုံမှန် ထက် ၁၂ ဆ ပိုများသော သကြားဓာတ်များ ကျွေးကာ စမ်းသပ်ကြည့်ခဲ့ သည်တွင်လည်း ကြွက်များသည် ကျောက်ကပ်များ ပိုကြီး လာကြသလို ကျောက်ကပ် ဆိုင်ရာ မူမမှန်ခြင်းများ ဖြစ်ပွား လာခဲ့ကြောင်း တွေ့ခဲ့ရ သည်။

၈။ သွေးတိုး။

အငန် စားလွန်းခြင်း သည် သွေးတိုးစေ သည့် အဓိက အကြောင်းရင်း ဖြစ်သည်။ သို့ဖြစ်သည့် တိုင် သကြား ဓာတ် အစားများခြင်း သည်လည်း သွေးတိုး စေသော မသိမသာ အကြောင်းရင်း တစ်ချက်ဟု စစ်တမ်းများ က ထောက်ပြ ထားသည်။ သွေးတိုး မရှိဖူးသူ ၄၅၂၈ ဦးနှင့် စမ်းသပ်မှု တစ်ခု လုပ်ဖူးသည်။ ထိုသူများ ကို တစ်ရက် လျှင် သကြားဓာတ် ၇၄ ဂရမ်နှင့် အထက် စားစေပြီး စောင့်ကြည့် ခဲ့ရာ ထိုသူများ သွေးတိုး ဖြစ်ပွား လာကြ ကြောင်း တွေ့ခဲ့ရသည်။

၉။ နှလုံးရောဂါ။

ဆေးလိပ် သောက်ခြင်း၊ မလှုပ်မရှား အထိုင်များ ခြင်းများ သည် နှလုံးရောဂါ ဖြစ်ပွား စေသည့် အဓိက အကြောင်း ရင်းကြီးများ ဖြစ်သည့်တိုင် သကြားဓာတ် အစားများခြင်း သည်လည်း မမြင်သာသော နောက် ထပ် အကြောင်းရင်း တစ်ရပ်ဟု သိရသည်။ သကြားဓာတ် အစားများခြင်း ကြောင့် ဖြစ်ပွား လာရသော အ၀လွန်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုဖြစ်ခြင်း များ သည် နှလုံးရောဂါ ၏ မြစ်ဖျား ခံရာများဖြစ်ရာ ပြန်ဆက်စပ် လိုက်ပါက သကြား ဓာတ် အစားများ လေ နှလုံး ရောဂါ ဖြစ်ပွားနိုင်ခြေ လည်း များလာလေ ပင် ဖြစ်သည် ကို တွေ့နိုင်သည်။ ဓာတ်ခွဲခန်း တွင် ကြွက်များ နှင့် စမ်းသပ်မှု တစ်ခုတွင် သွေးတိုးဖြစ် ပွားနေသော ကြွက် များကို သကြားဓာတ် များသော အစာများ ထပ်ကျွေးကြည့် သည်တွင် ထိုကြွက်များ သည် နှလုံး ဖောက်ပြန် ကုန်ကြသည် ကို တွေ့ရှိခဲ့ရသည်။ သကြားဓာတ် နှင့် နှလုံးရောဂါ ဆက်စပ်မှုကို လေ့လာမှု တစ်ရပ် တွင်လည်း လူပေါင်း ၁၁၇၃၃ ဦးကို လေ့လာ သုတေသန ပြုခဲ့သည်။ ထိုအခါ သကြားဓာတ် စားသုံးမှု များသူများ သည် နှလုံးရောဂါ ဆိုင်ရာ လက္ခာဏာ များ ပိုဖြစ်ပွားကြောင်းလည်း တွေ့ခဲ့ရသည်။ လူတစ်ယောက် တစ်နေ့ လိုအပ် သည့် ကယ်လိုရီ ပမာဏ၏ ၁၇ ရာခိုင် နှုန်းမှ ၂၁ ရာခိုင်နှုန်း ထိကို သကြားဓာတ် မှ ရယူနေသူ များသည် ၈ ရာခိုင်နှုန်း ခန့်သာ ရယူနေသူများထက် နှလုံး ရောဂါကြောင့် သေ ဆုံး နိုင်ခြေ ၃၈ ရာခိုင်နှုန်း ထိ ပိုများကြောင်း စစ်တမ်း ကောက်ချက် ချနိုင်ခဲ့သည်။

၁၀။ သကြားဓာတ် စွဲလန်းလာခြင်း။

ကဖိန်းဓာတ် သည် စွဲလန်းမှု ဖြစ်စေသည် ဟု ကျန်းမာရေး စစ်တမ်း အများအပြားက ထောက်ပြ ထား ကြပြီးဖြစ် သည်။ သကြားဓာတ် သည်လည်း စွဲလန်းစေ ကြောင်းကိုကား လူသိနည်း နေသေးသည်။ ဓာတ်ခွဲခန်း တွင် ကြွက်များ နှင့် စမ်းသပ်မှုများ အရ လွန်ကဲသော သကြားဓာတ် ကို အချိန်ကြာမြင့်စွာ စားလာ သော ကြွက်များ သည် သကြားဓာတ် စွဲလန်းလာကြကာ မစားရ သည့် အခါ ဂနာမငြိမ်ခြင်း မှသည် အခြားသော စွဲလန်းခြင်း ဆိုင်ရာ လက္ခဏာများ ပေါ်လာကြသည် ကို တွေ့ခဲ့ရသည်။ လူသားများတွင် လည်း အလား တူဖြစ်ပွား နိုင်ကြောင်း စစ်တမ်းများ က သတိပေး ထားသည်။

Ref: Terrible Things That Happen If You Eat Too Much Sugar (Business Insider)

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...