ကွန်ဂိုရထားမတော်တဆမှု သေဆုံးသူ (၇၀)ကျော်ထိ မြင့်တက်လာ



ကွန်ဂိုနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရထား မတော်တဆမှုအတွင်း သေဆုံးသူ အရေအတွက်မှာ (၇၀)ကျော် သွားပြီဟု သိရှိရသည်။ တနင်္ဂနွေနေ့တွင် စုစုပေါင်း အသေအပျောက် ပမာဏသည် (၇၄)ဦးထိ ရှိနေပြီဟု ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာသည်။ ရထားတစ်စင်းသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း က နိုင်ငံအရှေ့တောင်ပိုင်း ဒေသရှိ ကာမီနာတွင် ခုတ်မောင်းနေရင်း လမ်းချော်သွားခြင်း ဖြစ်သည်။ ရထားပေါ် တင်ဆောင်လာသည့် ကုန်စည်များကြောင့် တွဲများအတွင်း ပိတ်မိနေသူ အများအပြား ရှိနေသလို ရထားလမ်းချော်သည့် နေရာသည် ရွှံ့နွံထူထပ်သဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အဟန့် အတားများ ရှိနေကြောင်း AFPသတင်းဌာနက ဖော်ပြခဲ့သည်။



ကျန်းမာရေးဝန်ကြီး ဖိလစ်ကာဘန်ဂီက “တနင်္ဂနွေနေ့ ညပိုင်းအထိ အလောင်း(၇၄)လောင်း ရထားပါပြီ။ ဒဏ်ရာရသူ အရေအတွက်က (၁၆၃)ယောက်ထိ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့ တနေ့ထဲ တွင်ပင် အလောင်း(၂၀)မျှကို ထပ်မံဖော်ယူ ရရှိခဲ့သည်။ (၅)ရက်မျှ ကြာမြင့်နေပြီ ဖြစ်သည့်တိုင် တုံးလုံး လဲနေသော ရထားတွဲ အချို့ကို မဖယ်ရှားနိုင်သေးပေ။ အစောပိုင်းက သေဆုံးသူ အရေအတွက်ကို (၅၇)ဦး မှ (၄၈)ဦးသို့ လျှော့ချ ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် တရိပ်ရိပ် ပြန်တက်လာခြင်း ဖြစ်သည်။ ပြီးခဲ့ သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ရထားလမ်းချော်မှုတွင် ဒဏ်ရာပြင်းထန်သူ အများစုကို လူဘွမ်ဘာရှီရှိ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

မျက်မြင်များက အဆိုပါ ရထားသည် လူဦးရေ မတန်တဆ ပြွတ်သိပ် တင်ဆောင်လာပြီး စိန်ထွက်ရှိ မှုကြောင့် နာမည်ကျော်သည့် ကာဆိုင် အိုရီရန်တယ်လ် ဒေသသို့ ဦးတည်ခုတ်မောင်းစဉ် တိမ်းမှောက် သွားခြင်းဟု ပြောကြားခဲ့ကြသည်။ ကွန်ဂိုတွင် (၁၉၆၀)ပြည့်နှစ်က လွတ်လပ်ရေး ရလာပြီးနောက်ပိုင်း ရထားလမ်းများကို ပြင်ဆင်မွမ်းမံမှု ပြောပလောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...