ယူနိုက်တက် ပရိသတ် တစ်ဦး၏ ထူးထူးခြားခြား လောင်းကစားလျော်ကြေး

မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူးလ် အသင်းတို့ကြား ပရိသတ်ချင်း အလောင်းအစား လုပ်ကြသည်မှာ ဆန်းကျယ်သော ကိစ္စမဟုတ်ချေ။ သို့သော်လည်း ယူနိုက်တက် ပရိသတ် တစ်ဦး၏ ရှုံးနိမ့်မှု လျော်ကြေးကမူ အတန်ငယ် ပြောစမှတ်တွင်စရာ ဖြစ်လာခဲ့သည်။ အင်္ဂလန်မှ အသင်းနှစ်သင်း၏ ပရိသတ် နှစ်ဦး သည် ဘောလုံးရာသီ မစတင်မီက မည်သည့်အသင်း အမှတ်ပေးဇယားတွင် ရပ်တည်မှုအဆင့် ပိုမိုမြင့် မားကြောင်း လောင်းကြေးထပ်ရန် သဘောတူညီခဲ့သည်။ လောင်းကြောင်းမှာ မများလှဘဲ ဗြိတိန်ငွေသား (၁၀)ပေါင်မျှသာ ဖြစ်သည်။



ဘောလုံးရာသီ တစ်လျှောက်လုံး လီဗာပူးလ်က အခြေအနေ ကောင်းခဲ့ပြီး ချန်ပီယံဆုကိုပါ စိန်ခေါ်နိုင်သည် ထိ နီးစပ်ခဲ့ပြီး ဒုတိယ နေရာဖြင့် ရာသီသိမ်းခဲ့သည်။ ယူနိုက်တက်ကမူ မန်နေဂျာ အပြောင်းအလဲများဖြင့် ရုန်းကန်ခဲ့ရသလို အဆင့်(၇)သာချိတ်ကာ ဖြတ်သန်းမှု မလှပခဲ့ချေ။ ထို့ကြောင့်လည်း ယူနိုက်တက် ပရိသတ်က လီဗာပူးလ် ပရိသတ်ကို လောင်းကြေးငွေ ပေးချေခဲ့ရသည်။ သို့သော်လည်း သာမန် အတိုင်း ငွေသားလက်လွှဲပေးခြင်း မဟုတ်ဘဲ လီဗာပူးလ် အသင်း၏ ချန်ပီယံဆုနှင့် ကာလရှည်ကြာ ကင်းကွာမှုကို ထေ့ငေါ့ကာ စိတ်ကူးဆန်းဆန်းဖြင့် လျော်ကြေးပေးခဲ့ခြင်း ဖြစ်သည်။

ယူနိုက်တက် ပရိသတ်က (၁၀)ပေါင်ဖိုးမျှ ရရှိအောင် အကြွေစေ့(၂၀) စုဆောင်းကာ တစ်စေ့ချင်းစီတွင် ယူနိုက်တက် အမှတ်ပေးချန်ပီယံ ဖြစ်ဖူးသည့် နှစ်များကို စာကပ်ထားပြီး ဓာတ်ပုံဘောင်ဖြင့် အကျအန ပုံသွင်းကာ လီဗာပူးလ် ပရိသတ်လက်သို့ ပေးအပ်ခဲ့သည်။ ထို့အပြင် “ယူနိုက်တက် အကြိမ်(၂၀)”ဆိုသော စာကြောင်းကိုလည်း အဆိုပါ ဓာတ်ပုံဘောင်တွင် အခန့်သား ရေးထိုးထားသေးသည်။ ယင်းမှာ လီဗာပူးလ် က အမှတ်ပေးဖလား (၁၈)ကြိမ်သာ ရရှိဖူးပြီး ယူနိုက်တက်က အကြိမ်(၂၀)ထိ ရရှိဖူးသည်ကို ညွှန်းဆို ထားခြင်း ဖြစ်သည်။ လီဗာပူးလ်သည် လွန်ခဲ့သော (၂၄)နှစ်တာ အတောအတွင်း အမှတ်ပေး ချန်ပီယံဆုကို (၁)ကြိမ်မျှ မဆွတ်ခူးနိုင်ဘဲ ယူနိုက်တက်၏ ကျော်တက်ခြင်းကို ခံခဲ့ရသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...