မွတ်ဆလင်မှ ခရစ်ယာန်အဖြစ် ကူးပြောင်းခံယူသည့် ဆူဒန်အမျိုးသမီး သေဒဏ်ချမှတ်ခံရ

ဆူဒန်နိုင်ငံမှ အမျိုးသမီး ဆရာဝန် တစ်ဦးသည် မွတ်ဆလင်အဖြစ်မှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်း ခိုလှုံခဲ့သည့်နောက် သေဒဏ်စီရင်ချက် ချမှတ်ခြင်း ခံထားရကြောင်း သိရှိရသည်။ မာရီယမ်ယာဟ်ရာ အီဘရာဟင်မ်သည် လတ်တလောတွင် ခင်ပွန်းဖြစ်သူ၏ ဒုတိယကိုယ်ဝန်ကို လွယ်ထားရသည်။ သူမသည် ခရစ်ယာန် ဘာသာဝင် ခင်ပွန်းသည်နှင့် လက်ထပ်ပြီးနောက် ဘာသာပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် ဆူဒန်နိုင်ငံတွင် မွေးဖွားသူဖြစ်ရာ နိုင်ငံ၏ ဓလေ့ထုံးစံအရ အလိုအလျောက် အစ္စလာမ် ဘာသာဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည်။ ထို့ကြောင့် သူမအနေဖြင့် မွတ်ဆလင် မဟုတ်သူ ဒန်နီရယ်လ် ဝါနီကို လက်ထပ်လိုက်ခြင်းသည် ရာဇဝတ်မှုကြီး ကျူးလွန်သည့် အခြေအနေ ဆိုက်ရောက် သွားခဲ့သည်။

ဆူဒန်တရားရုံး တစ်ခုက အသက်(၂၇)နှစ်အရွယ်ရှိ မာရီယမ်အား ခရစ်ယာန် ဘာသာဝင် အဖြစ်မှ စွန့်ခွာပြီး မွတ်ဆလင် ဘဝကို ပြန်လည်ခံယူရန် အမိန့်ပေးခဲ့သည်။ သူမသည် အခြားဘာသာဝင် တစ်ဦးကို လက် ထပ်သည့်အတွက် လူမှုရေး ဖောက်ပြန်မှု စွဲချက်နှင့်ပါ ကြုံခဲ့ရသေးသည်။ ယမန်နေ့က တရားစီရင်မှုတွင် တရားသူကြီး အာဘက်စ်အယ်လ် ခါလီဖာက မာရီယမ်အား အစ္စလာမ် ဘာသာဝင်အဖြစ် ပြန်လည်ခံယူ ရန် ပြောဆိုသည့်အခါ သူမက “ကျွန်မက ခရစ်ယာန် တစ်ယောက်ပါ”ဟု တုံ့ပြန်ဖြေဆိုခဲ့သည်။ ထိုအခါ တရားသူကြီးက သူမကို သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။ တရားရုံး ဆုံးဖြတ်ချက်အရ မာရီယမ် မီးဖွားပြီး ချိန်ထိ ပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားမည်ဖြစ်ကာ ထို့နောက်တွင်မူ သူမကို ကြိမ်ဒဏ်ဦးစွာ ချမှတ်ပြီး သေဒဏ် ကိုပါ ထပ်ဆင့်ကျခံစေမည်ဟု သိရသည်။ ကလေး(၂)ဦးကိုမူ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရမည် ဖြစ်သည်။



အဆိုပါ စီရင်ချက် အပြီးတွင် သူမ၏ ခင်ပွန်းက “ကျွန်တော် အရမ်းစိတ်ရှုပ်နေတယ်။ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ ခုတော့ ဆုတောင်းရုံပဲ တတ်နိုင်တော့တယ်”ဟု CNN သို့ ပြောကြားခဲ့သည်။ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးကမူ ယခုစီရင်ချက်ကို အဆင့်မြင့် တရားရုံးတစ်ခု၌ အယူခံဝင်ခွင့် ရှိကြောင်း မှတ်ချက်ပေးထားသည်။ စီရင်ချက် ချမှတ်နေချိန်တွင် တရားရုံး အပြင်ဘက်၌ လူပေါင်း(၅၀)မျှ စုရုံးက “ဘာသာရေး လွတ်လပ်ခွင့်ကို အသိအမှတ်ပြုပါ”ဟု ဆန္ဒပြနေခဲ့ပြီး မွတ်ဆလင် အချို့ကမူ ဝမ်းသာ အားရဖြင့် အောင်ပွဲခံကာ “အလ္လာဟ်သည် အကြီးမြတ်ဆုံး ဖြစ်သည်”ဟု ကြွေးကြော်နေခဲ့ကြောင်း သိရှိရ သည်။

မာရီယမ်သည် ဖေဖော်ဝါရီလဆန်းက အဖမ်းခံရပြီး သူမ၏ (၂)နှစ်မပြည့်သေးသည့် သားငယ်နှင့်အတူ အမျိုးသမီး အကျဉ်းထောင် တစ်ခုသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ သူမနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ယခု ကိစ္စအတွက် ရဲများထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ မတ်လဆန်းတွင် မာရီယာမ်သည် လူမှုရေး ဖောက်ပြန်မှု၊ ဘာသာရေး ဖောက်ပြန်မှုများဖြင့် တရားစွဲခံရပြီး လူမှုရေး ဖောက်ပြန်မှုအတွက် ကြိမ်ဒဏ်နှင့် ဘာသာရေး ဖောက်ပြန်မှုအတွက် သေဒဏ် စီရင်ခံခဲ့ရသည်။ မာရီယမ်၏ ခင်ပွန်းမှာ လတ်တလောတွင် မိခင်နှင့်အတူ ထောင်ထဲတွင် ရှိနေသည့် သားဖြစ်သူ မာတင်နှင့်လည်း တွေ့ဆုံခွင့် မရကြောင်း သတင်းများ က ဖော်ပြသွားသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...