YouTube တွင် ကြည့်ရှုသူ သန်း(၁၀၀၀)ပြည့်ခဲ့သည့် Girls’ Generation



YouTube ဝက်ဘ်ဆိုက်ပေါ်တွင် ကြည့်ရှုသူ အရေအတွက် သန်း(၁၀၀၀)ပြည့် ဗီဒီယိုပိုင်ရှင်များ စာရင်း ၌ တောင်ကိုရီးယား Kpop ကြယ်ပွင့် အမျိုးသမီး ဂီတအဖွဲ့ Girls’ Generation လည်း ပါဝင်လာပြီ ဖြစ် သည်။ တောင်ကိုရီးယား ဂီတလောကကို လွှမ်းမိုးထားသည့် Girls’ Generation တို့ အနေဖြင့် ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာထိ ပရိသတ်အင်အား တိုးချဲ့ပိုင်ဆိုင်လာနေသည်ကို ယခုမှတ်တမ်းက ညွှန်ပြနေသည်။ YouTube က ကြည့်ရှုခြင်း ခံရသူ အရေအတွက် သန်း(၁၀၀၀)ပြည့်မြောက်သည့် One Billion Club အဖွဲ့ဝင်အဖြစ် Girls’ Generation လည်း ပါဝင်လာခဲ့ပြီဟု အတည်ပြုပေးခဲ့သည်။ ဂီတလောကတွင် အထင်ကရ ကြယ်ပွင့်များဖြစ်သည့် ရှာကီရာ၊ အမ်မီနမ်၊ ဂျက်စတင်တင်းဘားလိတ်ခ်၊ ရီဟာနာ၊ လေဒီဂါဂါတို့ကဲ့သို့ ပုဂ္ဂိုလ်များနှင့်တန်းတူ ရပ်တည်မှုမျိုးကို Girls’ Generation အနေဖြင့် ပိုင်ဆိုင်လာခြင်းလည်း ဖြစ်သည်။



Pop Dust ၏ အဆိုအရ လက်ရှိ Girls’ Generation ၏ အောင်မြင်မှုသည် Kpop ရပ်ဝန်းမှရော၊ အနောက်နိုင်ငံများမှရော ထင်ရှားကျော်ကြားသည့် အမျိုးသမီး ဂီတအဖွဲ့များဖြစ်သည့် 2NE1၊ AKB48၊ Destiny’s Child၊ Spice Girls၊ Little Mix တို့ထက် အသာစီး ရနေကြောင်း သိရှိရသည်။ အထူးသဖြင့် အဖွဲ့၏ Gee သီချင်းမှာ ပရိသတ်ကြား ရေပန်းစားခဲ့ပြီး ထိုသီချင်း တစ်ပုဒ်တည်းကို ကြည့်ရှုသူ အရေ အတွက် သန်း(၁၂၀)ကျော်ထိ ရောက်ရှိခဲ့သည်။ ထို့အပြင် I Got A Boy မှာလည်း လူကြိုက်များခဲ့ပြီး ယင်းသီချင်းသည် လေဒီဂါဂါ၊ ဂျက်စတင်ဘီဘာ၊ မိုင်လီဆိုင်းရပ်စ်တို့၏ သီချင်းဗီဒီယိုများကို ကျော်ဖြတ်ကာ YouTube ၏ တစ်နှစ်တာ အကောင်းဆုံး ဗီဒီယိုဆုကို ရရှိခဲ့သည်။

Girls’ Generation အဖွဲ့ဝင်များသည် တစ်ဦးချင်းအလိုက် ဂီတနှင့် ဖက်ရှင်နယ်ပယ်တွင် ခွဲထွက်လှုပ်ရှားမှု များ ရှိသော်လည်း အဖွဲ့ကိုမူ အပြိုကွဲမခံခဲ့ချေ။ လက်ရှိတွင် Girls’ Generation အဖွဲ့ဝင် (၉)ဦးလုံးသည် သူမတို့၏ Mr. Mr သီချင်းသစ်အတွက် Promotion အစီအစဉ်များ အပြီးကတည်းက တစ်ဦးချင်း လှုပ်ရှားမှု များဖြင့် အတန်ငယ် အလုပ်များနေသည်။ ဂျက်ဆီကာသည် ညီမဖြစ်သူ SM the Ballad အဖွဲ့ဝင် ခရစ္စတယ်လ်နှင့်အတူ Cover Girl အမည်ရှိ ကိုယ်ပိုင် TV Show တစ်ခု အစပြုရန် စီစဉ်လျှက် ရှိပြီး ယွန်အာကမူ ဒူဘိုင်းသို့ သွားရောက်ကာ Chanel အမှတ်တံဆိပ်၏ ဖက်ရှင်ရှိုးပွဲသို့ တက်ရောက်ခဲ့သည်။ ဆန်နီကမူ အသံလွှင့် အစီအစဉ်တစ်ခုတွင် DJ အဖြစ် ပါဝင်လျှက် ရှိသည်။ Girls’ Generation ကို (၂၀၀၇)ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး တေယွန်း၊ ဂျက်ဆီကာ၊ ဆန်နီ၊ တစ်ဖ်နီ၊ ဟိုယွန်း၊ ယူရီ၊ ဆူယောင်း၊ ယွန်အာ၊ ဆိုဟွန်းတို့ ပါဝင်ထားကြသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...