Alcohol taxes and public health အရက်ခွန်နဲ့ ကျန်းမာရေး

The Voice Weekly မှာ ဖတ်လိုက်ရတယ်။ “ကျန်းမာရေး ဝန်ကြီးဌာနမှ အရက်၊ ဘီယာနှင့် ဆေးလိပ်များ၏ သွင်းကုန်ခွန်များ လျှော့ချခဲ့မှုနှင့် ပတ်သတ်ပြီး ကန့်ကွက်သွားရန် အစီအစဉ်များ ရှိကြောင်း နေပြည်တော်၊ ကျန်းမာရေး-ဝန်ကြီး ဌာနရုံးတွင် ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုတွင် ဒေါက်တာ တင့်ဆွေလတ်က ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။”

ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်ကို လေးစား-ထောက်ခံပါရစေ။ နာမည်ဆင်လို့မဟုတ်ပါ။ “အရက် ကို အကောက်ခွန် များများတင်လိုက်ရင် လူတွေရဲ့ လူမှုသုက္ခတွေ နည်းမလား ဆိုတဲ့ အယူအဆ ဟုတ်ပါ့ မလား” လို့ စောဒက တက်ပါတယ်။ ငြင်းသူတွေကနေ ပြောတာက “ဒီခေတ်မှာ အရက် သောက်တာ မဆန်းတော့ဘူး။ အရက် သောက်နေသူတွေဟာ အရက်ဈေး ဘယ်လောက်ကြီးကြီး ဝယ်သောက် ကြမှာဘဲ။” ၂၇-၉-၂ဝဝ၉ မှာ ထုတ်တဲ့ American Council on Science and Health (ACSH) Dispatch မှာ အဲလို ရေးခဲ့တာပါ။

Albert Einstein College of Medicine က Dr. Nigel Bark ကတော့ ဒီလို ဆင်ခြေမျိုးကို သဘော မတူဘူး။ “နှစ်ပေါင်း ၃ဝ အတွင်း Cost (basically taxation) of alcohol အရက်ဈေး (အတိအကျ ပြောရရင် အရက်ခွန်) နဲ့ Alcohol related morbidity and mortality အရက်နဲ့ ဆက်ပြီး ဖြစ်စေတဲ့ ရောဂါဖြစ်နှုန်း + သေနှုန်းတွေဟာ အသေအခြာ ဆက်စပ် နေပါတယ်။ Inverse relationship ပြောင်ပြန်-အချိုး ကျနေတယ်။ အရက်ကို အသေအလဲ စွဲနေသူဟာ အရက် ဘယ်လောက် ဈေးမြှင့်မြှင့် ဆက်သောက်နေမယ်ဆိုတာ မှန်ပေမဲ့ အဲလို အရက်ချိုး(ဂျိုး) ဆိုတာ လူဦးရေ အများထဲမှာ နည်းနည်းလေး သာ ရှိတာပါ။”

“ဒီလို ငြင်းဆိုချက်ဟာ အသစ်အဆန်း မဟုတ်သလို ခိုင်မာမှုလဲ နည်းပါတယ်။ နှစ် ၃ဝ အတွင်းမှာ တွေ့ရနေကြပါ။ တကယ်တော့ သမိုင်းက ပြောနေပါတယ်။ ၁၈ ရာစုထဲ၊ အင်္ဂလန်မှာ Gin (ဂျင်) ကို ပဌမဆုံး အခွန်စည်းကြပ်လိုက်တော့ လူထု-ကျန်းမာရေးမှာ သိသိသာသာ အကျိုးရစေခဲ့တယ်။ အထူး သဖြင့် မြို့ကြီးတွေနဲ့ အမျိုးသမီးတွေရော ကလေးတွေ အတွက်ပါ ပိုကောင်းခဲ့တာပါ။”

၂၇-၁ဝ-၂ဝဝ၆ (ယူကေ) ကနေလာတဲ့ သတင်းတပုဒ်မှာ Binge drinkers အရက်ချိုးတွေနဲ့ အသက် မပြည့်ဘဲ အရက် သောက်သူတွေကို ဦးတည်ပြီး အရက်ခွန် မြှင့်တင်ဘို့ ကျန်းမာရေး ဝန်ကြီး Patricia Hewitt ကနေ တိုက်တွန်းတယ်။ BBC Radio 4 ကို ပြောတာက “ဒီနည်းလမ်းဟာ အပြင်ပန်း ကြည့်ရင် ဆွဲဆောင်မှု ကောင်းပါတယ်။ ပြဿနာကို ရှင်းပေးမှာတော့ မဟုတ်သေးဘူးပေါ့။”

National Statistics စာရင်းဇယားဌာနရဲ့ ဖွင့်ဆိုချက်အရ တထိုင်ထဲမှာ ယောက်ျားဆို ၈ ယူနစ်၊ မိန်းမဆို ၆ ယူနစ် ထက် အရက် ပိုသောက်တာကို Binge drinking လို့ သတ်မှတ်တယ်။ အဲဒါမျိုး ဗြိတိန်မှာ ယောက်ျား ၂၃%၊ မိန်းမ ၆% ရှိနေတယ်။ ပိုခက်တဲ့ ပြဿနာက အသက် ၁၆ နဲ့ ၂၄ နှစ်ကြား လူငယ်တွေ ဖြစ်နေတယ်။ (ယူကေ) မှာ တခြား ဥရောပ နိုင်ငံတွေထက် မိန်းမတွေ အရက်သောက်တာ ပိုတိုးလာနေ လို့ အရက်နဲ့ ဆက်ပြီး သေဆုံးမှုလဲ အနှစ် ၂ဝ အတွင်းမှာ ၂ ဆ တိုးလာတယ်။

အတိုက်အခံ နိုင်ငံရေးပါတီက ပြန်ထောက်ပြတာက “ဒါဟာ အာဏာရအစိုးရရဲ့ အရက်-ပေါ်လစီ မအောင်မြင်တာကို မျက်နှာဖုံး စွပ်ပြီး ဝန်ခံရာ ရောက်တယ်။ အမှန်က အရက် အပြင်းစားတွေကို အခွန်တိုးပြီး သာမန်အရက်တွေအပေါ်မှာ အခွန် လျော့ချသင့်တယ်။”

သုတေသန လုပ်သူတွေကနေ ထောက်ပြတာက “စနေ၊ တနင်္ဂနွေနေ့တွေမှာ Pedestrian deaths လမ်းဘေးမယ် သေရတာတွေထဲက ၈ဝ% ဟာ အရက်နဲ့ ဆက်စပ်နေတယ်။ နောက်ပြီး ဆေးရုံ-အရေးပေါ် ဌာနတွေမှာ နဲ့ လူရှုတ်ချိန် မတော်တဆ ဖြစ်မှုတွေထဲက ၄ ပုံ ၃ ပုံလောက်ကလဲ အရက်ကြောင့်ပဲ။”

၂၂-၂-၂ဝဝ၈ နေ့သတင်းတခုမှာ Higher tax on alcohol would save lives အရက်ခွန် တိုးလိုက်ရင် လူ့အသက်တွေ အများကြီးကို ကယ်ရာရောက်မယ်လို့ ဗြိတိန်မှာ လှုံ့ဆော်ခဲ့ကြတယ်။ British Medical Association (BMA) ကနေ ပြောတယ် "ဘီယာ၊ ဝိုင်နဲ့ အရက်ကို အခွန် ၁ဝ% တိုးလိုက်ရင် အရက်နဲ့ ဆက်ပြီး သေဆုံးနေတဲ့ အရေအတွက်ကို လေးပုံ တပုံမက ကျဆင်းလိမ့်မယ်။" အစိုးရနဲ့ အရက် ကုမ္ပဏီ တွေ နီးစပ်မှုရှိနေတာကိုလဲ ထောက်ပြ ကန့်ကွက်ကြပါတယ်။ အဲလို နိုင်ငံရေးသမားတွေကို Loss leaders အရှုံးသမား ခေါင်းဆောင်တွေ လို့ ခေါ်လိုက်တယ်။ နာမည်ကြီး အရက်သမား အနုပညာရှင်တွေ ကိုလဲ ပြစ်တင်တယ်။ Arctic Monkeys တွေဟာ “အဆိုး-နမူနာ ပေးနေသူပါ” လို့ သမုတ်လိုက်တယ်။

၁၃-၁၁-၂ဝဝ၈ နေ့မှာ CNN တီဗွီ ကနေ ထုတ်လွှင့်သွားတာတခုက Paying more for alcohol saves lives "အရက်ဈေး တက်ပေးရင်၊ အသက်သွေးတွေ ကယ်နိုင်မယ်" တဲ့။ အမေရိကန်ပြည်ထောင်စု၊ (အလာစကာ) ပြည်နယ်မှာ အရက်ခွန် တိုးလိုက်တိုင်း၊ တိုးလိုက်တိုင်း၊ အရက်နဲ့ ဆက်ပြီး သေဆုံးရနှုန်း တွေ ကျလာတာကို ၂၈ နှစ်တာ ဆန်းစစ်မှုအရ သိရတယ်။ ၁၉၈၃ တုံးက အရက်ခွန် တိုးလိုက်တော့ အရက်ကြောင့် သေဆုံးနှုန်း ၂၉% လျော့ခဲ့တယ်။ ၂ဝဝ၂ ခုမှာ တိုးပြန်တော့ ၁၁% ကျပြန်တယ်လို့ American Journal of Public Health မှာ ထုတ်ပြန်လိုက်တယ်။

ဥရောပနိုင်ငံတွေမှာ အရက်ဈေးနှုန်းတွေ အတော်ကြီး ကွာခြားကြတယ်။ ပျမ်းမျှ Spirits အရက် တပုလင်းဈေး ကတော့ -
- Germany ဂျာမနီ = € 4.0
- Estonia အက်စ်တိုးနီးယား = € 5.57
- Denmark ဒိန်းမတ် = € 10.75
- Finland ဖင်လန် = € 20.09
- Sweden ဆွီဒင် = € 21.54
- Iceland အိုက်စလန် = € 28.37
- Norway နော်ဝေ = € 39.01

စကော့တလန်မှာ Violent crimes အကြမ်းဖက်-ရာဇဝတ်မှုတွေရဲ့ ၄၃% ဟာ အရက်နဲ့ ဆက်စပ်နေတာ တွေ့ရတယ်။ ဒါကြောင့် အရက်ကို Norweigan approach နော်ဝေမှာ ကိုင်တွယ်သလို လုပ်သင့်တယ်လို့ တချို့ကနေ တောင်းဆို လာကြတယ်။

နော်ဝေမှာ အရက်ဝယ်ဘို့ရာ အတော် မလွယ်ပါ။ ဘီယာ ထက်ပြင်းတဲ့ Wine, Whiskey, Brandy ဝယ်ချင်ရင် Vinmonopolet ဆိုတဲ့ဆိုင် လိုက်ရှာဝယ်ရမယ်။ ဒီဆိုင်မျိုးဆိုတာ ပုဇွန်ရောင်းတဲ့ နေရာလိုမှာ သွားဝယ်ရတာကိုက အနှိမ်ခံရသလိုဘဲ။ ၂ဝဝ၁ ဈေးအရ Absolut Vodka (ဗော်ဒကာ) တပုလင်း ဝယ်ရင် 297 Krone (£30) ပေးရမယ်။ အဲဒီ တန်ဘိုးထဲက 197.12 Krone ဟာ Alcohol tax အရက် ခွန် ဖြစ်တယ်။ အရက်တန်ဘိုးက 29.73 သာရှိတယ်၊ ဆိုင်ခွန်က 11.11 ပေးရမယ်၊ Sales tax အရောင်း ခွန်က 57.48 ပါမယ်။ Packaging tax ထုပ်ပိုးခွန်က 1.56 ဖြစ်တယ်။ အခွန်အားလုံး ပေါင်းလိုက်တော့ 199.16 ဆောင်လိုက်ရတယ်ပေါ့။

အိန္ဒိယမှာ အရက်သေစာကို ဖွဲ့စည်းပုံ ပေါ်လစီ အခြေခံမူမှာကို ထည့်ရေးထားပါတယ်။ အပိုဒ် (၄၇) မှာ "လူနေမှု အဆင့်အတန်းနှင့် အာဟာရ မြှင့်တင်ပေးရန်မှာ နိုင်ငံတော်၏ မူလတာဝန် ဖြစ်သည်။ ဆေးဝါး အလို့ငှာ သုံးသည်ကလွဲ ၍ ကျန်းမာရေးကို ထိခိုက်စေနိုင်သော မူးယစ်စေသည့် ဆေးဝါးနှင့် အရည်များ အား နိုင်ငံတော်က တားမြစ်ရမည်။”

ဒါပေမဲ့ လက်ရှိအခြေအနေမှာ အရက်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတယ်။ တိုင်းရင်းသား ဒေသ တွေမှာ ပိုများတယ်။ မြို့နေ ယောက်ျားတွေကလဲ နမူနာဘဲ။ အနှစ် ၂ဝ အတွင်း အရက်သောက်သူ ၁၅-၂ဝ% ကနေ ၃ဝဝ% အထိ သိသိသာသာ တိုးလာတယ်။ ၅% က အရက်စွဲသူတွေ ဖြစ်နေတယ်။ နည်းတခုအနေနဲ့ အရက်ဝယ်နိုင်တဲ့ အသက်ကို တိုးစေတာ ဖြစ်တယ်။ တချို့ပြည်နယ်တွေမှာ ၁၈ နှစ် ကနေ ၂၅ နှစ်အထိ တိုးတယ်။ ထိရောက်မှုကို လေ့လာတာ မလုပ်ရသေးပါ။ အရက်ခွန်ကလဲ အစိုးရ အတွက် ဝင်ငွေ အများကြီး ရစေတယ်။ ၁ဝ% အထိရှိတယ်။ နမူနာကတော့ ပန်ဂျပ်မှာ ၃ ပုံ ၁ ပုံမက ရတယ်။

တချို့ပြည်နယ်တွေမှာ ဖွဲ့စည်းပုံပါ လမ်းညွှန်ချက်ကို ထည့်ထားရာကနေ ဖြုတ်လိုက် ကြတယ်။ အရက်ခွန် တိုးတာဟာ အရက် သောက်နေတာကို မလျော့စေဘူး။ သောက်သုံးသူတွေအတွက် စီးပွါးရေး ထိခိုက် တယ်။ လာဘ်စားမှု၊ ရာဇဝတ်မှု၊ မှောင်ခို ရောင်းဝယ်မှုတွေ တိုးစေတယ်လို့ ထောက်ပြကြတယ်။ အိန္ဒိယ က တချို့နေရာတွေမှာ အခွန်ရအောင် အစိုးရက အရက် ရောင်းခွင့် ပြုပေမဲ့ အစိုးရအခေါ် သူပုန်တွေက အရက်ကို တားမြစ်တယ်။ သူပုန့်သြဇာက ပိုထိရောက်လို့ တိတ်တိတ်ပုန်းသာ ရောင်းကြ-သောက်ကြ ရတယ်။

Social Justice and Empowerment ဝန်ကြီးဌာန၊ မီဒီယာ၊ လူငယ်အသင်းအပင်းတွေ၊ Health and Family Welfare ဝန်ကြီးဌာန၊ NGOs တွေ လက်တွဲပြီး အရက်သေစာ တိုက်ဖျက်ရေး လုံးပမ်းနေကြ တယ်။ UNDCP နဲ့ ILO တွေလဲ ပါတယ်။ NGO တွေထဲမှာ Indian Health Organisation (IHO), Youth for Christ India (YFC), Health Related Information Dissemination Amongst Youth (HRIDAY) နဲ့ Student Health Action Network (SHAN) တွေ ပါဝင်တယ်။ မြန်မာပြည်မှာ ဒါမျိုးတွေ ရှိလာသင့်ပါတယ်။

ဒီမိုကရေစီ ရှိရာနေရာတွေမှာ ဘာဘဲလုပ်လုပ် အကောင်း-အဆိုး၊ ကြိုက်-မကြိုက် ငြင်းခုံမှုတွေနဲ့ အမြဲ မပြတ် ရှင်သန်နေတယ်။ အထောက်အထား ကောင်းကောင်း (ကင့်ပိန်း) ကောင်းကောင်း ရှိတာက အသာစီးရတတ်တယ်။ နိုင်တဲ့လူက တသက်လုံး နိုင်နေမှာတော့ မဟုတ်ဘူး။ လူပြိန်းတွေ များနေရင် လူပြိန်းကြိုက်က အနိုင်ရနေအုံးမယ်။

၁၅-၇-၂ဝ၁ဝ နယူးယော့ခ် ကလာတဲ့ သတင်းတခုမှာ “Americans armed themselves to the teeth and paid through the nose to have a smoke အမေရိကန်တွေဟာ သူတို့ကိုယ်သူတို့ လက်နက်တွေ တပ်ဆင်ထားပြီး နှာဖျားကနေ မီးခိုးထွက်အောင် လုပ်နေကြတယ်” လို့ ရေးထားပါတယ်။ ဖက်ဒရယ်-အစိုးရကနေ အရက်၊ ဆေးလိပ်၊ လက်နက်ငယ်နဲ့ ကျည်ဆံတွေအပေါ်ကနေ အခွန်ကောက်လို့ ၂ဝဝ၉ ခုနှစ်အတွင်းမှာ ၁ဝ့၆ ဘီလျန်ရနေလို့ ရေးတာပါ။

Sin tax ဆိုတာကို လူအများ စားသုံးပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ကောက်တဲ့ (အကုသိုလ်) အခွန်လို့ ခေါ်တယ်။ အရက်၊ ဆေးလိပ် သာမက Candies (ကင်ဒီ)၊ Soft drinks ဖျော်ရည်၊ Fat foods အဆီများ အစားအစာ၊ Coffee ကော်ဖီ သာမက Prostitution ပြည့်တန်ဆာ လုပ်ငန်းနဲ့ Gambling လောင်ကစား တွေအပေါ်မှာ ကောက်တဲ့ အခွန်တွေ ဖြစ်တယ်။ ဒီလိုအခွန်မျိုး တိုးတယ်ဆိုတာ စားသုံး-ရောင်းဝယ်မှု နည်းစေအာင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြိုက်သူတွေက Sumptuary taxes လို့ ခေါ်ကြ တယ်။ အများအကျိုးကို ဖြစ်စေတာ အမှန်ဘဲ။ ရတဲ့ အခွန်ငွေကို သုံးတာမှာလဲ ရည်ရွယ်ချက်ကောင်း ရှိရမယ်။ ကျန်းမာရေး၊ အားကစားရုံ၊ အရက်၊ မူးယစ်သမားတွေအတွက် နလံထစခန်း၊ စတာမျိုးတွေ အတွက် သုံးသင့်တယ်။

• ၂၇-၂-၂ဝဝ၈ ဟောင်ကောင်မှာတော့ အရက်ခွန်တွေ ဖယ်ရှား လိုက်ပါသတဲ့။
• ၂၇-၄-၂ဝဝ၈ သြစတြေးလျမှာ ကျန်းမာရေး ဘက်တော်သားတွေက အရက်ခွန် တိုးတာကို ထောက်ခံ လိုက်ကြတယ်။ သူတို့ဆီမှာ Pre-mixed alcoholic beverages ကြိုတင် ဖျော်ထားပြီးသား အရက်ခွန်ကို တလီတာမှာ $39 ကနေ $67 အထိ တိုးလိုက်ပါတယ်။ Public Health Association of Australia (PHA) က လူငယ်-လူရွယ် အမျိုးသား-အမျိုးသမီး Alcopops တွေအပေါ်မှာ သက်ရောက်မှု ရှိမယ်လို့ ပြောပါတယ်။
• ၁၂-၅-၂ဝဝ၈ ဗြိတိန်က သတင်းမှာလဲ အတူတူဘဲ။ Alcohol tax hiked to tackle binge drinking အရက်ခွန် တိုးတာ အရက်ချိုး(ဂျိုး) တွေ အတွက်ပါတဲ့။
• ၃ဝ-၁၁-၂ဝဝ၈ ဖင်လန်ကလဲ Finland ups its alcohol tax to curb binge drinking အဲဒီအတိုင်း လိုက်လုပ်တယ်။
• ၁၈-၅-၂ဝဝ၉ အမေရိကန် ဆီးနိတ်မှာ Alcohol, soda tax to fund health care plan အရက်၊ ဆေးလိပ်နဲ့ ဆိုဒါကို အခွန် တိုးကောက်ပြီး ကျန်းမာရေး-စီမံချက်မှာ သုံးဘို့ အဆိုပြုခဲ့တယ်။
• ၁-၈-၂ဝဝ၉ တရုပ်မှာ အဲလိုလုပ်ရင် အလုပ်သမားတွေက ကြိုက်မယ် မထင်ဘူးတဲ့။
• ၈-၉-၂ဝဝဝ မှာ Cable Television Network (Regulation) Amendment Bill ဥပဒေ လုပ်ပြီး အရက်နဲ့ စီးကရက် ကြော်ညာတာတွေကို တားမြစ်လိုက်တယ်။

၎-၄-၂ဝ၁၁ ဖိလစ်ပိုင် ပညာရှင်အဖွဲ့ရဲ့ တိုက်တွန်းချက်တခု ထွက်လာတယ်။ "အရက်နဲ့ ဆေးလိပ်အပေါ် မှာ Excise taxes စည်းကြပ်ခွန် ၅ဝ% တိုးမြင့်လိုက်ရင် တနှစ်တနှစ်မှာ အစိုးရအတွက် အခွန်ငွေ အမေရိကန်ဒေါ်လာ ၁့၎ ဘီလျန် တိုးလာမယ်" တဲ့။ Congressional Policy and Budget Research Department ကွန်ကရက် ပေါ်လစီ နဲ့ ဘတ်ဂျက် သုတေသနဌာနကနေ အဲလို အခွန်တိုးရလာမှာကို Health sector ကျန်းမာရေးကအတွက် သုံးသင့်တယ်လို့ ဆိုတယ်။

ဒီအဖွဲ့က ဝင်ငွေနည်း-တိုင်းပြည် ၂၂ နိုင်ငံကို လေ့လာပြီး သုတေသန လုပ်ခဲ့တာပါ။ တပြိုင်နက်ထဲမှာ တိုးရမဲ့ အခွန်ငွေကို ဘယ်နေရာမှာ သုံးမလဲ ဆိုတာလဲ မေးခွန်းဖြစ်တယ်။ အခွန်ရဲ့အမျိုးအစားက တိုးတိုးရနေမှာမျိုး မဟုတ်ဘူး၊ ဆင်းရဲသူတွေက အခွန်ပိုပေးရမယ်၊ လူ့စရိုက်ကလဲ ပြောင်းလဲလာဘို့ မဖြစ်နိုင်ဘူး၊ တိုးတက်ဘို့ အလားအလာရှိတဲ့ စီးပွါးရေးကိုလဲ နှိမ်ရာကျနေတယ်။ ဒါ့ကြောင့် ရလာမဲ့ အခွန်ကို အကျိုးရှိမဲ့နေရာမှာသုံးဘို့ သိပ်အရေးကြီးတယ်။

၆-၄-၂ဝ၁၁ သတင်းအရ အမေရိကားမှာ အရက်နဲ့ဆက်ပြီး သေဆုံးရသူပေါင်း တနှစ်မှာ ၈ သောင်း ၅ ထောင်ရှိတယ်။ American Journal of Public Health ကနေ “Effects of Alcohol Tax and Price Policies on Morbidity and Mortality: A Systematic Review” (အရက်ခွန်နဲ့ ဈေးနှုန်း ပေါ်လစီ ရဲ့ ရောဂါဖြစ်နှုန်း-သေနှုန်ပေါ်မှာ သက်ရောက်မှု၊ စနစ်တကျ လေ့လာချက်) ကို ထုတ်ပြန်ခဲ့တယ်။ အရက်ခွန် တိုးလိုက်ရင်
• Traffic crash deaths ယာဉ်မတော်တဆ တိုက်လို့ သေဆုံးရမှုကို ၁၁%၊
• HIV အပါအဝင် Sexually transmitted disease လိင်ကတဆင့် ကူးစက်ရောဂါတွေ ၆%၊
• Violence အကြမ်းဖက်မှု ၂%၊
• Crime ရာဇဝတ်မှု ၁့၎% ကျဆင်းစေမယ်။
• မူးယစ်ဆေးဝါး သုံးစွဲတာပါ ၆ဝ% နည်းစေတယ်။ ခြုံလိုက်ရင် အရက်ခွန် နှစ်ဆ တိုးလိုက်ရင် အရက်နဲ့ ဆက်နွယ် သေဆုံးမှုကို ၂၄% လျော့နည်းစေမယ်။

ဒဿနိက ပညာရှင်နဲ့ နိုင်ငံရေး-ဘောဂဗေဒ ဘိုးအေဖြစ်သူ Adam Smith ကလဲ ကျန်းမာရေး ဒေါင့်ကနေ ကြည့်တာကို ထောက်ခံပါတယ်။ The Wealth of Nations ထဲမှာ ရေးသွားခဲ့တာက "ကျန်းမာရေး၊ ဘဏ္ဍာရေး၊ နီတိအရ နဲ့ ငွေကြေးဆိုင်ရာ ဘက်တွေကနေ ငြင်းဆိုမှု တိုင်းဟာ ပကတိ အခြေအနေတွေနဲ့ ထင်ဟပ်ရတယ်။"

Dr. နီဂဲလ်-ဘတ်ခ် အပြောနဲ့ နိဂုံးချုပ်ပါရစေ။ “အရက်ဈေး တင်ပေးရင် ကျန်းမာရေးအတွက် ကောင်းစေ မယ်ဆိုတာ Science သိပ္ပံကနေ ပြောတာဖြစ်တယ်။ Philosophy ဖီလော်ဆော်ဖီလို ငြင်းချက် ထုတ်ချင် လဲ ထုတ်ပေါ့။ သိပ္ပံလိုတော့ လာမငြင်းပါနဲ့။”


Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...