ဇနီးဖြစ်သူကို ခင်ပွန်းက ဓားမဖြင့် ခေါင်းဖြတ်သတ်

မန္တလေး၊ သြဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာရှိ အမှတ် (၅) ရပ်ကွက်တွင် သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်၌ စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူကို ခင်ပွန်းက ဓားမနှစ်ချောင်းဖြင့် ခေါင်းပြတ် သည်အထိ ခုတ်သတ်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ စုံစမ်းသိရသည်။

အသက် ၂၈ နှစ်အရွယ်ရှိသော အမျိုးသား၏ မော်တော်ဆိုင်ကယ်ကို အသက် ၄၄ နှစ်အရွယ်ရှိ ၎င်း၏ဇနီး ဖြစ်သူက ဓားဖြင့်ခုတ်ခဲ့သည်ကို ကျေနပ်ခြင်း မရှိသောကြောင့် စကားများ ရန်ဖြစ်ရာမှ အရိုးအသွား ၁၈ လက်မခန့်နှင့် ၂၁ လက်မခန့်ရှိ ဓားမနှစ်ချောင်းဖြင့် ဇနီးဖြစ်သူ လည်ပင်းပြတ်သည်အထိ ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ သွားဖမ်းတော့ သူ့ယောက္ခမလည်း ဒဏ်ရာတွေနဲ့မို့ ဆေးရုံပို့လိုက်တယ်။ သူ့ဇနီးက အိမ်ထဲမှာ ခေါင်းပြတ်သေနေတာ။ တရားခံက ထွက်မပြေးဘူး။ သူ့ဇနီး အနိုင်ကျင့်တာတွေ များပြီး မကျေနပ်တာတွေကို စုထားတဲ့အတွက် အခုလို ဖြစ်ရတာလို့ ကနဦး စစ်ဆေးချက်တွေအရ သိရတယ်” ဟု ၎င်းက ရှင်းပြသည်။

လင်မယား ရန်ဖြစ်ရာမှ ဇနီးဖြစ်သူ ခေါင်းပြတ်သေဆုံးခဲ့ပြီး ယောက္ခမ ဖြစ်သူကိုလည်း ဓားဖြင့် ခုတ်ခဲ့ သည်ဟု သိရကြောင်း အုန်းချောကျေးရွာတွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ အုန်းချောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၉၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၀ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...