သုံးမြွှာပူး ပန်ဒါလေးများ ပထမဆုံး အကြိမ်အဖြစ် သုံးကောင်စလုံး အသက်ရှင်

သုံးမြွှာပူး မွေးဖွားပြီး ပထမဆုံး အကြိမ်အဖြစ် သုံးကောင်စလုံး အသက်ရှင်သည့် ပန်ဒါ ဝက်ဝံ လေးများကို တရုတ် တိရစ္ဆာန်ရုံ တစ်ခုက မိတ်ဆက် ပြသခဲ့သည်။ ပန်ဒါဝက်ဝံများသည် သားပေါက်နှုန်း နည်းပါးလေ့ရှိရာ ဝက်ဝံလေး သုံးကောင် မွေးဖွားပြီး သုံးကောင်စလုံး ရှင်သန်နိုင် ခဲ့ခြင်းသည် အံ့ဩကျေနပ်စရာ အခြေအနေ တစ်ရပ် ဖြစ်လာသည်။

ဂျူရှီယို အမည်ရှိ ပန်ဒါဝက်ဝံမကြီးက အဆိုပါ ပန်ဒါလေးများကို ဇူလိုင်(၂၉)ရက် နံနက်အစောပိုင်းက ဂွမ်ဇူးမြို့ Chimelong Safari Park တိရစ္ဆာန် ဥယျာဉ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ဝက်ဝံပေါက်လေး များကို အထူးစီမံထားသည့် အနွေးသေတ္တာများထဲ ထည့်သွင်းကာ စောင့်ရှောက်ပေးခဲ့သည်။ ဂျူရှီယိုသည် မီးဖွားချိန်တွင် အလွန်အမင်း အားအင် ယုတ်လျော့သွားခဲ့သော်လည်း ယခုအခါ ပြန်လည် နာလန်ထူနေပြီ ဖြစ်သည်။ ပန်ဒါလေး သုံးကောင်စလုံးသည်လည်း ကျန်းမာရေး ကောင်းမွန်နေသဖြင့် ယခုအခါ မိခင် ဝက်ဝံမကြီးနှင့် အတူ ပြန်လည် ထားရှိပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အခြေအနေထက် ပိုကောင်းတဲ့ ရလဒ်ပါပဲ။ ပန်ဒါလေး သုံးကောင်မွေးပြီး အားလုံး အသက်ရှင်ကြတာဟာ တကယ့် အံ့ဩဘနန်း အခြေအနေ တစ်ရပ်ပါ။ အခုဆိုရင် (၁၅)ရက် လောက် ကြာပြီ။ အရင်တုန်းက ပန်ဒါဝက်ဝံလေးတွေ သုံးမြွှာပူး မွေးလာရင် ဒီလောက်ကြာအောင် အသက်မရှည်ကြဘူး”ဟု ဥယျာဉ်မှ အထွေထွေ မန်နေဂျာ ဒေါင်ဂူဇင်းက ပြောကြားခဲ့သည်။ တိရစ္ဆာန်ရုံ ဝန်ထမ်းများသည် အသက်(၁၂)နှစ်ရှိ ဝက်ဝံမကြီး ဂျူရှီယိုကို အသက်(၁၇)နှစ်အရွယ် လင်လင်အမည်ရှိ ဝက်ဝံအထီးနှင့် တွေ့ဆုံပေးပြီး သားဖောက်ခဲ့ခြင်း ဖြစ်သည်။

“ဂျူရှီယို ကိုယ်ဝန်ရှိလာတော့ သားဖွားရလွယ်အောင် ကိုယ်လက် လေ့ကျင့်ခန်းတွေ လုပ်ပေးရတယ်။ ကျွန်တော်ကတော့ ပန်ဒါဝက်ဝံလေး သုံးကောင် အောင်အောင်မြင်မြင် မွေးဖွားလာတာကို ကမ္ဘာ့ အံ့ဖွယ် တစ်ရပ်လို့ ညွှန်းဆိုချင်ပါတယ်”ဟုလည်း ဒေါင်က ဆိုသည်။ ပန်ဒါဝက်ဝံပေါက်လေးများသည် အလွန်နုနယ်သဖြင့် သေဆုံးနိုင်ခြေ မြင့်မားပြီး အမြွှာမွေးဖွားသည့် ဝက်ဝံလေးများ သေဆုံးမှုမှာ ပိုမို ဖြစ်နိုင်ခြေများကြောင်း သိရသည်။ 


_Ref: Channelnewsasia
7Day Daily 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...