အလှကုန် ၉ မျိုး ပိတ်ပင်


သုံးရန်မသင့်ဘူးလို့ သတိပေးထားတဲ့ ထိုင်း နိုင်ငံထုတ် အလှကုန်များ စာရင်း

မြန်မာ နိုင်ငံအတွင်း ဖြန့်ဖြူး ရောင်းချနေတဲ့ ထိုင်းနိုင်ငံထုတ် အလှကုန် ပစ္စည်း ၉ မျိုးမှာ တားမြစ်ဓါတု ပစ္စည်းတွေ ပါနေလို့ သုံးစွဲဖို့ မသင့်ကြောင်းနဲ့ ဈေးကွက်ထဲ မှာလည်း ရောင်းချဖို့ မသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန် သတိပေး လိုက်ပါတယ်။

အသားဖြူစေတဲ့ မျက်နှာလိမ်း ကရင်မ် တွေအပါအဝင် အလှကုန်တွေကို စမ်းသပ် စစ်ဆေးရာမှာ အာဆီယံ ၁၀ နိုင်ငံစလုံးက တားမြစ်ထားတဲ့ ဓါတု ပစ္စည်းတွေ ပါနေတယ်လို့ မြန်မာ နိုင်ငံ ဆေးဝါးနဲ့ စားသောက်ကုန် ကွပ်ကဲရေး FDA ရဲ့ အလှကုန် ပစ္စည်း ကွပ်ကဲရေး ဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သဇင် ရည်လှိုင်က ပြောပါတယ်။

အဲဒီ အလှကုန်တွေကို သုံးမယ် ဆိုရင် အရေပြားကို ထိခိုက် စေနိုင်တယ်လို့ သူက ပြောပါတယ်။

အရေပြားမှာ အကွက်တွေ ပေါ်လာနိုင်ပြီး လောလောဆယ် မသိနိုင်ပေမဲ့ နောင်မှာ အရေပြား ကင်ဆာ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ဒေါက်တာ သဇင် ရည်လှိုင်က ပြောပါတယ်။

အာဆီယံနိုင်ငံတွေမှာ အလှကုန်တွေကို တင်သွင်းရာမှာ ဆေးဝါး တင်သွင်းသလို လိုင်စင် လျှောက်စရာ မလိုဘဲ ဈေးကွက်မှာ တင်သွင်းမယ့် ကုမ္ပဏီက သက်ဆိုင်ရာ နိုင်ငံရဲ့ ဆေးဝါးနဲ့ စားသောက်ကုန် ကွပ်ကဲရေး ဌာနကို မှတ်တမ်းတင် ရတယ်၊ စစ်ဆေးလို့ တစုံတရာ အမှားအယွင်း ရှိရင် အဲဒီကုမ္ပဏီ တွေကို အကြောင်းကြား ရတယ်လို့ ဆိုပါတယ်။

တားမြစ် ဓါတုပစ္စည်းတွေ ပါနေတာ တွေ့ရတဲ့ အခု အလှကုန်တွေ ကတော့ FDA မှာ လာရောက် မှတ်တမ်း တင်ထားတာ မရှိလို့ ဘယ်ကုမ္ပဏီတွေက တင်သွင်းမှန်း မသိတဲ့ အတွက် ပြည်သူတွေကိုသာ သတိပေးချက် ထုတ်ပြန်ရတာလို့ ဒေါက်တာ သဇင် ရည်လှိုင်က ပြောပါတယ်။ ဈေးကွက်ထဲမှာ ဆက်ပြီး ရောင်းနေတာတွေ တွေ့ရင် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မအရ သိမ်းဆည်း ဖျက်ဆီးတာ လုပ်သွားမယ် လို့လည်း သူက ပြောပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...