အချိန် မနှောင်းမီ ဆရာဟောင်းကြီး များကို ကြည့်ပါဦး
၂၀၁၄ ခုနှစ် ဇွန် ၈ ရက်ထုတ် ကြေးမုံ သတင်း စာတွင် “အတွေးအမြင်” ခန်းမှ တက္ကသိုလ်နွယ် သဇင် ရေးသား တင်ပြသော (ခလုတ် ထိတော့ တပည့် တရပြီ) ဆောင်းပါးကို ဖတ်လိုက် ရပါ သည်။ ဆောင်းပါး တွင်ပါရှိသော အဖြစ်အပျက် များနှင့် စာရေးသူတို့ ဆရာအို များဘဝ တစ်ထပ် တည်း ကျ၍လည်း ခံစား ဝမ်းနည်းမိ ပါသည်။
စာရေးသူ တို့ကဲ့သို့ လစာဟောင်းနှင့် ပညာရေး လုပ်သား များလည်း ထိုနည်းတူ ဖတ်ရလျှင် ခံစားဝမ်း နည်းကြပေ လိမ့်မည်။ ပညာရေး ဌာနတွင် တာဝန် ထမ်းဆောင်နေ ကြသည်မှာ မိမိတို့ ဘဝကိုမြှုပ်နှံပြီး ဝါသနာ၊ အနစ်နာ၊ စေတနာ ဟူသော နာသုံးနာကို အရင်းခံ၍ ဦးဆွေးဆံမြည့် အမှုထမ်းဆောင်ခဲ့ကြပါ သည်။ မည်သည့် လာဘ်လာဘ များကိုမျှ မမျှော်ကိုးခဲ့ ကြပါ။ ကျောင်းသားများ စာမေးပွဲနီးလာလျှင် ကျောင်း၊ အိမ်တို့တွင် အပိုချိန်များခေါ်၍ သင်ကြားပေးခဲ့ သည်။ ကျူရှင်ဆိုသည့် စကား မကြားဖူးခဲ့ပါ။ ပညာရေးဌာနတွင် ဝင်ရောက် အမှုထမ်းဆောင်သည့် အချိန်မှ စ၍ သက်ပြည့် ပင်စင်ယူသည့် အချိန်ထိ မည်သည့်ဌာနလုပ်ငန်းများသို့လည်း ကူးပြောင်း၍ မသွားပါ။ ဆရာဘဝတွင် ရရှိခဲ့သည့် လစာလေးနှင့် မိသားစုလောက်အောင် ကြံစည်ကြိုးစား လုပ်ကိုင်ခဲ့ ကြပါသည်။
ယခင်က ဆရာဟောင်းကြီးများ၏ လစာနှင့်မိသားစုများဘဝ မလုံလောက်ကြ၍ ပညာရေးဌာနမှ ထွက် သွားကြပါသည်။ အချို့ဆရာ၊ ဆရာမများမှာ အခြားဌာနသို့ ကူးပြောင်း၍ သွားကြပါသည်။ ထွက် သူထွက်ပြောင်းသူပြောင်းနှင့် ပညာရေးဌာနတွင် သက်ဆုံးတိုင်ရရှိခဲ့သည့် လစာကလေးများနှင့် ကြံ့ကြံ့ ခိုင်ဘဝကို ရင်ဆိုင်ခဲ့ကြပြီး အမှုထမ်းဆောင်ခဲ့ကြရပါသည်။ ပညာရေးဌာနကဲ့သို့ပင် အခြားဌာနများရှိ အမှုထမ်းဆောင်ခဲ့ကြသော အစိုးရအမှုထမ်းများလည်း ရှိခဲ့ကြပါလိမ့်မည်။
သို့သော် ပညာရေးဌာနတွင် အမှုထမ်းဆောင်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများမှာ ‘တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား၊ အားကိုရှိ’ ဟူ၍တင်စားခေါ်ဝေါ် သုံးစွဲခဲ့ကြပါသည်။
တစ်ခါက ဆရာကြီးတစ်ဦး ပင်စင်ယူပြီး မမာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့သည်။ ဆရာကြီး၏ မိသားစု ငွေကြေးမတတ်နိုင်၍ ဆရာကြီးအားသင်္ဂြိုဟ်ရန်ကို တပည့်ဟောင်းများက ငွေကြေးများစုဆောင်း၍ သင်္ဂြိုဟ်ခဲ့သည်။ အော်-ဆရာကြီး၊ ဆရာမကြီးများဘဝသည် နောက်ဆုံးနေဝင်ချိန်ထိ ဘဝမလှခဲ့ကြပါ လားဟု သံဝေဂရမိခဲ့ပါသည်။
ယခင်က စာရေးသူတို့သည် လ/ထ မြို့နယ်ပညာရေးမှူးဘဝနှင့် ၂၀၀၃ ခုနှစ်တွင် ပင်စင်အငြိမ်းစား ယူခဲ့ပါသည်။ မိသားစုနှင့် ဘယ်လိုမျှမစားလောက်ခဲ့ပါ။ သာရေး၊ နာရေး၊ ဝေလာဝေး၊ စားဝတ်နေရေး ရတတ်မအေး ဖြစ်ကြရပါသည်။ ဂရက်ကျူတီခေါ်ဆုကြေးမှာ လုပ်သက်နှစ် ၄၀ ကိုတွက်ချက်၍ တစ်သိန်းကျော် ရရှိခဲ့ပါသည်။ ရှင်ရိုသေ၊ လူရိုသေဘဝတောင် မဖြစ်ခဲ့ပါလားဟု တွေးကာဘဝကိုကြံ့ကြံ့ ခိုင်လျှောက်လှမ်းခဲ့ကြရပါသည်။ အချို့ပင်စင်စားဆရာကြီး၊ ဆရာမကြီးများမှာ ပင်စင်ရသည့် လစာနှင့် စားစရိတ်၊ ခရီးစရိတ်မတတ်နိုင်၍ ဘဏ်သို့လာမထုတ်နိုင်ပါ။
လစာဟောင်းမှ ပင်စင်စားဆရာကြီး၊ ဆရာမကြီးများလည်း သိပ်မကျန်တော့ပါ။ အချို့ဇရာ၊ ဗျာဓိ၊ မရဏ သဘောဖြင့် သေလွန်သွားကြပါပြီ။ အသက်ကြီး၍ မရဏခရီးသို့ လျှောက်လှမ်းနေကြသော ရှားရှားပါးပါး ဆရာကြီး၊ ဆရာမကြီးများသာ ကျန်ပါတော့သည်။ စာရေးသူတို့ပင် ၇၅ နှစ်သက်တမ်း အားဖြင့်ပြောလျှင် သက်တမ်းကုန်ပြီဟု ပြောလို့ရပါသည်။
ယခုလစာနှုန်းသစ်နှင့် ခံစားရ၍ နှစ်ခါတိုးသည့်အခါ ပင်စင်လစာ ၅၄၀၀၀ ကျပ် ရရှိပါပြီ။ စာရေးသူ ကဲ့သို့ပင် ပင်စင်စား ဆရာအိုကြီးများ ‘ပျော်တပြုံးပြုံးမော်မဆုံး’ ဖြစ်ခဲ့ကြပါသည်။
နိုင်ငံတော်အစိုးရမှ လက်ရှိအမှုထမ်းတွေကို လစာတိုးပေးသကဲ့သို့ ငါတို့ပင်စင်စားကြီးတွေကိုလည်း တိုးပေးတာဘဲဟု အားမာန်တွေ တက်လာပါသည်။ နိုင်ငံတော် တာဝန်ကိုလည်း တစ်ထောင့်တစ်နေရာမှ ကူညီထမ်းပိုးရန် အဆင်သင့်ရှိကြပါသည်။
ဤသို့လစာဟောင်းနှင့် ဆရာကြီး၊ ဆရာမကြီးများနည်းတူ အခြားအမှုထမ်း ပင်စင်စားကြီးများကို နိုင်ငံ တော်အစိုးရမှ ပင်စင်ယူသွားကြသော်လည်း ပစ်မထားဘဲ စောင့်ရှောက်ခဲ့သလို ဆက်လက်၍ ကြည့်ရှု စောင့်ရှောက်ပေးပါအုံးလို့ မေတ္တာရှေ့ထား၍ တင်ပြလိုပါသည်။
လစာဟောင်းနှင့် ပင်စင်စားကြီးများမှာ ပင်စင်ယူကြရသည့်အခါတွင် (ဂရက်ကျူတီ) ခေါ် ဆုကြေးရရှိ ငွေနှင့်ယခုလစာသစ်နှင့် ပင်စင်ယူသသွားသည့် ပင်စင်စားများရရှိသော (ဂရက်ကျူတီ) မှာအလွန် ကွာခြားပါသည်။ စာရေးသူတို့ပင်စင်ယူစဉ်က ရရှိသော (ဂရက်ကျူတီ) မှာ ကျပ်တစ်သိန်း လုပ်သက် နှစ် ၄၀ ယခယု ၁၆ သိန်းကွာခြားနေပါသေးသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရမှာ လစာဟောင်းနှင့် ဆရာကြီး၊ ဆရာမကြီးနှင့် အခြားဌာနမှ ပင်စင်ကြီးများကို သနားညှာတာထောက်ထား၍ လစာသစ်နှင့် ပင်စင်စားကြီးများနည်းတူ ရင်သင့်ခံစားသင့်သည့် (ဂရက်ကျူတီ) များကို ပြန်လည်တိုးမြှင့်ပေးပါက ကြေးမုံသတင်းစာ အတွေးအမြင်ခန်းတွင် တက္ကသိုလ်နွယ်သဇင် ဆောင်းပါးရှင် ရေးသားတင်ပြသကဲ့ သို့ ဆရာအိုပင်စင်စားကြီးများ မသေမီတတ်အားသမျှ လှူသွားချင်ပါသေးသည်ဟု ‘အချိန်မနှောင်းမီ ဆရာဟောင်းကြီးများကို ကြည့်ပါဦး’ ဟု သက်ဆိုင်ရာလူကြီးမင်းများသို့ ရေးသားတင်ပြအပ်ပါသည်။
ကြေးမုံသတင်းစာ
ဇူလိုင် (၁၉) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook