အလွယ်ကူဆုံး မုန်ညှင်းချဉ် လုပ်နည်း

အားလုံး မင်္ဂလာပါဗျာ...

ဒီတစ်ခါတော့ အဝေးရောက်နေတဲ့ ညီအစ်ကို မောင်နှမတွေ မြန်မာပြည် အလွမ်းပြေ ပြုလုပ်စားနိုင် အောင် အလွယ်ကူဆုံး မုန့်ညှင်းချဉ် တည်နည်းလေး တင်ပေးလိုက် ပါတယ်ဗျ။ အရင်က သုံးလေးခါ လုပ်စားပြီးပါပြီ။ ပို့စ်အနေနဲ့ မတင်ဖြစ်တာပါ။ ဒီနည်းကတော့ တခြားနည်းတွေနဲ့ တူချင်မှ တူပါလိမ့်မယ် ဗျာ။ တချို့ကထမင်းနဲ့ တည်ကြတယ် လို့ပြောပါတယ် ကျနော်ကတော့ ထမင်းမထည့်ပါဘူး ဟင်းချက်တဲ့ အခါသုံးတဲ့ ဆားနဲ့နနွင်းမှုန့်ကိုပဲ သုံးထားပါတယ်။ အိမ်မှာ တခါတလေ အမေမုန့်ညှင်းချဉ် တည်ရင် ကူညီရင်းနဲ့မြင်ဖူး တွေ့ဖူးနေတာ ကြောင့်စားချင်စိတ်ဖြစ်ပြီး အချိန်လည်းရတဲ့အခါ လုပ်စားဖြစ်တဲ့ နည်းလေးပါ။


ဒီမုန့်ညှင်းရွက်ကို အသုံးပြုပါတယ်

ပြုလုပ်တာကလည်း အရမ်းလွယ်ပါတယ်။ ဒါပေမဲ့ အဓိကပစ္စည်းဖြစ်တဲ့ မုန့်ညှင်းရွက်နဲ့ မုံလာဥဖြူတော့ ရှိရမှာပေါ့လေ။ မုန့်ညှင်းရွက်ကလည်း အမျိုးမျိုးတွေ့ဖူးတော့ အခုသုံးထားတာက ဒီမှာပေါပေါ ၀ယ်လို့ရ တဲ့မုန့်ညှင်းခါးရွက်ပါ။ အချဉ်ရည် သောက် ချက်စားလို့ကောင်းတဲ့ အရွက်ပေါ့။ သူ့ချည်းပဲကြော် စားရင်တော့ အခါးအရသာက ပိုပြီးသိသာပါတယ် ဒါကြောင့်ဒီမုန့်ညှင်းရွက်ကို အချဉ်ရည်သောက်ပဲ ချက်စားတာ များပါတယ်။


ဒီအရွယ်အစားအတိုင်း လှီးဖြတ်ထားပါတယ် နောက်တစ်မျိုးကတော့ မုန်လာဥဖြူနဲ့ မုန်လာဥနီပါ။ အိမ်မှာ တည်ရင်တော့ မုန်လာဥနီ မထည့်ပါဘူး။ အညာမှာ ဈေးကြီးလို့ပါ။ နောက်တခုက မုန်လာဥဖြူက အရွက် ကို လည်းအချဉ်တည်စားလို့ ကောင်းပါတယ်။ ဒီမှာကတော့ ဥချည်းပဲရောင်းတာမို့ အရွက်မရ ပါဘူး။ မုန်လာဥဖြူတစ်လုံး၊ ဥနီတစ်လုံးနဲ့ မုန့်ညှင်းရွက်သုံးစည်းနဲ့ ရောပြီး အချဉ်တည်ပါတယ်။

မုန်လာဥဖြူဥနီကို ဒီအတိုင်းလှီးပါတယ်.. အ၀ိုင်းကြိုက်ရင် အ၀ိုင်းလိုက် လှီးနိုင်ပါတယ်

ပထမဆုံး မုန့်ညှင်းရွက်တွေကို ရေစင်အောင်ဆေးပြီးတော့ နွမ်းသွားအောင် ပြုလုပ်ပေးရပါတယ်။ နေရောင် ရှိရင် နေရောင်အောက်မှာ ထားပေးပါ။ နေရောင်မရပါက အခန်းထဲမှာပဲ လေသလပ်ခံပြီးနွမ်း ပါစေ။ မုန်လာဥဖြူနဲ့အနီကိုတော့ မနွမ်းလည်းရပါတယ် ။နွမ်းအောင်ထားရင်လည်း အဆင်ပြေပါတယ်။မုန့်ညှင်းရွက်နွမ်းသွားပြီဆိုရင် လုပ်ငန်းစလို့ရပါပြီ။


အားလုံးကို ဒီလိုရောလိုက်ပါ...

နွမ်းနေတဲ့ မုန့်ညှင်းရွက်တွေကိုနှစ်သက်ရာ အရွယ်အစားရအောင် ဓား(သို့မဟုတ်) မီးဖိုချောင်သုံး ကတ်ကြေးနဲ့ ဖြတ်ပြီး သန့်စင်တဲ့ ဇလုံတစ်ခုထဲကို ထည့်ပါ။ အခွံသင်ပြီး လိုအပ်သလို အရွယ်အစား ရအောင်လှီးထားတဲ့ မုန်လာဥဖြူနီကို မုန့်ညှင်းရွက် ဇလုံထဲသို့ပေါင်း ထည့်ပါ အဲ့ဒီနောက် ဟင်းချက်ရာမှာ သုံးတဲ့ဆားကို သင့်တော်ယုံ ပမာဏထည့်ပါ။ ဆားတွေ များသွားရင်လည်း မုန့်ညှင်းငံဖြစ်သွား တတ်ပါ တယ်။ ဒါကြောင့် မုန့်ညှင်းရွက်ပမာဏ ကိုကြည့်ပြီး ဆားထည့်ပါ။ ကျနော်ကတော့ နည်းနည်းပဲ လုပ်တာမို့ဆားကို ဟင်းစားစတီးဇွန်း တစ်ဇွန်လျော့လျော့ ထည့်ထားပါတယ်။


ဆားနဲ့နနွင်းမှုန့်ကို ဒီလိုဖြူးပါတယ်

ဆားထည့်ပြီးပါက ဟင်းခတ်နနွင်းမှုန့် သင့်တော်ယုံ ထည့်ပါ။ အနီရောင် လိုချင်ပါက ငရုတ်အရောင်တင် ထည့်နိုင်ပါတယ်။ ကျနော်တော့ အ၀ါရောင်ကို လိုချင်လို့နနွင်းမှုန့်ကိုသာ သုံးထားပါတယ်။ အဲ့ဒီနောက် လက်သန့်သန့်နဲ့ ဖြစ်စေ၊တစ်ခါသုံး လက်အိတ်စွပ်ပြီးဖြစ်စေ ခပ်ဖွဖွလေး ပုံပါအတိုင်းနယ်ပေးပါ။ အရမ်း အားထည့်ပြီးနယ်ဖို့ မလိုပါဘူး။ မုန့်ညှင်းရွက်နွမ်းနေရင်ပိုပြီး အဆင်ပြေပါတယ်။ အားလုံး သမသွားပြီး အရည်ထွက်လာရင်တော့ သန့်စင် တဲ့ဖန်ပုလင်း (သို့မဟုတ်) ပလပ်စတစ်ဗူးထဲမှာ အရည်တွေ မပါအောင် ထည့်ပြီးလေလုံအောင် ပိတ်၍နှစ်ညခန့် အခန်းအပူချိန်မှာပဲ ထားလိုက်ပါ။ နေလှန်းရင် မုန့်ညှင်းချဉ်က ညိုသွားတတ်ပါတယ်။ ဒါကြောင့်နေမလှန်းဘဲ အခန်းအပူချိန်မှာနှစ်ညသုံးည ထားပြီး ရင်တော့မုန့်ညှင်းချဉ် ရပါပြီ။ လုပ်ရတာလွယ်သလို စားရတာအဆင်ပြေတယ်နော်.. ကိုယ့်မုန့်ညှင်းချဉ်မို့ ချဉ်တယ်ပြောတာ မဟုတ်ဘူးဗျ...:)


ဒီလိုခပ်ဖွဖွလေးနယ်ပါ အကယ်၍သင်သည် အရာရာကို ဂရုစိုက်ပါက တစ်ညထားပြီးရင် ဗူးကိုဖွင့်၍ ကိုယ့်လက်ရာ အခြေအနေကိုအကဲ ခတ်နိုင်ပါ၏။ အချဉ်ပေါက်တာ ညီမျှစေရန် သစ်သားယောင်းမဖြစ်ဖြစ် ၊စတီးဇွန်းနဲ့ဖြစ်ဖြစ် အထက်အောက်မွှေ ပေးနိုင်လျှင်အချဉ်ဖြစ်တာ တူညီစေပါတယ်။ အညာသား အကျင့် ကတော့တခုခုလုပ်ပြီးပြီ ဆိုရင်ဘယ်တော့မှ ပြစ်မထားတတ်ပါဘူး။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြန်ပြီးကြည့်တတ် ပါတယ်။ အငယ်တုန်းကဆိုရင် မိုးရွာလို့အိမ်မှာပဲပင်၊ ဖရုံပင်၊ဗူးပင်စိုက်ပြီဆိုရင် ညနေစိုက် မနက်ကျတော့ ပြန်ဖော်ကြည့်တတ်ပါတယ်။ တခါတလေဆို အစေ့လေးတွေ အညှောင့်ပေါက် နေတုန်းသွားဖော်မိရင် အညှောင့်ပါကျိုးပြီး အပင်ဖြစ်မလာတော့လို့ ပြန်စိုက်ရတာလည်း ရှိပါတယ်။အဲ့ဒါကြောင့် အဖေကဆို ခဏခဏပြောတယ်။ ငါ့သားမင်းဟာက ဒီနေ့စိုက်မနက်ဖြန် အပင်ပေါက်ချင်လို့ ရမလားကွတဲ့။ အချိန်တခုတော့ စောင့်မှပေါ့တဲ့လေ။ နောက်တခုက ကြက်မ၀ပ်ကျင်းကို နှိုက်တာ။ ကြက်မတွေဥပြီးလို့ ၀ပ်ပြီဆိုရင် အဲ့ဒီကြက်ဥကျင်း ခဏခဏလှန်တော့တာပဲ။ ကြက်အကောင်ပေါက်
မပေါက်သိချင်လို့လေ။ ကြက်မဆိတ်တာလည်း ခဏခဏခံရဖူးတယ် :)


နယ်ပြီးသွားတော့ ဒီပုံထဲကလို ကျန်နေပါလိမ့်မယ်

ကဲမုန့်ညှင်းချဉ်တည်တာ ကနေငယ်ဘ၀ပြန်ရောက် ကုန်အုံးတော့မယ်ဗျ။ နောက်တခု အရေးကြီးတာက
အချဉ်တည်မည့် လက်ပါ။ ရွာကလူကြီးသူမတွေပြောတာတော့ အချဉ်တည်ပြီး အဲ့ဒီအချဉ်အထားခံတာ မခံတာ ကတည်တဲ့သူလက်ပေါ်မှာ မူတည်တယ် လို့ပြောကြတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျစဉ်းစားရင်တော့ အသုံးပြုတဲ့ ပစ္စည်းသန့်ရှင်းမှုပေါ်မှာ မူတည်မယ် ထင်ပါတယ်။ လက်လည်းသန့်ရင်တော့ ပိုကောင်းတာ ပေါ့ဗျာ။ ကျနော်က တော့တခါတလေ လက်ကိုစင်အောင် ဆေးပြီးနယ်ပါတယ်။ အခုဟာ လက်အိတ် အလွယ်ရှိလို့ လက်အိတ်စွပ်ပြီး နယ်တာ။ မုန့်ညှင်းချဉ်ကတော့ အထားခံပါတယ်။ ရေခဲသေတ္တာထဲမှာ ထားတာဆိုတော့ လချီပြီးတော့ အထားခံတယ်:) ဗဟုသုတအဖြစ် ပြောတာပါဗျာ။ ရွာဘက်မှာတော့ အဲ့လိုအစွဲရှိလို့ သရက်ချဉ်၊ မျှစ်ချဉ်လို များများစားစား အချဉ်တည်မယ်ဆိုရင် လက်သန့်တဲ့သူကို တကူး တကခေါ်ပြီးတော့ သိပ်ခိုင်းကြတယ်။


ဗူးထဲကို ဒီလိုထည့်ပြီးလေလုံအောင် ပလပ်စတစ်အိတ်ခံ၍ ပိတ်ပါတယ်

အချဉ်ကြောင်းစပ်လို့နှမ်းဖတ်ချဉ်တောင် မစားရတာကြာပြီဗျာ..နှမ်းဖတ်ပဲ ဖတ်လေးများ ၀ယ်လို့ရရင်သိပ်
ကောင်းမှာပဲ။ ကဲအချဉ်တည်တာတွေလည်း စုံသွားပြီပုံလေးတွေကိုတော့ အဆင်ပြေသလိုသာ ကြည့်ပြီး
လက်တည့်စမ်းကြည့်ချင်သပ ဆိုစမ်းကြည့်ကြပေါ့ဗျာ။ ကျနော်တော့ ဒီပို့စ်ပြီးရင် တစ်လလောက်ပြန်ပြီး ပျားတုပ် လိုက်အုံးမယ်။ နာက်တော့ပြန်တွေ့တာပေါ့ဗျာ... အသစ်မတင်ဖြစ်တော့လည်း အဟောင်း လေးတွေ ရှာဖွေလှန်လှောပြီး လာကြည့်ကြပါဗျာ...


သုံးညမျှ ကြာသောအခါ... မုန့်ညှင်းချဉ်ကို ဒီလိုမြင်ရပါလိမ့်မယ်...:)


သုပ်ပဲစားစား..ကြော်ပဲစားစား.. အတို့အမြှုပ်ပဲလုပ်စားစား.. စားချင်သလို စားလို့ရပါပြီ :)


ဒါကတော့ အနီးကပ်မြင်ရအောင်လို့ပါဗျာ...

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး အဆင်ပြေပြေနဲ့ မုန့်ညှင်းချဉ်တည်နိုင်ကြပါစေ...:)

လေးစားမှုဖြင့်

ရွှေညာသားလေး
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...