“နွေးထွေးကြင်နာ”တဲ့ ကော်ဖီတစ်ခွက်

Green Mountain Coffee ကို Starbucks လောက် လူသိမများကြဘူး။ အရင်တုန်း ကတော့ သူဟာ ကုမ္ပဏီသေးလေး တစ်ခုပေါ့။ အခုချိန်မှာတော့ အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်နေတာဟာ အဲဒီကုမ္ပဏီကို တည်ထောင် ခဲ့တဲ့ Robert Stillerက ကော်ဖီ တစ်ခွက်တိုင်းကို ၁ဒေါ်လာ တိုးယူခဲ့လို့ ဖြစ်တယ်။

ဒါ ဘယ်လိုဖြစ်ရ တာပါလိမ့်… တစ်ခါက Stiller ဟာ တောင်အမေရိက တိုက်မှာရှိတဲ့ ကော်ဖီစိုက်ခင်းတွေဆီ သွားရောက်ကြည့်ရှုခဲ့တယ်။ အဲဒီက အလုပ်သမားတွေဟာ ဆင်းရဲပင်ပန်း လွန်းပြီး လုပ်အားခ နည်းနည်းလေးပဲရတာကို သတိပြုမိခဲ့တယ်။ လူတိုင်းရဲ့ တစ်ရက်လုပ်အားခက ဒေါ်လာ ၅တောင်မရှိပါဘူး။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုပြီး မေးမြန်းအဖြေရှာကြည့်တော့ ကော်ဖီဝယ်ယူသူတွေက ကော်ဖီလိုအင်တွေ များပြီး ဈေးကောင်းနေပါရက်နဲ့ ကော်ဖီစိုက်သူတွေဆီကနေ ကော်ဖီတွေကိုဈေးနိမ်ပြီးဝယ်ယူခဲ့ကြတယ်။ ကော်ဖီ ရောင်းဈေး မကောင်းတော့ အလုပ်သမားတွေရတဲ့ လုပ်အားခကလည်း နည်းခဲ့ရတယ်။

“ရတဲ့လုပ်အားခနည်းပေမယ့် ဗိုက်ဟောင်းလောင်းနဲ့ အိမ်မှာနေနေတာထက် ကောင်းပါတယ်”လို့ ဆင်းရဲတဲ့ အလုပ်သမားတွေက ဆိုကြပါတယ်။

အကြောင်းစုံကိုသိပြီးနောက် Stiller တုန်လှုပ်သွားမိခဲ့တယ်။ သူဟာ လေးလေးနက်နက်စဉ်းစားတွေးတောပြီး ကော်ဖီဝယ်ယူသူတွေဟာ အလုပ်သမားတွေအပေါ် ဒီလိုခေါင်းပုံမဖြတ်သင့်ဘူး၊ တခြားလူတွေ လုပ်ရင်တောင် Green Mountainက ဒီလိုမလုပ်သင့်ဘူးလို့ သူထင်ခဲ့တယ်။ ဒါကြောင့်သူဟာ လူတွေအံ့သြရလောက်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပါတယ်။

“အလုပ်သမားတွေကို လုပ်အားခတိုးပေးမယ်ဆိုရင် ကော်ဖီစိုက်သူတွေဆီကနေ နဂိုဈေးနှုန်းထက် ၃ ဆပေးပြီး ကော်ဖီတွေကို ကျွန်တော်တို့ဝယ်မယ်”

ကုမ္ပဏီတစ်ခုက အရင်းအနှီးများရင် လည်ပတ်ရခက်သွားပါတယ်။ ကုမ္ပဏီဆက်လက်လည်ပတ်ဖို့ Green Mountain ကော်ဖီတွေ ဈေးတက်ရပါတော့မယ်။ ဒါကြောင့် သူတို့က “တောင်အမေရိကတိုက်က သနားစရာ ကော်ဖီစိုက်သူတွေကို ကူညီတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ကော်ဖီဈေး တက်ရတာဖြစ်ပါတယ်။ ကော်ဖီတစ်ခွက်ကို ၁ ဒေါ်လာဈေး တက်ပါတယ်”လို့ ကြေညာခဲ့တယ်။

ကော်ဖီရဲ့အရည်အသွေးမပြောင်း၊ ခွက်အရွယ်အစား မပြောင်းပေမယ့် ဈေးတက်သွားပါပြီ။ ပြောရရင်တော့ ဒီGreen Mountain ကော်ဖီက တံခါးပိတ်ရမယ့် ကိန်းဆိုက်နေပါပြီ။ တခြားကော်ဖီဆိုင်တွေက နေရာအနှံ့ရှိတာမို့ ဘယ်သူမှ ဈေးနှုန်း ၁ဒေါ်လာ တက်သွားတဲ့ ကော်ဖီကို ဝယ်သောက်ချင်ကြမှာ မဟုတ်ပါဘူး။ တကယ်တမ်း မှာတော့ Green Mountainကော်ဖီဆိုင် ပိတ်မသွားခဲ့ပါဘူး။ ဝယ်ယူ စားသောက်သူတွေ ကိုတောင် ပိုစွဲဆောင်နိုင် ခဲ့ပါတယ်။

“Green Mountainကော်ဖီက တခြားကော်ဖီတွေနဲ့ မတူပါဘူး.. သူဟာ “နွေးထွေးကြင်နာမှု”ရှိပါတယ်”လို့ ဝယ်ယူ သူတွေက ပြောခဲ့ကြပါတယ်။

ဝယ်ယူသူတွေက ဒီလိုတွေးကြပါတယ်.. တကယ်လို့ Green Mountain ကော်ဖီကို ငါတို့မဝယ်ရင် မကြာခင်မှာပဲ သူတို့ ဆိုင်ပိတ်သွားရလိမ့်မယ်။ ဒီလိုဆိုရင် ကော်ဖီလုပ်သားတွေဟာ တိုးတက်ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ဖို့ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်။

“ဈေးတက်သွားတဲ့ ၁ဒေါ်လာကို ငါတို့ပေးမယ်.. ဒါဟာ ကောင်းမှုတစ်ခုလုပ်နေတယ်လို့ပဲ ငါတို့ထင်မှတ်တယ်”

“Green Mountain ကော်ဖီတစ်ခွက် သွားဝယ်ပါ.. ဒါဟာလည်း ကောင်းမှုတစ်ခုလုပ်နေတာပဲ”

၁ဒေါ်လာပိုပေးပြီး Green Mountainကော်ဖီသောက်သူတွေရဲ့ ရင်ထဲမှာလည်း ငြိမ်းချမ်းခြင်းတွေရှိမှာပါ။ မိုင် ထောင်ပေါင်းများစွာက ဆင်းရဲသားလုပ်သားတွေကို သူတို့ကူညီခွင့်ရနေတယ်ဆိုပြီး စိတ်မသန့်တာတွေဖြစ်နေမှာ မဟုတ်ပါဘူး။

ဒီလိုကရုဏာမေတ္တာနဲ့ပဲ Green Mountainကော်ဖီဟာ မယိုင်လဲဘဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
-------

မူရင်းရေးသားသူ -- Xú jìng cǎo
မူရင်းလင့် -- http://www.85nian.net/xinling/3949.html

နိုင်းနိုင်းစနေ (Oct. 2. 2014)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...