ထူးဆန်းသော ဘယ်ရီသီး
နံနက်ခင်းဖြစ်၍ ရာသီ ဥတုက ကြည်လင်နေ၏။
သီတင်းကျွတ် လဆန်းပြီ ဖြစ်၍ မိုးလေ ကင်းစင်နေ၏။
မြေနီကုန်းရှိ ဒဂုံစင်တာ အမှတ်နှစ်တွင် ဈေးဝယ်သူများ စည်ကားနေ၏။
လေးလွှာတွင် ရှိသော Chokdee Dim Sum ဆိုင်တွင် ဒေါက်တာ ကျော်ဆွေသိန်း ဧည့်သည်များကို စောင့်မျှော်နေ၏။
ထိုဆိုင်တွင် ဒင်မ်ဆမ်း မျိုးစုံ ရနိုင်၏။
ယိုးဒယားနိုင်ငံမှ ကုန်ကြမ်းမှာယူပြီး ယိုးဒယားနည်းစနစ်အတိုင်း ပြုလုပ်ထားသော ဒင်မ်ဆမ်းအမျိုးပေါင်း ငါးဆယ်ကျော် ကို ရွေးချယ် မှာယူနိုင်၏။
မကြာမီ ဒေါက်တာပွင့် သက်တင်၊ ဒေါက်တာယုစန္ဒာ၊ ဒေါက်တာတင်တင်ဦးနှင့် ဒေါက် တာမြမြအေးတို့ ရောက်ရှိလာကြ ၏။
ဆေးတက္ကသိုလ်တက်စဉ် ၌ တစ်တန်းတည်း တက်ခဲ့သော ငယ်သူငယ်ချင်းများ ဖြစ်ကြ၍ လွန်စွာခင်မင်ကြ၏။
''ဟာ- ပွင့်တို့ နောက် ကျနေပါလား။ မျှော်လိုက်ရတာ ဗျာ''
''ဆောရီးပဲ ဆရာကျော်၊ အိမ်ကထွက်တော့ အစောကြီးပဲ။ လမ်းမှာ ယာဉ်ကြောပိတ်ဆိုနေ့ တယ်လေ''
''ပွင့် ခုမောင်းလာတာက Mercedes Benz Class 4 ကား နက်ကြီး မဟုတ်လား''
''ဟုတ်ပါတယ် ဆရာ ကျော်ရယ်၊ ဒါပေမယ့် လိုင်းကား စပယ်ယာတွေ ပြောသလို မိုးပျံဂီ ယာ မပါဘူးလေ''
''ဟုတ်ပါပြီ၊ လက်ခံပါ ပြီ။ ကျွန်တော် ဒင်မ်ဆမ်းအစုံ ချ ပေးဖို့ ကြိုမှာပြီးပြီ။ ခဏနေရင် ရောက်တော့မှာ''
''ဆရာကျော်ရေ၊ အစား ကြီးတယ်နော်။ ယုက ထမင်းလည်း စားချင်တယ်တဲ့။ ပွင့်ကတော့ ဒင်မ်ဆမ်းပဲ စားမှာ။ ယုက ယိုးဒယား ဝက်နံရိုးဟင်းချိုရယ်၊ ဝက်သား ပေါင်းရယ်၊ ပုစွန်ဝက်သား ရေညှိ လိပ်ရယ်။ အဲဒါမှာပေးပါဦး''
''ရပါတယ်၊ ရပါတယ်''
''တင်တင်ဦးကလည်း မြန်မာဆော့စ် ငါးဖက်ထုပ်ပေါင်း စားမယ်တဲ့။ ကြက်သား ချင်းချက်လည်း စားမယ်တဲ့။ မြမြအေးက နံရိုးပေါင်းခေါက်ဆွဲတဲ့။ ပြီးတော့ သဘာဝ သစ်သီးဖျော်ရည်လည်း မှာပေးဦး''
''ရပါတယ်၊ ရပါတယ်''
''ဆရာကျော့်အသံက တိုးတိုးသွားပါလား''
''ဟဲ ဟဲ- သလိပ်ကပ်နေ လို့ပါ။ အဟမ်း အဟမ်း- မှာပါ၊ မှာပါ၊ ဟဲ ဟဲ''
ဒေါက်တာကျော်ဆွေ သိန်း၏ မျက်နှာအနေအထားကို ဖော်ပြရပါက မချိသွားဖြဲဟူသော ဝေါဟာရကို အသုံးပြုရမည် ဖြစ် ၏။
''မှာမှာ၊ မပူပါနဲ့။ ဟဲ ဟဲ''
ဒေါက်တာကျော်ဆွေသိန်း ရင်ထဲတွင် ကုလားဘုရား လှည့်နေ၏။
ငွေမလောက်ပါက မည် သို့ဖြေရှင်းရမည်ကို အပြင်းအထန် စဉ်းစားနေရ၏။ ထိုအုပ်စုနဲ့ ဆုံပါက မလွယ်မှန်း ကြိုသိပြီး ဖြစ်၏။
သို့သော် အကြောင်း တရားတစ်ခုကြောင့် ရှောင်မလွတ် ပေ။
''ကဲ- ဆရာကျော်၊ စားရင်း သောက်ရင်း ဆွေးနွေးရ အောင်။ ရောဂါဗေဒ ပါမောက္ခကြီး က ဂျာနယ်တစ်စောင် ပေးထား တယ်ဆို''
''ဟုတ်တယ် ပွင့်၊ Journal of Clinical Pathology ဆိုတဲ့ ဂျာနယ်ပေါ့။ ဘယ်ရီသီးအကြောင်း ဆောင်းပါးပါတယ်''
''ဟုတ်လား၊ ဘယ်ရီသီး က ဘယ်လိုစွမ်းတယ်တဲ့လဲ''
''မြောက်အမေရိကတိုက် က ထွက်တဲ့ ဘယ်ရီအရိုင်းသီးတွေ က ကင်ဆာရောဂါကုတဲ့နေရာမှာ အထောက်အကူ ရတယ်တဲ့''
''ဟာ- ကောင်းတာပေါ့။ တစ်လောက ပွင့် အလုပ်လုပ်နေတဲ့ ဝဿဝတီဆေးတိုက်မှာ Pancreas မှာ ကင်ဆာဖြစ်တဲ့ လူနာ ကြုံလိုက်ရ တယ်။ ကုလို့ မရပါဘူး။ ကိစ္စချောသွားပြီ''
'' Pancreatic Cancer က သိပ်ဆိုးတယ်။ Diagnosis ရ ပြီးရင် Average Survival က ခြောက်လပဲ ရှိတယ်။ သေတာပဲ''
''ဟုတ်တယ်၊ သိပ်ဆိုးတဲ့ ကင်ဆာမျိုးပဲ''
''သုတေသီတွေက Chokeberries ဆိုတဲ့ ဘယ်ရီသီး တစ်မျိုးဟာ သမားရိုးကျ ကင်ဆာ ကုဆေးတွေနဲ့ တွဲလိုက်ရင် ကင် ဆာဆဲလ် သတ်ပစ်တဲ့နေရာမှာ ပိုပြီးထိရောက်တာ တွေ့တယ်လို့ ပြောတယ်''
''ဟုတ်လား၊ အံ့သြစရာ ပဲ''
'' Cancer Research UK ကတော့ Human Trial တွေ ဆက်လုပ်ဖို့ အားပေးနေတယ်''
''ဆက်လုပ်ရမှာပေါ့။ အလားအလာ ကောင်းတာပဲ''
''သုတေသီတွေက London မှာရှိတဲ့ King's College Hospital က ပါရဂူတွေ ပါတယ်။ University of Southampton က ပါရဂူတွေ ပါတယ်။ ထိပ်ထိပ်ကြဲ တွေပဲ''
''ထိပ်ထိပ်ကြဲတွေဆို တော့ ရလဒ်ကောင်းမှာပေါ့''
''ဟုတ်တယ်၊ ရလဒ်ကောင်းတယ်။ ပါရဂူတွေက ဓာတ်ခွဲခန်းမှာ ပန်ကရိယကင်ဆာဆဲလ်တွေနဲ့ စမ်းခဲ့တာ။ Berry Extract ကို သမားရိုးကျ ကင်ဆာဆေးဖြစ်တဲ့ Gemcibabine နဲ့တွဲပြီး ကင်ဆာဆဲလ်တွေပေါ်မှာ စမ်းတော့ ရလဒ် ပိုကောင်းတာ တွေ့တယ်။ Gemcibabies တစ်မျိုးတည်း သုံး တာနဲ့ ယှဉ်ရင် နှစ်မျိုးတွဲက ကင် ဆာဆဲလ်တွေ ပိုပြီးသေတာ တွေ့တယ်တဲ့''
''ပိုပြီး ထိရောက်တာပေါ့ နော်''
''ပြီးတော့ ရှိသေးတယ်။ Chokeberry က သဘာဝဆဲလ် ကောင်းတွေကို မထိခိုက်စေဘူးတဲ့''
''ကောင်းတယ်ကွာ။ Chokeberry မှာ ဘာပဲသလဲဟင်''
''Polyphonol ပါတယ်ကွ။ အဲဒီဒြပ်ပေါင်းကြောင့် အစွမ်း ပြတာ ဖြစ်မယ်တဲ့။ ဒီအဖွဲ့က Brain Cancer Cell တွေမှာလည်း စမ်းပြီးပြီ။ ရလဒ်ကောင်းတယ်''
''ဦးနှောက်ကင်ဆာလည်း ကုနိုင်တာပေါ့နော်''
''ဟုတ်တယ်။ Henry Scowcroft ဆိုတဲ့ ပုဂ္ဂိုလ်က The Charity Cancer Research UK က ပုဂ္ဂိုလ်လေ။ သူက ပြောတယ်။
Pancreatic Cancer က ကုရခက်တယ်တဲ့။ ဆယ်စုနှစ်များစွာ ကြိုးစားပေမယ့်လည်း ကုထုံး ကောင်းကောင်း မပေါ်သေးဘူးတဲ့။ Innovative Approach တွေ လို နေပါတယ်တဲ့။ ဒါမှ ကုထုံးသစ် ရ လာမှာပါတဲ့''
''ခုသုတေသနက Innovative Approach ပဲပေါ့နော်။ အောင်မြင်ခြင်းကို သွားမယ့်လမ်းစ ပါပဲ''
''ဒါပေါ့၊ သုတေသနဆိုတာ အခက်အခဲပေါင်းစုံ တွေ့မှာပဲ။ အချိန်ယူရမှာပဲ။ အစမှာ အောင်မြင်မှု ရချင်မှရမယ်။ ကြိုးစားရင်းနဲ့ ပန်းတိုင်ရောက်တာပဲ။ ပထမရွေးတဲ့လမ်းက မရောက်နိုင် ရင် ဒုတိယရွေးတဲ့လမ်းက ထပ် လျှောက် ရမှာပဲ''
''ဟုတ်တယ် ဆရာ ကျော်၊ အဲသလို ကြိုးစားရင်း ကြိုး စားရင်းနဲ့ ပင်နင်စလင် ရှာတွေ့ခဲ့တယ်။ X-Ray ကို ရှာတွေ့ခဲ့ တယ်''
''ဒါပေါ့၊ သုတေသီတွေ က ဒါကြောင့် ကြိုးစားနေကြတာ''
''ဒါနဲ့ Chokeberry က ဘယ်မှာအလေ့ကျ ပေါက်တာလဲ''
''Chokeberry က Eastern Side of North Ameraica မှာ အလေ့ကျ ပေါက်တယ်။ Wet-land တွေ၊ Swamp Area တွေ မှာ တွေ့ရတယ်တဲ့''
''တခြားသုတေသီတွေ ဘာပြောသေးလဲ''
''Southampton University က Senior Lecturer ဖြစ်တဲ့ Bashir Lwaleed က ပြောတယ်။ နောက်ထပ် သုတေသနတွေ လုပ်ရ ဦးမှာ ဖြစ်ပါတယ်တဲ့။ လက် ရှိ ကင်ဆာကုထုံးနဲ့ ဘယ်ရီသီးက ဘယ်လို ပူးပေါင်းဆောင် ရွက်သလဲ ဆိုတာကို ရှာဖွေရပါဦးမယ်တဲ့''
''ဟုတ်တာပေါ့၊ ရှာသင့် တာပေါ့''
''Lwaleed က ပြောတယ်။ ခုလောလောဆယ် ဘယ်ရီသီးအဆီအနှစ်ကို စားပါလို့ ပြောရမှာ စောပါသေးတယ်တဲ့။ Supplement တွေ ဝယ်စားပါလို့ အကြံ မပေးချင်သေးပါဘူးတဲ့။ ခုဟာက Experimental Level ပဲ ရှိပါသေး တယ်တဲ့''
''ခုမှ စလုံးရေ စကိုး''
''အဲသလို စဖြစ်ဖို့က လည်း အရေးကြီးတဲ့အချက်ပဲ''
''အဲသလို စခဲ့လို့လည်း ဆေးပညာဟာ ခုထိ တိုးတက်လာ တာပေါ့''
''ဟုတ်တယ်၊ ခုဆို Human Genome Project ပြီးသွားပြီ။ လူသားမျိုးရိုးဗီဇကို အသေးစိတ် သိပြီး ရောဂါကုတဲ့ နေရာမှာ သိပ် ကိုအသုံးဝင်ပြီ''
''ဟုတ်တယ်၊ ဟုတ်တယ်''
ထိုစဉ် မုံရွာသား ဒေါက် တာလင်းနိုင်ထွန်း ရောက်ရှိလာ၏။
''ဟူး- ရှာလိုက်ရတာ ဆရာကျော်ရယ်''
''လာ လာ- ဆရာလင်း၊ ထိုင် ထိုင်။ အမောပြေ သစ်သီး ဖျော်ရည် အရင်သုံးဆောင်လိုက် ဦး''
''ပွင့်တို့နဲ့က ဆရာလင်းနဲ့ သိပြီးသားပါ''
''ဒါပေါ့၊ မြေလျှောက် ဝိဇ္ဇာကြီးတို့၊ ကယားကြီးတို့နဲ့ ဆွေး နွေးတုန်းက ကြုံပြီးပါပြီ။ တွေ့ရ တာ ဝမ်းသာပါတယ်''
''ပွင့်တို့လည်း တွေ့ရ တာ ဝမ်းသာပါတယ်''
''ကဲ- ဆရာလင်း၊ ဘာ စားမလဲ။ ဘာမှာရမလဲ''
''ကျွန်တော်တို့ မန္တလေးမှာလည်း အညာစာ မနည်းလိုက်ရှာနေရပြီ။ တရုတ် စားသောက်ဆိုင်တွေပဲ များနေတယ်။ ရိုးရာအစားအစာ က အတော်ရှားလာပြီ''
''ရန်ကုန်လည်း မထူးပါဘူးဗျာ''
''ကဲ- ဒင်မ်ဆမ်းပဲ စား တော့မယ်။ အညာစာလည်း ရပုံ မပေါ်ပါဘူး''
''ရပါတယ်၊ ဒင်မ်ဆမ်း မျိုးစုံမှာလိုက်မယ်။ အဝသုံးဆောင် ပေတော့''
''ကျေးဇူးပါပဲ ဆရာ ကျော်ရယ်၊ မိုးညှင်းသမ္ဗုဒ္ဓေဖူးရ အောင် မုံရွာလာလည်ဦးလေ''
''လာမယ် လာမယ်၊ ကျွန်တော်က အလောင်းတော် ကဿပအထိ သွားဖူးချင်တာ''
''ရတယ်၊ အလောင်း တော်ကဿပအထိ လိုက်ပို့ပေး မယ်။ ခု လမ်းတွေ ကောင်းလာပြီ''
''ဆရာကျော်နော်၊ ဘုရား ပဲဖူးနော်။ လိပ်ဥတွေ လျှောက်မတူးနဲ့။ ဇီဇဝါဆောင် သွားလည်ဖို့ စိတ်ကူးနေတယ် မဟုတ်လား။ နွဲ့ ယမင်း နဲ့ တိုင်လိုက်မယ်နော်''
''အမယ်လေး- မလုပ်ပါနဲ့ ပွင့်ရယ်။ ဘုရားပဲ ဖူးပါ့မယ်။ လိပ်ဥလည်း မတူးပါဘူး။ လိပ်မ ကြီးလည်း မဖမ်းပါဘူး။ ဟဲ ဟဲ''
ဒေါက်တာကျော်ဆွေ သိန်း၏ ဟာသကြောင့် တစ်ဝိုင်း လုံး တဟားဟားနှင့် အားရပါးရ ရယ်မောကြလေတော့၏။
အောင် (ဆေး-၁)
ရည်ညွှန်းချက် ။ ။ BBC News မှ "Berries in Cancer Therapy Experiment" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။
ဈေးကွက်ဂျာနယ်
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+