စင်ကာပူအစိုးရက မြန်မာ ကျောင်းသားများအား အာဆီယံ ပညာသင်ဆု ပေးအပ်မည်

အတွဲ (၁၅)၊ အမှတ် (၁၆)


၂၀၁၅ ပညာသင်နှစ် အတွက် မြန်မာနိုင်ငံရှိ အဌမတန်း အောင်မြင် ထားသော ကျောင်းသား၊ ကျောင်းသူ များအား အာဆီယံ ပညာသင်ဆု ပေးအပ်ရန် အတွက် စင်ကာပူ အစိုးရက ကမ်းလှမ်းထားကြောင်း သိရ သည်။

ပညာသင်ဆု ရရှိသူများသည် စင်ကာပူအစိုးရကျောင်းများတွင် Secondary Three မှ Pre-University Two Level အဆင့်အထိ လေးနှစ်ခန့် ပညာသင်ကြားရမည် ဖြစ်ပြီး လေးနှစ်တာကျောင်းလခ၊ နေထိုင်စရိတ်နှင့် စာမေးပွဲကြေးများ အားလုံးကို ရရှိမည်ဖြစ်သည်။ ပညာသင်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် မိမိ၏အရည်အချင်းကို နှစ်အလိုက် ထူးချွန်အောင် ထိန်းသိမ်းရမည်ဖြစ်ပြီး တစ်နှစ်ကျရှုံးပါက ပညာသင်ဆု ကို ဆက်လက် ရရှိနိုင်မည် မဟုတ်ပေ။ ပညာသင်ဆု လျှောက်ထားသူများသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးဖွားသောမြန်မာနိုင်ငံသားဖြစ်ရမည် ဖြစ်ပြီး ပညာသင်ဆု လျှောက်ထားသည့် အချိန်တွင် အဌမတန်း (Grade 9) အောင်မြင်ထားသူ ဖြစ်ရမည် ဖြစ်သည့် အပြင် ကျောင်းစာမေးပွဲများတွင် ထူးချွန်ပြီး အင်္ဂလိပ်စာ အရည်အချင်း ကောင်းမွန်သူ ဖြစ်ရမည်ဖြစ်သည်။

လျှောက်ထားသူများသည် ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ရေး၊ ဖြေ စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုသူများ ထဲမှ ရွေးချယ်ခံရသူများသည် စက်တင်ဘာလတွင် လူတွေ့စစ်ဆေးမှုကို ထပ်မံဖြေဆို ရမည် ဖြစ် သည်။ ရေး၊ ဖြေ စာမေးပွဲနှင့် လူတွေ့စစ်ဆေးမှုများကို ရန်ကုန်မြို့တွင်ပင် ကျင်းပပြုလုပ်ပေးမည် ဖြစ်သည်။ ပညာသင်ဆုရရှိသူများကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် အကြောင်းကြားပေးမည်ဖြစ်ပြီး ပညာ သင်ဆု လျှောက်လွှာများအား အမှတ် ၂၃၈၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ စင်ကာပူသံရုံး ဒုတိယအကြီးအကဲနှင့် သံမှူး Mr.William Chik ထံသို့ မေလ ၃၀ ရက်နောက်ဆုံးထားပေးပို့ရ မည်ဖြစ် သည်။

အသေးစိတ် အချက်အလက်များကို http://www.moe.gov.sg/education/ scholarships/asean/myanmar တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မည် ဖြစ်သည်။

သန္တာ

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...