အမေရိကန်တွင် ယခုနှစ်အတွင်း အင်အားအပြင်းထန်ဆုံး လေဆင်နှာမောင်းများ တိုက်ခတ်



အမေရိကန် နိုင်ငံတွင် လေဆင်နှာမောင်း ဆယ်ခုထက်မနည်း တိုက်ခတ်မှုများကြောင့် အလယ် ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် သေကြေပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ အနည်းဆုံး လေ ဆင်နှာမောင်း (၁၁)စင်းမျှသည် အင်အားကြီးမားသော မုန်တိုင်းကွန်ရက်စနစ် တစ်ခုထဲတွင် ပါဝင်လာပြီး အာကန်ဆက်စ်၊ နီဘရာဆကာ၊ ကန်းဆက်စ်၊ အိုင်အိုဝါ၊ မဇ္ဇူရီနှင့် အိုကလာဟိုးမားတို့တွင် တိုက်ခတ်သွားခဲ့ သည်။ သေဆုံးသူများအနက် (၁၆)ဦးသည် အာကန်ဆက်စ်ရှိ လစ်တဲလ်ရော့ခ် ဆင်ခြေဖုံး ဒေသများ မှဖြစ်ကြောင်း သိရသည်။ ယင်းဒေသသည် လေဆင်နှာမောင်းဒဏ်ကို အဆိုးရွားဆုံး ကြုံခဲ့ရသည်။ အိုကလာဟိုးမား အရှေ့မြောက်ပိုင်းရှိ ကွာပေါတွင် လူ(၁)ဦးသေဆုံးပြီး အဆောက်အအုံများ ကြီးကြီး မားမား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ဆိုသည်။



ကျွမ်းကျင်သူများက ယခုရက်ပိုင်းတွင် အမေရိကန်အနေဖြင့် အဆိုးရွားဆုံး လေဆင်နှာမောင်း ရာသီ ကို တွေ့ကြုံရဖွယ်ရှိကြောင်း မှတ်ချက်ပြုထားပြီး လာမည့်သီတင်းပတ်များအတွင်း လေဆင်နှာမောင်းပေါင်း (၁၀၀)ကျော်မျှထိ ရွေ့လျား တိုက်ခတ်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ သမ္မတ ဘာရတ် အိုဘားမားက ဖိလစ်ပိုင် ခရီးစဉ်သို့ ရောက်ရှိနေစဉ်အတွင်း အဆိုပါ သတင်းကြောင့် အလွန်ကြေကွဲ ထိခိုက်ရကြောင်း ပြောကြားခဲ့သည်။ “ထိခိုက်နစ်နာခဲ့သူတွေ သိထားရမှာက ခင်ဗျားတို့ရဲ့ နိုင်ငံဟာ ခင်ဗျား တို့ ပြန်လည်ထူထောင်ဖို့၊ ပြန်ပြီးတည်ဆောက်ဖို့အတွက် ဘယ်လောက်ပဲ အချိန်ယူရပါစေ၊ ကူညီသွားမယ် ဆိုတာပါပဲ”ဟု အိုဘားမားက ကတိပြုခဲ့သည်။



သောကြာနေ့က စတင်ကာ လေဆင်နှာမောင်းများ ဖြစ်ပေါ်တိုက်ခတ်နေခဲ့ပြီး အခြေအနေမှာ ဆိုးရွားလာနေ ဆဲ ဖြစ်သည်။ အာကန်ဆက်စ် လေဆင်နှာမောင်းသည် လစ်တဲလ်ရော့ခ်မြောက်ပိုင်း (၁၀)မိုင်မျှ အကွာ တွင် ရွေ့လျားတိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ မေဖလားဝါးနှင့် ဗီလိုနီးယား မြို့ငယ်လေး နှစ်ခုသည်လည်း ဆိုးရွားပြင်းထန်သည့် လေဒဏ်ကို ခံခဲ့ရသည်။ ဗီလိုနီးယားတွင် ဒေါ်လာ (၁၄)သန်းတန် ကျောင်းအသစ် ကျပ်ချွတ်လေး တစ်ခုအပါအဝင် အဆောက်အအုံ အများအပြား အမှိုက်ပုံဘဝသို့ ပြောင်းလဲသွားခဲ့သည်။ “ဒီထက်ဆိုးတာ ဘာမှမရှိတော့ဘူး။ ကျွန်တော်တို့ အသစ်က ပြန်စရုံပေါ့”ဟု ဗီလိုနီးယား ကျောင်းများ ဆိုင်ရာဌာန အကြီးအကဲ ဖရန့်ခ်မစ်ချဲလ်က ငြီးငြူခဲ့သည်။



လူဦးရေ (၉၀၀)မျှသာရှိသည့် ကွာပေါတွင်လည်း မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။ အော့တာ ဝါဒေသ အရေးပေါ် အခြေအနေ စီမံကွပ်ကဲရေးဌာန ဒါရိုက်တာ ဂျိုးဒန်မော်ဂန်က “မြို့တစ်ဝက်လောက် လုံးဝပျက်စီးသွားသလိုပဲ။ ထိခိုက်မှုက တော်တော်ဆိုးတယ်။ မီးသတ်ဌာနလည်း ပြားပြားဝပ်သွားတယ်” ဟု ပြောကြားခဲ့သည်။ လေဆင်နှာမောင်းကြောင့် လမ်းပေါ်တွင် ရပ်ထားသည့် ကားများပါ ဂျွမ်းထိုး တိမ်းမှောက်ကုန်သည်။ အမေရိကန် အမျိုးသား ရာသီဥတု ဌာနက မေဖလားဝါးနှင့် ဗီလိုနီးယားတို့ကို ဖြတ် သန်းတိုက်ခတ်သွားသော လေဆင်နှာမောင်းသည် ယခုနှစ်အတွင်း အမေရိကန်တွင် ဖြစ်ပေါ်ခဲ့သည့် အားအကောင်းဆုံး လေဆင်နှာမောင်းများအဖြစ် အတည်ပြု ကြေညာသွားခဲ့သည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...