ဟောလီးဝုဒ် ပထမဆုံး ခြေလှမ်းတွင် တာထွက်မလှခဲ့သည့် BoA



တောင်ကိုရီးယား အဆိုတော်မလေး BoA အနေဖြင့် ဟောလီးဝုဒ် ရပ်ဝန်းကို ထိုးဖောက်ရန် ကြိုးစားခဲ့သည့် ပထမဆုံး ခြေလှမ်းတွင် အဖွင့်မလှပခဲ့ဟု သိရသည်။ တောင်ကိုရီးယား K-Popဂီတ လောကတွင်သာ မကဘဲ ဂျပန်တွင်လည်း ပရိသတ်အင်အား အမြောက်အမြား ရှိနေသည့် BoAသည် ဟောလီးဝုဒ် သရုပ်ဆောင်ဘဝ ခြေလှမ်းသစ်အဖြစ် Make Your Move ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားခဲ့သည်။ အသက်(၂၇)နှစ် ရှိပြီဖြစ်ပြီး အမည်ရင်း ကွန်ဘိုအာဖြစ်သည့် အဆိုတော်၏ အကအသားပေး ဇာတ်ကား ကို တောင်ကိုရီးယားတွင် ဧပြီလ(၁၇)ရက်နေ့က ရုံတင်ရာ စုစုပေါင်း တစ်နိုင်ငံလုံး ကြည့်ရှုသူ အရေ အတွက် (၉၁၆၁)ဦးသာ ရှိခဲ့သည်။



ထို့ကြောင့်လည်း ကြည့်ရှုသူ အရေအတွက် (၁၀၀၀၀)မပြည့်ဘဲ ရုံချရသည့် ဇာတ်ကားတစ်ကား ဖြစ်လာသ လို ရုံတင်ဇာတ်ကားများ သတ်မှတ်ချက်တွင် အဆင့်(၄၃)သာ ချိတ်ခဲ့သည်။ BoAအနေဖြင့် ပြည်တွင်း တွင်သာ ပရိသတ် အားပေးမှု နည်းပါးခြင်းကို ကြုံရသည် မဟုတ်ဘဲ ဟောလီးဝုဒ်တွင်လည်း မျက်နှာပန်း မလှခဲ့ချေ။ Box Office စာရင်းအရ သူမ၏ ဇာတ်ကားသည် အဆင့်(၃၈)သာ ချိတ်ခဲ့ပြီး အမေရိကန် ပရိသတ်များကြားတွင်လည်း ထိုးဖောက်နိုင်ခြင်း မရှိခဲ့ဟု သိရသည်။ Make Your Moveသည် BoA ၏ ဟောလီးဝုဒ် ပွဲဦးထွက်အဖြစ် လူအများ အာရုံစိုက်မှုကို ခံခဲ့ရသည့်တိုင် လက်တွေ့ ရုံတင်ရာတွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ချေ။



BoA ၏ ပရိသတ် တစ်ဦးက “အဓိက ပြဿနာကတော့ အချိန်ရွေး မှားတာပါပဲ။ BoAအနေနဲ့ ဒါကို အရမ်းကြီး စိတ်မပျက်သွားဖို့ လိုပါတယ်။ နောက်ထပ်ဇာတ်ကားမှာတော့ အခြေအနေကောင်းဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ Make Your Move ဇာတ်ကားတွင် BoAနှင့်အတူ အမေရိကန် အကသမား ဒါရက်ခ်ဟော့ဂ်က ပါဝင်သရုပ်ဆောင်ထားပြီး ဝီလျံရှိတ်စပီးယား၏ Romeo and Juliet ဇာတ်လမ်းကို မှီငြမ်းဖန်တီးထားကြောင်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...