ချင့်ချိန် စဉ်းစားသင့်သလို နည်းလမ်းရှာကြံ ကြိုးစားဖို့လည်း လိုတယ်

ကျေးလက်မှာ မွေးဖွားကြီးပြင်းပြီး အလုပ်အကိုင် အခြေအနေ၊ စီးပွား ရေးအခြေအနေ၊ လူမှုရေး အခြေအနေတွေကြောင့် မြို့မှာနေကြရသူတွေ ဟာ မြို့ပေါ်က ကတ္တရာ လမ်းကြီးငယ်တွေ၊ ကွန်ကရစ် လမ်းကြီးငယ်တွေ ပေါ်မှာနေ့တဓူဝ ကိစ္စမျိုးမျိုးနဲ့ သွားရင်းလာရင်း မကြာမကြာ ကျေးလက် က မြေကြီးလမ်း ကလေးတွေကို သတိရတတ် ကြပါတယ်။ လမ်းတစ်ဖက် တစ်ချက် မှာမြို့ပေါ်ကလို အရိပ်ရပင်တွေ အလှပင်တွေ ပန်းပင်တွေအစီ အရီ စိုက်ထားတာမျိုး မဟုတ်ဘဲ သစ်ပင်မျိုးစုံနဲ့ ခြုံတွေပေါင်းတွေ ပေါက်ချင်သလိုပေါက်နေပြီး တစ်ခါတစ်ခါ တောရိုင်းပန်းပင် တစ်ပင်တစ် လေကိုလည်း ပန်းပွင့်ကလေးတွေနဲ့ တွေ့ရတတ်တဲ့ ကျေးလက်က မြေကြီးလမ်း ကလေးတွေဟာ မြို့ပေါ်က ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းတွေလို ကား ကြီးကားငယ်တွေ ဥဒဟိုသွားလို့ မရပေမယ့် ခြေကျင်လျှောက်မယ့်သူနဲ့ စက်ဘီးစီးမယ့် သူအတွက်တော့ အဆင်ပြေပါတယ်။ မြို့ပေါ်မှာ လမ်းပျက် နေရင် စက်ယန္တရားတွေ၊ နိုင်ငံခြားက တင်သွင်းထားတဲ့ ပစ်္စည်းတွေနဲ့စရိတ် အတော်များများ အကုန်အကျ ခံပြီး ပြင်မှရပေမယ့်ကျေးလက်က မြေကြီး လမ်းကလေး ပျက်နေရင်တော့ ငွေကြေးကုန်ကျစရာ မလို၊ စက်ယန္တရားမလို၊ အရပ်တစ်ပါးက ပစ္စည်းတွေ တင်သွင်းစရာမလိုဘဲ လမ်းသွားလမ်းလာတွေ က တစ်ယောက် တစ်လက်မြေဖို့ ပြင်ဆင်လိုက်လို့ ရပါတယ်။

ဒါပေမယ့် ခက်တာက ကျေးလက်မှာ တောင်ခြေကျင်လျှောက် နေရုံ စက်ဘီးစီးနေရုံနဲ့ မလုံလောက်ဘဲ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကားကြီး ကားငယ်တွေ ရာသီမရွေး နေပူမိုးရွာမရှောင် နေ့နေ့ညည သွားလာဖို့ လိုအပ် လာတာဖြစ်ပါတယ်။ မြေကြီးလမ်းကို ဘယ်လိုကောင်းအောင် လုပ်ထား ပေမယ့် နေပူရင် ဖုန်ထပြီးမိုးရွာရင် ဗွက်ထတတ်တဲ့ သဘာဝကိုကျော်လွန် ရှောင်လွှဲလို့မရနိုင်ပါဘူး။ နွေရာသီ နေ့လယ်ခင်းနေပူပူမှာ မြေကြီး လမ်းပေါ်က ကားကြီးကားငယ်တွေ ဖြတ်မောင်းသွားလို့ ဖုန်လုံးကြီးတွေ ထလာတဲ့အခါ မြေကြီးလမ်းကလေးရဲ့ ပင်ကိုယ်သာယာ လှပမှုတွေပျောက် ပြီးအနိဋ္ဌာရုံ ဖြစ်သွားပါတယ်။ မိုးရွာနေချိန်နဲ့ မိုးရွာပြီးစ အချိန်မြေပျော့နေ တုန်းကုန်ကားကြီးတွေ ကုန်အပြည့်နဲ့မောင်းလိုက် လို့ကတော့ လမ်းမှာ ချိုင့်ကြီးတွေ ပေါ်လာပြီး လမ်းပျက်ပါတယ်။ လမ်းပျက်တဲ့ထဲက ထပ်ပြီး ကားတွေသွားမယ် ဆိုရင်တော့သွားတဲ့ ကားတွေ ဗွက်နစ်ပါတယ်။ ရှေ့က ကားတွေက ဗွက်နစ်နေတော့ နောက်က ကားတွေ သွားလို့မရတော့ဘဲ တန်းစီပြီးရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်နဲ့ လမ်းကိုမဖြစ်မနေ အသုံးပြု ရမယ့်သူတွေ အတွက် အနိဋ္ဌာရုံတင် မကတော့ဘဲ ဒုက္ခအကြီးအကျယ် ရောက်ရပါတယ်။

ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ခင်းလမ်း၊ မြေကြီးလမ်း စသည်ဖြင့်လမ်း အမျိုးမျိုးရှိသလို အလုပ်အကိုင်တွေကိုလည်း သမ္မာအာဇီဝ ကောင်းရောင်းကောင်းဝယ် အလုပ်ချင်း တူပေမယ့် ပျမ်းမျှဝင်ငွေ၊ မျှော်မှန်း နိုင်တဲ့ လူမှုရေးအဆင့်အတန်း၊ လူ့အဖွဲ့အစည်းက သတ်မှတ်တဲ့ ဂုဏ်ရည် စသည်ဖြင့် အကြောင်းအချက် အမျိုးမျိုးနဲ့ ချိန်ထိုးပြီး ခွဲခြားသတ်မှတ် ရှုမြင်ခံရမှာ ဖြစ်ပါတယ်။ ကတ်္တရာ၊ ဘိလပ်မြေ၊ ကျောက် စသည်ဖြင့် လုံးဝမပါဘဲ ကတ်္တရာလမ်း ကွန်ကရစ်လမ်း ကျောက်ခင်းလမ်းတွေဖြစ် မလာနိုင်သလို ပျမ်းမျှဝင်ငွေနည်းပါးပြီး၊ မျှော်မှန်းနိုင်တဲ့ လူမှုရေးအဆင့် အတန်းနဲ့ လူ့အဖွဲ့အစည်းက သတ်မှတ်တဲ့ ဂုဏ်ရည်လည်း နိမ့်ကျတဲ့အလုပ် တွေမှာဘယ်လိုပင် အောင်မြင်ပါစေ၊ ပျမ်းမျှဝင်ငွေ များပြားပြီး၊ မျှော်မှန်း နိုင်တဲ့ လူမှုရေး အဆင့်အတန်းနဲ့လူ့အဖွဲ့အစည်းက သတ်မှတ်တဲ့ ဂုဏ်ရည် လည်း မြင့်မားတဲ့ အလုပ်တစ်ခုခုကို လုပ်နေသူလောက် လူပုံအလယ်မှာ နေရာပေး အရေးပေးခံရမှာ မဟုတ်ပါ ဘူး။

ဒါကြောင့် လူငယ်တွေအနေနဲ့ အလုပ်အကိုင် ရွေးချယ်တဲ့အခါ ကနဦးပင်ပန်းဆင်းရဲတာ၊ ဒုက္ခခံရတာ၊ အနစ်နာခံရတာ၊ ၀င်ငွေက ကိုယ့်စရိတ်တောင် မလောက်ချင့်လောက်ချင် ဖြစ်နေတာတွေကို နောင်အခါဖြစ် လာနိုင်တဲ့ ရေရှည်အလားအလာနဲ့ ချိန်ဆပြီး သင့်မသင့် တန်မတန် စဉ်းစားရမှာဖြစ်ပါ တယ်။ သာယာလှပတဲ့ ကျေးလက်ကမြေကြီးလမ်း ကလေးနဲ့ တင်းတိမ်ရောင့်ရဲနိုင်မယ် ဆိုရင် ကောင်း တာမှန်ပေမယ့် နောင် အခါ ဖွံ့ဖြိုးတိုးတက်လာလို့ စက်ဘီးလောက်တင်မက ကိုယ်ပိုင်ကားတွေ ဥဒဟို သွားလာနိုင်တဲ့ အနေအထားဖြစ်လာရင်တော့ အဆင်မပြေနိုင်ဘူး ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။ ကားကြီးကားငယ်တွေ ခရီးလမ်းပန်း သာယာစွာနဲ့ မောင်းနှင်သွားလာနိုင်တဲ့ အနေအထားမျိုး ဖြစ်ချင် တယ်ဆိုရင်လည်း ကတ္တရာ၊ ဘိလပ်မြေ၊ ကျောက်စသည်ဖြင့် လိုအပ်တာတွေကို ရင်းနှီးမြှုပ်နှံဖို့နဲ့ မရှိ သေးရင်လည်းရှိလာအောင် နည်းလမ်းရှာကြံကြိုးစားဖို့ ဖြစ်ပါတယ်။

““သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်တယ်”” ဆိုပေမယ့် သစ်ပင်မျိုးအားလုံးကို မဆိုလိုဘူး ဆိုတာ သတိထားရမှာ ဖြစ်ပါတယ်။ အချို့သစ်ပင်မျိုးကတော့ ငှက်ဆယ်ကောင်၊ အကောင်နှစ်ဆယ်ထက် ပိုပြီး နားနေလောက်တဲ့ အရွယ်အစားမရှိပါဘူး။ ဒါကြောင့် ငှက်တစ်သောင်းနား နိုင်တဲ့ သစ်ပင်ကောင်း ဘ၀ကို လိုချင်ရင် သစ်ပင်ဖြစ်ရင်ပြီးရော ဘယ်အမျိုး အစားမဆို လက်ခံလို့မရပါဘူး။ ငှက်တစ်သောင်း နားနိုင်လောက်အောင် ကြီးမားတဲ့ အရွယ်အစားအထိ ပေါက်ရောက်လေ့ရှိတဲ့ သစ်ပင်မျိုးဖြစ် အောင် အရင်ဦးဆုံး ကြိုးစားရမှာ ဖြစ်ပါတယ်။


ဆရာသုတ
JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...