ကျူရှင်သင်ခြင်းကို အရေးယူခြင်းထက် မသမာမှုဖြင့် သင်ကြားမှုကို အဓိက အရေးယူခြင်းဖြစ်

အခြေခံပညာ ကျောင်းများတွင် တာဝန် ထမ်းဆောင် နေသော ဆရာ၊ ဆရာမများ ကျူရှင် သင်ပါက အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် ရာတွင် ကျူရှင်သင်ခြင်းကို အရေးယူခြင်းထက် မသမာမှုဖြင့် သင်ကြားမှုကိုသာ အဓိက အရေးယူ ခြင်းသာဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက သြဂုတ် ၄ ရက်တွင် စံတော်ချိန်သို့ ပြောကြားခဲ့သည်။

မသမာမှု

‘ကျူရှင်သင်တာကို အရေးယူတာက ကျူရှင်သင်လို့ အဓိက အရေးယူတာထက် မသမာမှုနဲ့ ကျူရှင်သင် တာကို အရေးယူ ဆောင်ရွက်တာပါ။ ကိုယ့်ကျူရှင်မှာ မတက်တဲ့ ကလေးတွေကို ခွဲခြားဆက်ဆံတာတွေ မေးခွန်းတွေကို ခွဲခြားမေးတာတွေ အဲလိုမျိုးမသမာတဲ့ နည်းနဲ့ ကျူရှင်သင်ကြား တာတွေကို အဓိက အ ရေးယူတာ ဖြစ်ပါတယ်’ ဟု ၎င်းကပြောဆိုသည်။

အရေးယူ

ယင်းကဲ့သို့ အရေးယူမှုများ ဆောင်ရွက်ရာတွင် မိမိထံတွင် ကျူရှင်ယူသော ကျောင်းသားများကို အခြား ကျောင်းသားများထက် အခွင့်အရေးပိုပေးခြင်းနှင့် မေးခွန်းများပေးခြင်းစသည်တို့ လုပ်ဆောင် သည်မှာ ပေါ်လွင်ပါက ရာထူးချခြင်း၊ နေရာပြောင်းရွှေ့ခြင်းတို့ကို ပြုလုပ်ပြီးအရေးယူလျက်ရှိကြောင်း၊ ကျောင်း စဖွင့်သည်နှင့်ဆရာ၊ ဆရာမများက ကျူရှင်သင်ကြားခြင်းမပြုရန်အတွက် လက်မှတ်ရေးထိုး ကတိပြုရ ကြောင်း သိရသည်။

‘ကျူရှင်သင်ခွင့်မရှိဘူးဆိုတာ စည်းကမ်းချက်ထုတ်ထားတာပဲ။ ဒါပေမဲ့ ကျူရှင်မှာပြဿနာဖြစ်မှ အရေး ယူတာ။ ပြဿနာမဖြစ်ရင် သင်နေကြတာပဲ။ ဒါတွေကိုဘယ်သူကမှ လိုက်မဖမ်းနိုင်ဘူးလေ’ ဟု အငြိမ်း စားပညာရေး ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

မိဘများ

‘ပညာရေးဝန်ကြီးဌာနက ကျူရှင်စနစ်ပပျောက်ရေးအတွက် ကျောင်းမှာ စာကိုတတ်အောင်သင်ဖို့ ညွှန် ကြားထားတယ်။ ဒါပေမဲ့ မိဘတွေကြောင့်တော့ ကျူရှင်စနစ်ပပျောက်နိုင်မှာ မဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ မိဘတွေက ကိုယ့်သားသမီးတွေကို စိုးရိမ်စိတ်တွေနဲ့ ကျောင်းမှာသင်ရုံ မတင်းတိမ်နိုင်ကြ ဘူး။ မိဘတွေရဲ့ တောင်းဆိုမှုကြောင့် ကျူရှင်စနစ်ကတော့ ရှိနေဦးမှာပဲ’ ဟု အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက သုံးသပ်သည်။

ကျောင်းအုပ်

ထို့ပြင်ကျူရှင်စနစ်ပပျောက်စေရန် အခြေခံပညာကျောင်းများ၏ ကျောင်းအုပ်ကြီးများတွင်လည်း တာဝန် ရှိပြီး ကျောင်းသားများအပေါ် မျက်နှာမလိုက်ဘဲ တန်းတူသင်ကြားပေးရန်အတွက် ကျောင်းအုပ် ကြီးများက မိမိကျောင်းတွင်ရှိသော ဆရာ၊ ဆရာမများကို စည်းရုံးကာကြိုးစားသင်ပြရမည်ဖြစ်ကြောင်း၊ ကျောင်းသား များအား ခွဲခြားဆက်ဆံမှုမရှိစေရန် ကျောင်းအုပ်ကြီးက ကြပ်မတ်နိုင်မှသာ ကျူရှင်စနစ် ပပျောက်ရေး အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ 


စံတော်ချိန်သတင်းစာ
သြဂုတ် (၅) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...