ကြက်ဆီထမင်း (ဟိုင်နန်- တရုတ်)



***... ကြက်သားပြုတ် အတွက် လိုအပ်တာလေးတွေ…

1. အတွင်း ကလီစာများ နှင့် အဆီများ ထုတ်ကာ သန့်ပြန့်အောင် ဆေးထားသော ကြက် – ၁ ကောင် (820 g) (၅၃ ကျပ်သား)
2. ဓါးပြား ရိုက်ထားသော ကြက်သွန်ဖြူ – အတက်ကြီး ၅ တက်
3. အခွံမခွါပဲ ပြောင်စင်အောင် ဆေးပြီး ဓါးပြား ရိုက်ထားသော ဂျင်း – ၁ တက် (လက်မအရွယ်ခန့်)
4. ၂ လက်မ အရှည်ခန့် လှီးထားသော ကြက်သွန်ပင် – အနည်းငယ်
5. ၂ လက်မ အရှည်ခန့် လှီးကာ အနည်းငယ်ကြေအောင် ထုထားသော စပါးလင် – ၄ ပိုင်း
6. လေးစိတ်ကွဲ လှီးထားသည့် ဂေါက်သီးအရွယ် ကြက်သွန်နီ – ၁ လုံး
7. ရိုးရိုးရေအေး – ကြက်တစ်ကောင်လုံး မြှုပ်လုနီးပါးထည့်ရန်
8. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
9. chicken powder – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
10. နှမ်းဆီ – အနည်းငယ် (ကြက်သားပြုတ်ကို ခုတ်ထစ်ပြီးနောက် အရောင်လက်ပြီး မွှေးအောင်သုတ် ရန်)

နှမ်းဆီမှ လွဲ၍ ကြက်သားပြုတ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းအားလုံးကို အိုးတစ်လုံးထဲထည့်ကာ high heat ဖြင့် အိုးအဖုံး မဖုံးပဲ ပြုတ်ထားပါ။

ရေများစပြီး ဆူလာသည်နှင့် medium low heat သို့လျှော့ကာ အိုးအဖုံး ဖုံးပြီး ပြုတ်ပါ။ (ရေကို လုံးဝ မဆူစေပဲ၊ အငွေ့ထွက်ရုံ ပူစေသည့် မီးအပူရှိန် ဖြစ်နေရပါမယ်။)

၁၅ မိနစ်ခန့်ကြာလျှင် တစ်ဖက်ကို လှန်ပေးပြီး နောက်ထပ် ၁၅ မိန်ခန့် ဆက်ပြုတ်ပါ။ (အသား နှင့် အရေခွံများ မပေါက်ပြဲအောင် တတ်နိုင်သမျှ သတိထားလှန်ပါ။)

စုစုပေါင်း မိနစ် ၃၀ ခန့်ကြာပြီးလျှင် အသားကျက် မကျက် သိရအောင် ကြက်ပေါင်ရင်းအသားထဲကို တူဖြင့်ထိုးကြည့်ပါ။ သွေးရည်ကြည်လေးများ မထွက်လာတော့လျှင် အသားကျက်ပါပြီ၊ မကျက်သေးလျှင် မိနစ်အနည်းငယ် ဆက်ပြုတ်ပေးပါ။

အသားကျက်လျှင် ဆယ်ယူကာ ရေခဲရေထဲစိမ်ပြီး (သို့) ရေအေးပိုက်အောက် ထားကာ အေးသွားအောင် လုပ်ပေးပါ။ (အသားများ ပဲ့ရွှဲ့ သွားနိုင်၍ ရေပိုက်မှ လာသော ရေ ကို အသားပေါ် တိုက်ရိုက်မကျ ပါစေနှင့်။)

အေးသွားပြီးနောက် ရေစစ်ဆယ်ကာ ခြောက်သွားအောင် ၁ နာရီခန့် လေ သလပ်ခံထားပါ။

ပြီးလျှင် မိမိနှစ်သက်သလို ခုတ်ထစ်ကာ အရောင်လက်ပြီး မွှေးအောင် brush သုံး၍ နှမ်းဆီအနည်းငယ် သုတ်ပေးပါ။

***... ထမင်းချက်ရန် လိုအပ်တာလေးတွေ…

1. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၂ ဇွန်း
2. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
3. ဆီ – ထမင်းစားဇွန်း ၁ ဇွန်း (ကြက်အဆီတုံး မသုံးလျှင် နောက်ထပ် ထမင်းစားဇွန်း ၃ ဇွန်း ပိုထည့်ပါ။)
4. ကြက်အဆီတုံး – ထမင်းစားဇွန်း ၄ ဇွန်းခန့်
5. ရေဆေးပြီး ရေစစ်ထားသော ရိုးရိုးဆန် – ၄ ခွက် (rice cooker တွင် ပါသောခွက်)
6. ကြက်ပြုတ်ရည် – ၅ ခွက် (rice cooker တွင် ပါသောခွက်) (ဆန်အမျိုးအစားပေါ်မူတည်ပြီး အနည်းငယ်ကွာခြားနိုင်ပါတယ်။)
7. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ပြုတ်ရည် အပေါ့၊ အငံပေါ်မူတည်ပြီး လိုအပ်သလို ထည့်ပေးပါ။)

ကြက်သွန်ဖြူ၊ ဂျင်း၊ ဆီ နှင့် ကြက်အဆီတုံးတို့ကို medium heat ဖြင့် မွှေကြော်ပေးပါ။

ကြက်အဆီများပျော်ပြီး အဆီ (ထမင်းစားဇွန်း ၃ ဇွန်းခန့်) ထွက်လာကာ ကြက်သွန်ဖြူ နှင့် ဂျင်း အနည်း ငယ် ရွှေဝါရောင်သန်းပြီး မွှေးလာလျှင် …..

မပျော်သည့် ကြက်အဆီခဲအချို့ကို ဖယ်ထုတ်ပစ်ကာ ဆား နှင့် ရေဆေး၊ ရေစစ်ထားသော ဆန်ထည့်၍ high heat ဖြင့် ၂ မိနစ်ခန့် ခပ်ဖွဖွမွှေကြော်ပေးပါ။

ပြီးလျှင် ကြော်ထားသောဆန် နှင့် ကြက်ပြုတ်ရည်ကို rice cooker ထဲထည့်ပြီး ရိုးရိုးထမင်းချက်သကဲ့သို့ ချက်ပေးပါ။ (ရေဆူလာလျှင် ဆီ များ ပြန့်နှံ့စေရန် အထက်အောက်လှန်ပြီး အနည်းငယ်မွှေပေးပါ။)

ထမင်းကျက်လျှင် အိုးအဖုံးချက်ချင်း မဖွင့်သေးပဲ ၁၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးနောက် အထက်အောက် လှန်ကာ အနည်းငယ်မွှေပြီးမှ ခူးခပ်စားပါ။ (အရသာ နှင့် ဆီများ ညီညီညာညာပြန့်နှံ့ရုံမက၊ ထမင်းစေ့ လေးများလည်း တစ်လုံး နှင့်တစ်လုံးကပ်မနေပဲ စားချင်စဖွယ်ဖြစ်စေပါတယ်။)

ကြက်ဆီထမင်း ဖြင့် တွဲစားရသော sauce အမျိုးပေါင်းများစွာရှိသည့်ထဲက ၂ မျိုးကို လုပ်ပြထားပါတယ်။ မိမိကြိုက်နှစ်သက်ရာ တစ်မျိုးကို သုံးနိုင်သလို၊ အခြား sauce များဖြင့်လည်း တွဲဖက်စားနိုင်ပါတယ်ရှင်။ ကျွန်မတို့ မိသားစု ကတော့ dipping sauce 2 ဖြင့် စားရတာကို ပိုကြိုက်ပါတယ်။

***... dipping sauce 1 အတွက် လိုအပ်တာလေးတွေ…

1. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်း
2. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
3. ပါးပါးလှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၁ ဇွန်း
4. ဆား – လက်ဖက်ရည်ဇွန်း ၇ ပုံ ၁ ပုံခန့်
5. ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

အတော်လေး ပူအောင် အပူပေးထားသော ဆီ ကို ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်ပင် နှင့် ဆား ထည့် ထားသည့် ခွက်ထဲလောင်းထည့်ကာ မွှေရောလိုက် လျှင် dipping sauce 1 ကို ရပါပြီ။

***...dipping sauce 2 အတွက် လိုအပ်တာလေးတွေ…

1. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်း
2. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
3. ထောင်းထားသော နံနံပင် – ထမင်းစားဇွန်း ၁ ဇွန်း
4. ထောင်းထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း တစ်ဝက်
5. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း
6. ပဲငံပြာရည်အကျဲ (light soy sauce) – ထမင်းစားဇွန်း ၂ ဇွန်း
7. ပျားရည် – ထမင်းစားဇွန်း တစ်ဝက် (မရှိလျှင် သကြား (သို့) ထန်းလျက် ထည့်ပါ။)

ပါဝင်ပစ္စည်း အားလုံးကို ရေဖျော်လိုက်လျှင် dipping sauce 2 ကို ရပါပြီ။


ref&credit;https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...