စာချုပ်ပါ အချက် ဖောက်ဖျက်မှုဖြင့် မြန်မာ့ ဆက်သွယ်ရေးကို အမေရိကန်တွင် တရားစွဲမည်

သဘောတူ စာချုပ်ပါ အချက်ကို ဖောက်ဖျက်မှု အတွက် မြန်မာ့ ဆက်သွယ်ရေးကို အမေရိကန် နိုင်ငံတွင် တရားစွဲ ဆိုသွားမည်ဟု အမေရိကန် အခြေစိုက် IIWS Telecommunication ကုမ္ပဏီ ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဒေါက်တာ မြတ်နုခိုင်က မဇ္ဈိမကို ပြောသည်။

အမေရိကန် အခြေစိုက် IIWS ကုမ္ပဏီ အနေဖြင့် ဖုန်းပြောဆိုမှုတွင် အသံပိုင်းဆိုင်ရာ ဝန်ဆောင်မှု ကောင်းမွန်စေရေး လုပ်ဆောင်ရန် မြန်မာ့ ဆက်သွယ်ရေးနှင့် ၁၉၉၉ ခုနှစ်တွင် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သော်လည်း လက်ရှိချိန်ထိ လုပ်ဆောင် ရန် ပျက်ကွက်ခဲ့သည့် အတွက် အမေရိကန်တွင် တရားစွဲဆိုရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“စာချုပ်ပါ အချက်တွေကို ဖောက်ဖျက်တဲ့အတွက် ကုမ္ပဏီရဲ့ ဆုံးရှုံးမှုနဲ့ ဌာနေ ကိုယ်စားလှယ်ရဲ့ နိုင်ငံသား အခွင့် အရေး ဆုံးရှုံးခဲ့ရတာကြောင့် အမေရိကန်နိုင်ငံမှာ တရားစွဲဖို့ အသင့်ပြင်ထားပါပြီ။ ကုမ္ပဏီရဲ့ မူရင်း မိခင်ဌာနက အမေရိကန်ကဆိုတော့ အမေရိကားမှာပဲ သွားပြီး စွဲဖို့အသင့်ပြင်ထား ပါတယ်။စာချုပ်ပါ အချက်တွေ အတိုင်းစွဲမှာပါ။ မြန်မာနိုင်ငံက ဥပဒေနဲ့စွဲမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာမြတ်နုခိုင်က ပြောသည်။

စာချုပ်ပါအချက် ဖောက်ဖျက်မှုကြောင့် တရားစွဲဆိုသွားမည်ဟု ရေးသားထားသည့် အကြောင်းကြားစာကို မြန်မာ့ဆက်သွယ်ရေးထံ နှစ်ကြိမ် ပေးပို့ထားပြီးဖြစ်သည်။

“စာချုပ်ပါ အတိုင်းကို ဟိုဘက်က အခွင့်အရေးအတိုင်း တရားစွဲမှာပါ။ စာချုပ်မှာတော့ အန်တီတို့က ဘာ လုပ်ပါမယ်။ mpt က ဘာလုပ်ပါမယ် ဆိုတာတွေ ပါမယ်။ အငြင်းပွားမှု ဖြစ်လာရင် ကုလသမဂ္ဂဆိုင်ရာ ဥပဒေ နဲ့ ဖြေရှင်းပါမယ်လို့ လက်မှတ် ထိုးထားကြတာ။ အခု သူတို့ကဘာမှ အကြောင်း မကြားဘူးဆို တော့ အငြင်းပွားသလို ဖြစ်တာပေါ့ ” ဟု ၄င်းက ပြောသည်။

ယခုကိစ္စအပေါ် မြန်မာ့ဆက်သွယ်ရေး အဝေးဆက်ဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက “နား လည်မှုလွဲတာမျိုးပါ။ တရားဥပဒေအတိုင်းပဲ ဖြစ်သွားမှာပါ။ ကျွန်တော်တို့ အဝေးဆက် အနေနဲ့ကတော့ သူတို့ လိုအပ်မယ့် အချက်အလက်တွေကိုရှာပေးတာမျိုးပဲဖြစ်ပါတယ်။ သူတို့ဆီကိုလည်း အီးမေးလ်နဲ့ အကြောင်းပြန်ပေး ထားပါတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးက စာချုပ်ပါအချက်များကို ဖောက်ဖျက်သဖြင့် အမေရိကန်အခြေစိုက် IIWS ကုမ္ပ ဏီအနေဖြင့် ကုမ္ပဏီ၏ ဆုံးရှုံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃ဝ ခန့် နှင့် ဌာနေကိုယ် စားလှယ်၏ နိုင်ငံသားအခွင့်အရေးဆုံးရှုံးခဲ့သည့်နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ခန့်ရလို မှုဖြင့် တရားစွဲ ဆိုသွားရန်စီစဉ် ခြင်းဖြစ်သည်ဟု IIWS ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးတင်အေးက ပြောသည်။

ယင်းကဲ့သို့ တရားစွဲဆိုရန် စီစဉ်ထားမှုများနှင့် လက်ရှိအခြေအနေများကို သြဂုတ် ၂၉ ရက် တွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ပြီး အသိပေးသွားမည်ဖြစ်သည်။


Mizzima News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...