ကားကလေးနှင့် မူးယစ်ဆေးသယ်၊ တစ်ထိုင်တည်းချ၊ တစ်ခါတည်းသုံး

ဖုန်းနံပါတ် တစ်ခုသို့သာ ချိတ်ဆက် လိုက်ပါ။ မူးယစ်ဆေး သုံးစွဲလိုသူ များထံသို့ မှန်စတေကာ အနက်ရောင် တပ်ထားသော ကားတစ်စီး ရောက် ရှိလာသည်။ ကားပေါ်တက်သည်နှင့် ကားအတွင်း စိတ်ကြွဆေးပြားများနှင့်အတူ သုံးစွဲရန် လိုအပ် သည့် ပစ္စည်းများဖြစ်သော ရေဘူး၊ ခဲပြား၊ မီးခြစ်များ အရန်သင့် ပါလာသည်။ ကားအတွင်း တွင် အဆင်သင့် သုံးနိုင်သည်။ ကားမောင်းသူက ကားကို လိုက်ပတ်မောင်းပေးနေပြီး မူးယစ်ဆေး သုံးစွဲပြီးပါက သွားလိုသည့် နေရာကို ပြန်ပို့ပေးသည်။ ယင်းကား ရန်ကုန်မြို့တွင် လူသိနည်းသေးသည့် နောက်ဆုံးပေါ် မူးယစ်ဆေး ရောင်းချသည့် ဝန်ဆောင် မှုပုံစံ ဖြစ်သည်။

ယခင်ကမူ ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် ယာဘ ဝယ်ယူလိုပါက လှိုင်သာယာ၊ ရွှေပြည်သာ အစရှိသော မြို့နယ် အစွန်အဖျားများတွင် သွားရောက် ဝယ်ယူရလေ့ ရှိသည်။

၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းခန့်မှ စတင်ပြီး ယာဘဆေးပြားများအား သုံးစွဲသူရှိရာသို့ မော်တော်ကားဖြင့် အရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ ရန်ကုန်မြို့တွင် ခေတ်စားလာခဲ့ကြောင်း၊ ရံဖန်ရံခါ ယာဘ ဆေးဝါးသုံးစွဲသူ စမ်းချောင်းမြို့နယ်နေ ကိုဇော်လတ် (အမည်လွှဲ) က ပြောပြသည်။

ထိုနည်းတူ တစ်ပြိုင်တည်း ခေတ်စားခဲ့သော လုပ်နည်းကိုင်နည်းမှာ ဟိုတယ် အခန်းတစ်ခု ယူထားပြီး မှာယူလိုက်ပါက အမျိုးသမီးတစ်ဦးက လာပို့သည်။ အရန်သင့် သုံးစွဲရန် ခဲပြား၊ မီးခြစ်၊ ရေဘူး အားလုံး ပါသည်။ သုံးပြီးသည်အထိ ထိုင်စောင့်ပြီးမှ အမျိုးသမီးက ပြန်သွားသည်။ ဟိုတယ်ကမူ ယင်းအမျိုးသမီးကို ပြည့်တန်ဆာ တစ်ဦးဟုပင် ထင်ပေလိမ့်မည်။

အခုနောက်ပိုင်းတော့ လုပ်နည်းလုပ်ဟန် ပြောင်းသွားသည်။ “အခုနောက်ပိုင်းတော့ ဟိုတယ်ခန်း ယူစရာ မလိုတော့ဘူး ကိုယ်က သုံးနေကျ ဖောက်သည် ဖြစ်သွားပြီဆိုတော့ ဖုန်းချိတ်လိုက်ပြီး ကိုယ်ရှိတဲ့နေရာ ပြောလိုက်ရုံပဲ။ သူတို့ လာပို့ပေးပါတယ်” ဟု ကိုဇော်လတ်က ဆိုသည်။

အဆိုပါ ဝန်ဆောင်မှုအပြင် ငါးရာဖိုး နှစ်ချပ်ဖြင့် ဝယ်ယူကြည့်ရှုနိုင်သည့် နိုင်ငံခြားဒီဗီဒီ အခွေထည့်သည့် စက္ကူချပ်ပြားအတွင်း WY ဆေးပြားကို ထည့်ကာ မြို့တွင်းတွင် နေရာအရောက် ဖြန့်ဖြူးသည့် စနစ်လည်း ရှိသေးသည်။ အများဆုံး ပို့ပေးရသည်မှာ မြို့ပေါ်ရှိ နိုက်ကလပ်များနှင့် ဟိုတယ်အချို့ ဖြစ်ကြောင်း မူးယစ်ဆေး ရောင်းချသည့် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး၏ အဆိုအရ သိရသည်။ သုံးသူအများစုမှာ ညဘက် ကလပ်တက်သူ လူငယ်များ၊ ရှိုးလျှောက်သော မော်ဒယ်လ်များ ဖြစ်သည်။

“အဓိကကတော့ သူက စိတ်ကို အမြဲလန်းဆန်းပြီး အလုပ် အရမ်းလုပ်နိုင်တယ်လေ။ တချို့ဆို အဲဒါသုံးပြီး တစ်ညလုံး ကနိုင်တဲ့ လူတွေတောင် ရှိတယ်” ဟု ရန်ကုန်မြို့တော် မင်္ဂလာဈေးရှိ နိုက်ကလပ်တစ်ခုမှ ဧည့်ကြို အမျိုးသားတစ်ဦးဖြစ်သူ ကိုမင်းဇော်ဦးက ပြောပြသည်။

မူးယစ်ဆေးဝါး ဆိုရာတွင် ယာဘခေါ် အက်ဖက်တမင်း အပါအဝင် ခေါင်းခါဆေးခေါ် အက်စီသာမင်း၊ ရေခဲခေါ် အိုက်စ်တို့ကိုလည်း သုံးစွဲမှု များပြားသည်။ ဟိုတယ်အခန်းသို့ ပို့ပေးခြင်း၊ အိမ်အရောက် ပို့ပေးခြင်း၊ ကလပ်ကို ပို့ပေးခြင်းတို့မှ နောက်ဆုံးအဆင့်အဖြစ် ရွေ့လျားယာဉ်ပေါ်တွင် အသင့်သုံးနိုင် သည့် အဆင့်သို့ ယခု ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းသို့ နောက်ဆုံးနည်း ပေါ်လာခြင်းမှာ သုံးစွဲရ လွယ်ကူခြင်းအပြင် အဖမ်းအဆီး ရှောင်နိုင်ခြင်း ကလည်း အရေးပါသည့် အချက်တစ်ခု ဖြစ်သည်။ သုံးစွဲသူအချို့မှာ ရဲသတင်းပေး လုပ်ဆောင်လေ့ရှိပြီး ဝယ်ယူလိုက်သည်နှင့် တစ်ပြိုင်တည်း ဝင်ဖမ်းလေ့ ရှိသဖြင့် ရောင်းသူဝယ်ယူအကြား ယုံကြည်မှုဆိုင်ရာ ပြဿနာ ရှိခဲ့ဖူးကြောင်း မော်တော်ကားဖြင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူ လှိုင်သာယာမြို့နယ်မှ အမျိုးသမီးက ပြောသည်။ 

“အခုနည်းကတော့ တစ်ခါတည်း ပြီးရောလေ။ ကားပေါ်မှာ တစ်ခါတည်း သုံးခိုင်းလိုက်တယ်။ အခု နည်း ကတော့ သုံးစွဲသူနဲ့ ရောင်းသူအကြားမှာ ယုံကြည်မှု တည်ဆောက်လိုက်တဲ့ နည်းပဲ။ ကားပေါ်မှာ ရောင်းသူရော ဝယ်သူရော ပါတယ်။ ဘယ်သူမှ ထောင်ချောက်ဆင်လို့ မရဘူး” ဟု ၎င်းကဆိုသည်။

မောင်းနေသော မော်တော်ကား တစ်စီးပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲရသည့် ခံစားမှုသည် အခန်းလုံ များထဲတွင် သုံးရသည်ထက် ရင်ခုန်စရာကောင်းသည့် အရသာတစ်မျိုးကို ဖြစ်ပေါ်စေပြီး လုံခြုံရေးနှင့် ပတ်သက်၍ ရောင်းသူဝယ်သူကြား စိတ်ချယုံကြည်မှု ရှိသည့်အတွက် ကြိုက်နှစ်သက်ကြောင်း၊ ယင်းကား များပေါ်တွင် တစ်ခါတရံ WY တစ်ခုသာ ရသော်လည်း တစ်ခါတစ်ရံ အိုက်စ်၊ အက်စီသာမင်း အစရှိသော မူးယစ်ဆေးများလည်း ရရှိနိုင်ကြောင်း မူးယစ်ဆေးသုံးစွဲသူ စမ်းချောင်းမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် ကိုစိုးကျော်က ပြောပြသည်။

ရန်ကုန်မြို့တော်တွင် WY ဆေးပြား တစ်ပြားပေါက်ဈေးမှာ ၅၀၀၀ ကျပ် ဖြစ်သော်လည်း ယင်းအလုံပိတ် ကားများပေါ်တွင် သုံးစွဲလျှင်မူ တစ်ပြားလျှင် တစ်သောင်းကျပ်ခန့် ပေးရလေ့ ရှိသဖြင့် တော်ရုံ မူးယစ်ဆေး သုံးစွဲသူများ အသုံးပြုနိုင်ခြင်းမရှိဘဲ ငွေကြေးတတ်နိုင်သူ လူငယ်အနည်းစုသာ သုံးစွဲနိုင်လေ့ ရှိသည်။

ယာဘဟု ခေါ်သော WY ဆေးပြားသည် ရနံ့ပြင်းလွန်းသဖြင့် တစ်နေရာရာတွင် သုံးစွဲနေပါက ဘေး ပတ်ဝန်းကျင်သို့ အနံ့များ အလွယ်တကူ ပျံ့နှံ့လေ့ရှိသည်။ ထို့အပြင် လေတိုက်သော နေရာများထက် လေလုံသော နေရာများတွင် သုံးစွဲပါက ဆေးကုန်ကျမှု သက်သာပြီး အာနိသင် ပိုမိုရှိကြောင်းလည်း သုံးစွဲသူများထံမှ သိရသည်။ ယင်းအတွက် Air-con တပ်ထား သော မှန်လုံမော်တော်ကားများအတွင်း သုံးစွဲခြင်းသည် အကောင်းဆုံး၊ လုံခြုံစိတ်ချရမှုလည်း အရှိဆုံးဟု ကိုစိုးကျော်နည်းတူ မော်တော်ကား အတွင်း သုံးစွဲဖူးသူ ကိုဝေယံက ပြောပြသည်။

ရန်ကုန်နည်းတူ မန္တလေးမြို့တွင်မူ မော်တော်ကား၊ ဆိုင်ကယ်တို့ဖြင့် အရောက် ပို့ပေးသည့်စနစ်မှာ ၂၀၁၀ ပြည့်နှစ် ကတည်းက အသားကျခဲ့ပြီ ဖြစ်ကြောင်း မန္တလေးမြို့၊ မင်းတဲအီကင်း ရပ်ကွက်မှ တက္ကသိုလ်ကျောင်းသား တစ်ဦးက ပြောဆိုသည်။ 

မန္တလေးမြို့တွင်မူ ယာဘခေါ် WY စိတ်ကြွဆေးပြား အရေအတွက်ပေါ် မူတည်ပြီး နည်းလျှင် ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးပြီး များလျှင် မော်တော် ကားဖြင့် လာပို့ပေးကြောင်း၊ ယင်းသို့ နေရာ အရောက် ဝန်ဆောင်မှု ပေးပါက ဆေးပြား တစ်ပြားလျှင် ကျပ်ခြောက်ထောင်နှုန်း ကျသင့်ပြီး လူကိုယ်တိုင် သွားရောက် ဝယ်ယူပါက WY တစ်ပြားလျှင် လေးထောင်ကျပ်၊ နှစ်ပြားလျှင် ခုနစ်ထောင်ကျပ် ဖြစ်ကြောင်း မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောပြသည်။ သို့သော် စွဲစွဲလမ်းလမ်းသုံးသူ နည်းသေးကြောင်း မြို့ခံအချို့က ဆိုသည်။

“ဒါပေမဲ့ အရက်သောက်သလိုမျိုး အပျော်သုံးနေကြတာ များတယ်။ အသက် ၁၆ ကနေ ၃၀ ကြား အမျိုးသားရော အမျိုးသမီးပါ သုံးကြတယ်” ဟု မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဂျူနုက ရှင်းပြသည်။

မြင်းဆေးဟုလည်း ခေါ်သည့် ယာဘ ခေါ် WY စိတ်ကြွဆေးပြားများသည် ၁၉၉၈ ခုနှစ်ခန့်မှ စပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ စတင် ဝင်ရောက်လာခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ အတွင်းတွင်ပါ ထုတ်လုပ်နိုင်သည့် အနေအထား ဖြစ်လာပြီး ယခုနောက်ပိုင်း လူငယ်နှင့် လူလတ်ပိုင်းတို့အကြား သုံးစွဲမှု ကျယ်ပြန့်လာသော မူးယစ်ဆေးဝါး ဖြစ်သည်။

WY ဆေးပြားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မှ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်၍ လည်းကောင်း၊ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ကို လည်းကောင်း ဖြတ်ကျော် ဝင်ရောက်လျက် ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

WY ဆေးပြား ထုတ်လုပ် သယ်ဆောင် ရောင်းချမှုများသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း အချို့နှင့် ပတ်သက်နေသည့်အတွက် ရဲတပ်ဖွဲ့အနေဖြင့် အရေးယူရန် ခဲယဉ်းနေသည်ဟု ယူဆကြောင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လူငယ်ပရဟိတအဖွဲ့မှ လူငယ်တစ်ဦးက ပြောပြသည်။

“ကျွန်တော်တို့အနေနဲ့ တိုက်ဖျက်ရေး လုပ်တယ်။ ထိရောက်မှု အတိုင်းအတာက အကန့်အသတ် ရှိတယ်လေ။ ကျွန်တော်တို့က အစိုးရမှ မဟုတ်တာ။ ဒါထက်ကို ကျွန်တော်တို့မှာ အခက်တွေ့တာက အဲဒီဆေးစွဲနေတဲ့ လူတွေကို ဖြတ်ဖို့၊ ပြန်လည်ပြုစုဖို့ ဘယ်လို တာဝန်ယူနိုင်မှာလဲ ဆိုတာမျိုး မေးခွန်း ထုတ်နေရတယ်” ဟု မွန်ပြည်သစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာ (ဗိုန်ခိုင်) က ပြောကြားသည်။

လက်ရှိတွင်လည်း မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်နှင့် ဌာနချုပ် စခန်းတို့၌ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုဖြင့် မွန်ပြည်သစ်ပါတီမှ ထိန်းသိမ်းထားသူ ၂၀၀ ဝန်းကျင်ခန့် ရှိကြောင်း ထိုင်းနယ်စပ်အခြေစိုက် ရွှေဟင်္သာ သတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်နယ်စပ် မူဆယ်မှ တစ်ဆင့်လည်း တင်သွင်းမှု များပြားပြီး ဓာတ်ဘူး၊ ဆိုင်ကယ် လက်ကိုင်အစွပ် စသည်တို့ဖြင့် သယ်ယူနိုင်ပြီး အဖွဲ့အစည်း အမည်ခံထားသူများအတွက် ပိုမိုအခွင့်အလမ်းသာကြောင်း ယင်းလမ်းကြောင်းမှ သယ်ယူဖူးသူ အချို့က ဆိုသည်။

“မိတဲ့သူလည်း မိပေါ့။ မမိဘဲ လွတ်သွားတာတွေလည်း အများကြီး။ အဖွဲ့အစည်း နာမည်ခံသူတွေကတော့ အချီကြီး သယ်နိုင်တယ်။ သူတို့ကျတော့ ဝိတ်ရှိတယ်လေ” ဟု ၂၀၁၁ ခုနှစ်က မူဆယ်မြို့မှ မန္တလေးမြို့သို့ မူးယစ်ဆေးဝါး သယ်ဆောင်သည့်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ ကိုဝင်းကိုကိုက သယ်ယူပုံ နည်းစနစ်များနှင့် ပတ်သက်ပြီး ပြောပြသည်။

မူးယစ်ဆေးဝါး အများဆုံး ဝင်ရောက်ရာ လမ်းကြောင်းများမှာ မူဆယ်- လားရှိုး- မန္တလေးမှ တစ်ဆင့် ဝင်ရောက်သည့် ရှမ်းပြည်နယ်လမ်းကြောင်း၊ မယ်စဲ့- ဒီမော့ဆို- ဖယ်ခုံမြို့များမှ တစ်ဆင့် ပြည်မသို့ ဝင်ရောက်သည့် ကယားလမ်းကြောင်း၊ မြဝတီ- ဘားအံ ကရင်ပြည်နယ်လမ်းကြောင်း၊ ဘားအံ၊ ကြာအင်း ဆိပ်ကြီး၊ ဘုရားသုံးဆူမှ တစ်ဆင့် မွန်ပြည်နယ် လမ်းကြောင်းများ ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။ 

ယင်းသို့ ဝင်ရောက်လာသော မူးယစ်ဆေးဝါး များသည် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီး များရှိ ရုပ်ရှင်၊ ဂီတ အနုပညာရှင် အသိုက်အဝန်း များ၊ လူကုံထံကြေးရတတ် အသိုင်းအဝန်းနှင့် လူငယ်ထုဆီသို့ တစ်ဆင့်ချင်း ပျံ့နှံ့ဝင်ရောက်လျက် ရှိသည်။ လူကုံထံ အသိုင်းအဝိုင်းမှ သုံးစွဲသူများ အနေနှင့် ဘိန်းဖြူနှင့် ရေခဲခေါ် အိုက်စ်ကို အများဆုံး သုံးစွဲလေ့ရှိပြီး ရုပ်ရှင်၊ ဂီတ အနုပညာ ရှင် အသိုင်းအဝိုင်းမှာ အက်စီသာမင်းခေါ် ခေါင်းခါ ဆေးကို ကြိုက်နှစ်သက်ကြကြောင်း၊ WY မှာမူ အလယ်အလတ်တန်းစား လူငယ်များ အပါအဝင် လူဂုဏ်တန် အသိုင်းအဝိုင်းရော ရုပ်ရှင်ဂီတ လောက သားအချို့ပါ ကြိုက်နှစ်သက်သည့် မူးယစ်ဆေး အမျိုးအစား ဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် မူးယစ်ဆေး သယ်ဆောင်သူ တစ်ဦးထံမှ သိရသည်။

မူးယစ်ဆေးဝါး ပျံ့နှံ့ရောင်းဝယ် ဖောက်ကားမှုများ တားဆီးနိုင်ရေး လွှတ်တော်အတွင်း လုပ်ဆောင်ရာ တွင် များစွာ ထူးခြားမှုမရှိကြောင်း HIV/AIDS ရောဂါဝေဒနာသည်များအား ကူညီထောက်ပံ့မှုများ ပြုလုပ်နေသူ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ပြောကြား သည်။ 

“မူးယစ်ဆေးဝါး ဖမ်းဆီးတဲ့အခါ ကျတော့လည်း သုံးစွဲသူနဲ့ သေးသေးမွှားမွှား ရောင်းဝယ်သူတွေကိုသာ ဖမ်းဆီးပြီး ကြီးကြီးမားမား ဖမ်းဆီးတာ မတွေ့ရသလောက်ပါပဲ။ အဲဒါကိုလည်း ပြဿနာတစ်ခုလို့ ကျွန်မ မြင်တယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) တို့ ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာပေးခြင်း၊ ဖြန့်ဖြူးသူများကို ဖမ်းခြင်းတို့ လုပ်ဆောင်နေသော်လည်း အခက်အခဲများ ရှိဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်အထူး ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦးက ပြောကြားသည်။ 

“သူတို့ ဖြန့်ဖြူးတဲ့ပုံစံတွေ၊ နေရာတွေက အမျိုးမျိုး ပြောင်းလဲနေတတ်တော့ ချက်ချင်း ခြေရာခံဖို့ ခက်တယ်။ ဒါပေမဲ့ ရေရှည်တော့ မခံပါဘူး။ တစ်နည်းမဟုတ် တစ်နည်း ဖမ်းမိတာပါပဲ” ဟု ၎င်းကဆိုသည်။

မှန်ပါသည်။ မူးယစ်ဆေးဝါး ဖြန့်သူ၊ ရောင်းသူ၊ ဝယ်ယူတို့ကား ပြောင်းလဲလာသည့် အနေအထားအလိုက် လုပ်နည်းလုပ်ဟန်လည်း ပြောင်းလဲသွားရာ လိုအပ်သောဆေးကို ဟိုတယ်အခန်းသို့ ပို့ပေးခြင်း၊ အိမ် အရောက် ပို့ပေးခြင်း၊ ကလပ်ကို ပို့ပေးခြင်းတို့မှ နောက်ဆုံးအဆင့်အဖြစ် ရွေ့လျားယာဉ်ပေါ်တွင် အသင့်သုံးနိုင်သည့် အဆင့်သို့ ယခုရောက်ရှိနေပြီ ဖြစ်သည်။

မှန်အနက်ရောင် စတေကာ တပ်ထားသော မူးယစ်သုံးယာဉ် မှန်ပြတင်းတွင် ရန်ကုန်မြို့ရှုခင်းက ရိပ်ခနဲ ရိပ်ခနဲ ပြေးလွှားနေသည်။ မှန်ပြတင်း၏ နောက်ရှိ ကားအတွင်းပိုင်းတွင်တော့ မူးယစ်ဆေး သုံးစွဲသူ ကိုစိုးကျော်တို့ သူငယ်ချင်းနှစ်ဦးအဖို့ မီးခိုးငွေ့တွေကြားက နတ်ပြည်အငယ်စားလေး တစ်ခုပင်။

ဖုန်းနံပါတ်တစ်ခုသို့သာ ချိတ်ဆက်လိုက်ပါ။ သုံးစွဲလိုသူများထံသို့ မှန်စတေကာ အနက်ရောင် တပ်ထား သော ကားတစ်စီး ရောက်ရှိလာပေလိမ့်သည်။ အားလုံး အဆင်သင့်။ 


ခက်ဇော်
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...