ဆင်းရဲသား ရပ်ကွက်မှ သမ္မတ ဖြစ်လာသူ

ဂျကာတာမြို့ အုပ်ချုပ်ရေးမှူး၊ သာမန် လူများနှင့် ထိတွေ့ ဆက်ဆံခြင်းကို နိုင်ငံရေး အစဉ်အလာ သစ် ဖြစ်စေခဲ့သူ မစ္စတာ ဂျိုကို ၀ီဒိုဒို သည် အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိ သူဖြစ်ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ခဲ့သည်။

ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်သူ ကလေးငယ် ဘ၀မှ ဖြစ်နိုင်ခြေ နည်းသော ကမ္ဘာ့ စတုတ္တ လူဦးရေ အထူထပ်ဆုံးနိုင်ငံ၏ သမ္မတအဖြစ် အဆင့်ဆင့် တိုးတက်ပြည့်စုံ သွားခြင်းဖြစ်သည်။

သို့သော် လူအများ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားသော ကြေညာချက်မှာ တအုံနွေးနွေးဖြစ်နေသော အငြင်းပွားမှုကို အဆုံးမသတ်နိုင်ခဲ့ပေ။ ၎င်း၏ပြိုင်ဘက် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဘိုဝိုဆူဘီယန်တိုက မသမာမှုများ ရှိသည်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်ကို ပယ်ချခဲ့ပြီး ယှဉ်ပြိုင်မှုမှ နုတ်ထွက်မည်ဟု ပြော ကြားသည်။

အထွေထွေ ရွေးကောက်ပွဲကော်မရှင်က ဂျိုကိုဝီဒိုဒိုသည် ထောက်ခံမဲ ၅၃ ရာခိုင်နှုန်းရရှိပြီး ၄၇ ရာခိုင်နှုန်း သာ ထောက်ခံမှုရရှိသူ ပရာဘိုဝိုအပေါ် အနိုင်ရရှိသည်ဟု ကြေညာခဲ့သည်။

ဇူလိုင် ၉ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံသား ၁၃၅ သန်း ခံစားချက် အပြည့်ဖြင့် မဲပေးခဲ့ကြသည်။ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် သမ္မတသစ်ကို မဲပေးရွေးချယ် ရခြင်းဖြစ်သည်။

မဲဆန္ဒနယ်အသီးသီးမှ အပြီးသတ်မဲစာရင်းများ ရေတွက်ပြီးချိန်တွင် ရဲတပ်ဖွဲ့ဝင်များ ထူထပ်စွာချ ထားခဲ့ သည်။ ပရာဘိုဝို၏ စိတ်ပျက်နေသော ထောက်ခံသူများက လမ်းများပေါ် အကြမ်းဖက်ဆန္ဒပြရေး ကောလာဟလ များလည်း ထွက်ပေါ်နေခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်က ဆန္ဒမဲများ အပြီးသတ်ရေတွက်ပြီး ဂျိုကိုဝီဒိုဒို အနိုင်ရရှိကြောင်း ကြေညာရန် ပြင်ဆင်နေချိန်မှာပင် ပရာဘိုဝို၏ မဲဆွယ်ရေးအဖွဲ့က ကော်မရှင်ရုံးများမှ ထွက်ခွာသွားခဲ့သည်။ မကြာမီ မှာပင် ပရာဘိုဝိုကလည်း ၎င်း၏ မဲဆွယ်ပွဲရုံးချုပ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ ရုပ်သိမ်းကြောင်းနှင့် ရလဒ်များကို ပယ်ချလိုက်သည်ဟု ထုတ်ပြန်ချက်တစ်ရပ်ကို ဖတ်ကြားခဲ့သည်။ စနစ်တကျ ကျယ်ကျယ် ပြန့်ပြန့် လိမ်လည်မှုရှိသည်ဟု ၎င်းကို ထောက်ခံသူများအား ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အရာရှိများကမူ ရွေးကောက်ပွဲတွင် မဲလိမ်လည်မှု၊ မသမာမှုများရှိသည်ဆိုခြင်းကို ပယ်ချပြီး ရွေးကောက်ပွဲယှဉ်ပြိုင်သူတစ်ဦး၏ နုတ်ထွက်မှုမှာ ရလဒ်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟု ပြောကြားသည်။ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်ပါက အင်ဒိုနီးရှားအခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ အယူခံဝင်လျှောက်ထားနိုင်သည်။ အခြေခံဥပဒေတရားရုံးမှာ ပြည်နယ်အဆင့်မှနေ၍ ထိုထက်နိမ့်သော အဆင့်များတွင် မဲများကို ပြန်လည်ရေတွက်ရေး (သို့မဟုတ်ပါက) ရွေးကောက်ပွဲပြန်လည်ကျင်းပရေး အမိန့်ပေးနိုင်သည့် တစ်ခုတည်းသော အာဏာပိုင်အဖွဲ့ဖြစ်ပြီး ၎င်း၏ဆုံးဖြတ်ချက်များကို ထပ်မံ အယူခံ ၀င်ခွင့်မရှိပေ။ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ တင်ပြလျှောက်ထားမှု ရှိလာခဲ့ပါက မည်သည့် ဆုံးဖြတ် ချက်ကိုမဆို ထုတ်ပြန်ရန် သီတင်းနှစ်ပတ် အချိန်ရသည်။ သို့သော် မစ္စတာဂျိုကို အနိုင်ရရှိခဲ့သော ဆန္ဒမဲနှစ်သန်း ကွာဟမှုကို ထောက်ရှုပါက အခြေခံဥပဒေ တရားရုံးအနေဖြင့် အမျိုးသားရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လန်သွားစေနိုင်သော ဆုံးဖြတ်ချက်မျိုးချမှတ်ရေး အလားအလာအလွန်နည်းသည်ဟု စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

ဂျိုကိုဝီ (၅၃)နှစ် သမ္မတဖြစ်လာခြင်းမှာ အလွန်ကိုထူးခြားပါသည်။ ဂျိုကိုဝီကို ဂျာဗားပြည်နယ်အလယ်ပိုင်း ဆူရာကာတာမြို့ (ဆိုလိုမြို့ဟုလည်း လူသိများသည်)တွင် မြစ်ကမ်းဘေး ဆင်းရဲသားရပ်ကွက်၌ မွေးဖွား ခဲ့သည်။

လက်သမားတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီး နောက်ပိုင်းတွင် ပရိဘောဂများ နိုင်ငံခြားတင်ပို့ရောင်းချ ခဲ့ သည်။ မွေးရပ်မြို့တွင် မြို့တော်ဝန်နှစ်ကြိမ် ရွေးကောက် တင်မြှောက်ခံရသည်။ ၂၀၁၂ ခုနှစ်တွင် မြို့တော် ဂျကာတာ၏ မြို့တော်ဝန်ဖြစ်လာခဲ့သည်။

ပိန်ပိန်ပါးပါးနှင့် ကိန်းကြီးခန်းကြီးမနိုင်ဘဲ သာမန်ကျေးရွာသား မျက်နှာပေါက်နှင့် ဂျိုကိုဝီသည် အင်ဒိုနီး ရှားနိုင်ငံ၏ သတ္တမမြောက် သမ္မတအဖြစ် အောက်တိုဘာ ၂၀ ရက်တွင် စတင်တာဝန်ယူပါ လိမ့်မည်။ အခြားမည်သည့် အင်ဒိုနီးရှားသမ္မတနှင့်မျှမတူ ဂျိုကိုဝီသည် စစ်ဘက်နောက်ခံနှင့် ထင်ရှားသော မိသားစု နောက်ခံလည်း မရှိပါ။ စောစောပိုင်းက ၎င်းကို သင်ကြားပြသခဲ့သူ မီဂါဝတီ ဆူကာနို ပူထရီနှင့်လည်း မတူ ဒေသခံအစိုးရ မှတစ်ဆင့် အမျိုးသားနိုင်ငံရေးထဲသို့ တက်လှမ်းလာခဲ့ သူဖြစ်သည်။ ဆူကာနို ပူထရီ ၏ ဖခင်မှာ ခေတ်သစ် အင်ဒိုနီးရှား တည်ထောင်သူ သမ္မတ ဆူကာနိုဖြစ်ပြီး ၎င်းကိုယ်တိုင်မှာလည်း ၂၀၀၁ မှ ၂၀၀၄ ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

ဂျိုကိုဝီမှာ အင်ဒိုနီးရှားနိုင်ငံ၏ ကွယ်လွန်သွားပြီဖြစ်သော အာဏာရှင် ဆူဟာတိုကို ၁၉၉၉ ခုနှစ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း စတင်မိတ်ဆက်ခဲ့သော ကျယ်ကျယ်ပြန့်ပြန့် ဗဟိုမှခွဲထုတ်ခြင်း နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများမှ ထွက်ပေါ်လာသော နိုင်ငံရေးသမားဖြစ်သည်။ ပြည်သူလူထုနှင့် တစ်သားတည်းရှိသူဟု နာမည်ကျော်သည်။

ဂျိုကိုဝီမှာ ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင် ရမည်ဖြစ်သည်။ အရှေ့တောင် အာရှတွင် အကြီးဆုံး အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးမှာ နှေးကွေးလာသည်။ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ယခုနှစ် ပထမ သုံးလပတ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး လေးနှစ်ကျော် ကာလအတွင်း အနိမ့် ဆုံးနှုန်းဖြစ်သည်။ အလဟဿနိုင်သော စွမ်းအင်ထောက်ပံ့ကြေးများမှာ အစိုးရအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ ၃၀ ဘီလီယံ ကုန်ကျနေပြီး တိုင်းပြည်၏ လက်ရှိငွေစာရင်းလိုငွေထဲ ပါဝင်သွားသည်။ ကျယ်ပြန့်သော ဗျူရိုကရေစီယန္တရားမှာလည်း ပြုပြင်ပြောင်းလဲမှု လိုအပ်နေသည်။ သဘာဝ အရင်းအမြစ် များ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကလည်း နိုင်ငံ၏ လက်ကျန်သစ်တောများကို ပြုန်းတီးစေပြီး ပင်လယ်ပြင်ကို ဖျက်ဆီးပစ်နေသည်။ သို့သော် ဂျိုကိုဝီ အရေးတကြီး ဖြေရှင်းရမည့် စိန်ခေါ်မှုမှာ ရွေးကောက်ပွဲကိုယ်တိုင်က ဖြစ်ပေါ်စေခဲ့သော သဘောထားကွဲလွဲမှုဖြစ်သည်။ ယခု ရွေးကောက်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် သွေးကွဲမှု အများဆုံးဖြစ်ပေါ်စေခဲ့သည်။

သို့သော် ရွေးကောက်ခံသမ္မတက ယင်းအပေါ် ကောင်းမွန်သော ကန့်လန့်ကာအဖွင့်ဖြင့် စတင်လိုက် သည်။ ရွေးကောက်ပွဲအောင်နိုင်ခြင်း အထိမ်းအမှတ်မိန့်ခွန်းတွင် ဂျိုကိုဝီက နှစ်ဖက်ရင်ကြားစေ့ရေး တောင်းဆိုပြီး စည်းလုံးညီညွတ်သော အင်ဒိုနီးရှားနိုင်ငံဖြစ်ရေးနှင့် ရွေးကောက်ပွဲမဲဆွယ်ကာလ ကွဲပြားမှုများကို နောက်တွင်ချန်ထားရစ်ရေး မဲဆန္ဒရှင်ပြည်သူလူထုအား တိုက်တွန်းပြောကြားသည်။ 


—Ref: NY Tiimes/Economist
7Day Daily
အတွဲ (၁၃)၊ အမှတ်(၂၁)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...