အိုင်တီကို ကြောက်လှပါသည်
မှန်သော သစ္စာစကားကို ဆိုရလျှင် ဤစာရေး သူသည် အိုင်တီခေါ် နည်းပညာ ဆိုတာကြီးကို ကြောက်ပါသည်။ မီးကို သုံးတတ်လျှင် အကျိုးရှိပြီး မသုံးတတ်လျှင် အကျိုးမဲ့အကြောင်း သိရသကဲ့သို့ အိုင်တီဆို သော နည်းပညာသည်လည်း အကျိုးရှိ အောင် သုံးလျှင် အကျိုးရှိပြီး ဖျက်ဆီးချင်လျှင်လည်း လွယ်သည်။ ထို့ကြောင့် ကျွန်မသည်အိုင်တီကို ခပ်လန့်လန့်ဖြင့် ခပ်ဝေးဝေးသာ နေခဲ့ခြင်းဖြစ်၏။
ဥပမာတစ်ခုတင်ပြပါမည်။
‘ဆရာမရေ . . . ဒေါ် ×××× နဲ့ကျွန်တော်က ဖေ့စ်ဘွတ်ခ်ထဲမှာ ရန်ဖြစ်နေကြတယ်’
ကျွန်မထံ ဖုန်းဆက်သူမှာ လူလတ်ပိုင်း စာရေးဆရာ တစ်ဦးဖြစ်၏။ ထင်လျှင်ထင်သလို အလိမ္မာမဖက်ဘဲ ဆောင်းပါး ရေးတတ်သူဖြစ်၍ သူ့တွင် ချစ်သူနည်းပြီး မုန်းသူများခဲ့ကြောင်း သူကိုယ်တိုင်လည်း သိသည်။ သူက ယခုလကျွန်မကို ရင်ဖွင့်နေပြန်ပြီ။
‘ဘယ်ကလာ ဟုတ်မလဲ၊ ဒေါ် ××× ကဖေ့စ်ဘွတ်ခ်မှ မသုံးဘဲနဲ့။ သူကသိတောင် မသိဘူး။ သူ့ကို မုန်းတဲ့ လူတချို့က သူရေးတဲ့ပုံနဲ့ ဖေ့စ်ဘွတ်ခ်ထဲမှာ ရေးနေတာတဲ့။ မင်းသူငယ်ချင်း ‘သိန်းလင်း’ က ကိုယ့်ဆီဆက်ပြီးပြီ။ အဲဒါဖြေရှင်းဖို့လိုသတဲ့။ ဒေါ် ××× မရေကြောင်းပေါ့ . . . .’
‘ဟင် . . ဟုတ်လား၊ ကျွန်တော်လည်းမရေးဘူး’
‘မင်းက ဖေ့စ်ဘွတ်ခ်ထဲ ရေးတယ်ဟုတ်လား’
‘မှန်ပါတယ်။ ကျွန်တော်ရေးပါတယ်။ ရေးတာက ကျွန်တော့်ကလောင်နာမည်အရင်းနဲ့ ရေးတာ။ ဒီလိုပဲ မကြိုက်တာတွေ၊ ကြိုက်တာတွေ အပြန်အလှန်ရေးကြတာပဲလေ’
‘အဲဒါကို . . . . ရှင်ကပျော်စရာကြီးပဲဆို . . . . .’
‘အရင်ကတော့ ဟုတ်ပါတယ်ဆရာမရယ်။ အခု ကျွန်တော်နေမကောင်းလို့ ဆေးရုံလည်းတက်နေ ရတယ်။ ဖေ့စ်ဘွတ်ခ်လည်းမကလိအားပါဘူး။ ရောဂါက နှလုံးရောဂါမို့ ဆရာဝန်ကလည်း အင်တာနက် မဖွင့်ဖို့တားထားတယ်။ အဲဒါဗျာ . . . . . . အခုအိမ်ကညီမတွေကပြောတာ။ ကျွန်တော့်နာမည်နဲ့ ဒေါ် ×××နဲ့အပြန်အလှန် ရန်ဖြစ်နေကြတယ်တဲ့။ ဒေါ်×××ကတက်မရေးဘူး ဟုတ်လား’
‘သြော်. . . .ရှင်ကလည်း. . . . ရှင်ကရော တကယ်မရေးတာလား’
‘မယုံရင် ဆရာဝန်ကို မေးကြည့်ပါဗျာ။ ကျွန်တော့်ကိုဖုန်းပေးမထားဘူး။ တစ်ပတ်ကျော်ပြီ ဘာမှမဖွင့်ရ ဘူး။’
‘ဒါဆိုရင် ရှင့်စာရော၊ ဒေါ်×××ရေးတဲ့ဟာတွေက အတုတွေပေါ့. . . .’
‘အင်းပေါ့ဗျာ၊ ကျွန်တော့်ကို ဘယ်သူ ‘ဟက်’ သွားလည်းမသိဘူး။ ဒေါ်×××လည်း ကျွန်တော့်ကို မုန်းမှာပဲ’
‘မမုန်းပါဘူး။ သူမှမသိတာ။ အဲဒီလိုမသိတာကောင်းတယ်’
‘ကျွန်တော့်ကျတော့ သိကြတယ်။ ကျွန်တော့်ကို ပိုပြီးမုန်းကြတော့မယ်။ ပြောရင်း ကျွန်တော့်နှလုံး အောင့်လာပြီ။ ဒါပဲနော်’ သူဖုန်းချသွားသောအခါ ကျွန်မပြုံးနေမိ၏။
သူများရန်ပွဲကိုသိပြီး ပြုံးရကောင်းလားဟု အပြစ်တင်လျှင်လည်း ခံရပါမည်။ ပြုံးရခြင်းအကြောင်းက . . . . မိမိအနေဖြင့် ထိုဖေ့စ်ဘွတ်ခ် ဆိုတာကြီးကို မိမိနှင့်မပတ်သက်ဟု ယူဆကာ မကိုင်တွယ်ခဲ့မိခြင်းကို ဝမ်းသာခြင်းဖြစ်ပါသည်။
အိုဘားမားတောင် ဖော့စ်ဘွတ်ခ်သုံးတယ်ဆိုပြီး၊ ပိုက်ဆံမပေးရတိုင်း ဖေ့စ်ဘွတ်ခ် စာရင်းဖွင့်ခဲ့ကြတယ်။ တီထွင်သူများက ဘာ့ကြောင့် အလကားဖွင့်ပေးကြောင်း စဉ်းစားမိကြဟန်မတူပါ။ သူတို့အတွက် ‘အချက် အလက်သတင်းစုံ’ ရသဖြင့် ဖွင့်ပေးခြင်းဖြစ်သည်။ အချို့က ‘ဝက်ဘ်ဆိုက်’ ကဲ့သို့နည်းပညာ မျိုးကို ဘယ်သူမှ အလကား ဖွင့်မပေးသည်ကို သတိပြုသင့်၏။
ဆိုကြပါစို့။ လူတိုင်းအလကားစားရင်း ဖွင့်နိုင်ခြင်းသည် တိုးတက်မှုဖြစ်သည်ဟု ယူဆကြပါစို့။ ထိုသူ သည် မည်သူမည်ဝါဟု ဘယ်ရပ်ကွက်ထောက်ခံချက်မှ မပါဘဲ ရနေသဖြင့် လူအစစ်အမှန်ဟု မည်သူ သိရှိနိုင် ပါမည်နည်း။ အချို့ကရိုးသားစွာ အမည်ရင်းနှင့်ဖွင့်မည်။ ဓာတ်ပုံအစစ်တင်ပြမည်။ မရိုးသားသူ များက အမည်ဝှက်၊ ပုံအမှားကိုတင်ပြမည်။ ဤအထိ ကိစ္စမရှိသေးပါ။ ကိစ္စရှိသည်က . . . . ယခုကဲ့သို့ သူတစ်ပါး အမည်သုံးပြီး ထိုသူရေးသကဲ့သို့ ရေးခြင်းပါ။ ထိုသူကလည်း တိုင်းသိပြည်သိ ပုဂ္ဂိုလ်ဖြစ်နေ လေရာ၊ ဘာမှမလုပ်ရဘဲ သိက္ခာထိခိုက်ရပြီ။ ဖတ်မိသူအားလုံးက ‘မဟုတ်နိုင်ဘူး’ ဟုတွေးမိမည်မ ဟုတ်။ နာမည်က အတိအကျနှင့်မို့ အမှန်ဟုသာ ထင်သွားကြလိမ့်မည်။ ကာယကံရှင်က မြင်မိ၍ပြန် လည်ဖြေရှင်းနိုင်လျှင် ကိစ္စမရှိ၊ ဘာမှမသိရှာသော ဒေါ်×××ကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက်က တစ်ဖက် သတ်မနစ်နာပါလား။
မိမိမဟုတ်ကြောင်း သတင်းစာထဲက ကြေညာပါလားဟု အကြံပေးနိုင်၏။ သို့သော်သတင်းစာထဲ ရှင်းခါ မှအနည်းအကျဉ်းအသိလေးကို ပိုသိအောင်လုပ်သကဲ့သို့ ဖြစ်သွားမည်။ ဖေ့စ်ဘွတ်ခ်ထဲက ပြန်ရှင်းဖို့က လည်း ကိုယ့်မှကအကောင့်မရှိ။ ဂရုမစိုက်ဘဲထားတော့လည်း ဖေ့စ်ဘွတ်ခ် ပရိတ်သတ်က ကိုယ့်ကို အလကားနေရင်း မုန်းနေရော့မည်။
အထက်ပါ နမူနာကြောင့် ဤစာရေးသူကျွန်မကား ဖေ့စ်ဘွတ်ခ်ကိုလည်း မိတ်ဆွေမဖွဲ့လိုပါ။ ကိုယ်သိ ချင်သော သတင်းများကို ဝက်ဘ်ဆိုက်များ၌ ဖွင့်ကြည့်မိလျှင်ပင် အချို့သတင်းများက အမှားများဖြစ် ကြောင်း နောက်မှသိရသည်။ သို့ဖြစ်လျှင် . . . အင်တာနက်အသုံးပြုခြင်းသည် အကျိုးရှိပါဦးမည်လား။
သုံးတတ်လျှင်ဆေး. . . .ဆိုသောစကားအတိုင်း သုံးသင့်သောနေရာများရှိပါသည်။ ဂျီမေးလ်ခေါ်စာ ပေးစာယူအခန်းမှာ အလွန်အသုံးတည့်၏။ ယနေ့တွေ့ဆုံပွဲများ၊ အစည်းအဝေးများအတွက် ‘ဖိတ်စာ’ ကိုစာတိုက်နှင့် ပို့ရန်မလိုတော့ပေ။ ဖုန်းဆက်ရင်ပင်မလို။ ဖုန်းမကိုင်လျှင် အဆက်အသွယ်မရနိုင်။ ဂျီမေးလ်ခလုတ်နှိပ်ထားရုံနှင့် သူ့စာရင်းထဲဝင်သွားပြီ။ အင်္ဂလန်လိုနေရာမှ အလုပ်ကိစ္စ အပြန်အလှန် စာရေးရသောအခါ ဂျီမေးလ်သည် မည်သည့်ကြားဝင်မှုမှမရှိဘဲ အဆင်ပြေလှ၏။ ဒါမျိုးက အိုင်တီ၏ ကျေးဇူးဖြစ်သည်။
ယခုသူတို့လုပ်နေသော ‘ရန်ပွဲ’ ဆိုသည်ကိုကြားရသောအခါ ဖေ့စ်ဘွတ်ခ်အကောင့်လုပ်မထားသော မိမိကိုယ်မိမိကျေးဇူးတင်ရ၏။ ကိုယ့်မှာ ‘ဖရန့်’ (မိတ်ဆွေ) မရှိရင်နေပါ။ ရန်သူမရှိဖို့ အရေးကြီးသည်။ ရန်သူသည်မမြင်ရသော နေရာမှနေ၍ မိမိကိုအမုန်းပွားစေရန် မိမိရေးသကဲ့သို့ ရေးထုတ်နေခြင်းအ တွက် ထိုရန်သူကိုမည်သို့ရှာဖွေရမည်နည်း။ အာဏာရှိသည်ဆိုသော သူများပင်လျှင် အာဏာပိုင်အဖွဲ့ မကောင်းကြောင်းရေးသော ‘ဒေါက်တာဆိတ်ဖွား’ ဆိုသူကို မဖော်ထုတ်နိုင်ခဲ့ကြောင်းကြားဖူးသည်။ အာဏာရှိသူများပင် မနှိမ်နင်းနိုင်သော အဆိုပါဖေ့စ်ဘွတ်ခ်သရဲများကို ဝေးဝေးရှောင်တာ အေးချမ်းပါ လိမ့်မည်။ သည်တော့မိမိရေးလိုသော မူဝါဒကိုတရားဝင်ရပ်တည်နေသော စာနယ်ဇင်းများမှာသာရေး ခြင်းဖြင့် အကျိုးသက်ရောက်မည်ဟု မြင်ပါသည်။
ခေတ်မမီဟုပင် အထင်ခံရပါစေတော့ အဆိုပါဖေ့စ်ဘွတ်ခ် (စကားမစပ်၊ ဤဖေ့စ်ဘွတ်ခ်ဆိုသော ဝေါဟာရကို အရမ်းဘာသာပြန်ကြည့်လျှင် မျက်နှာစာအုပ် . . . ဟုအဓိပ္ပာယ်ရ၏။ သို့သော်အဓိပ္ပာယ် မဟုတ်ပေ။) အဆိုပါမျက်နှာစာအုပ်ကိုဖြင့် ကြောက်လှပါသဖြင့် ဝေးဝေးမှာပင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်မိပါတော့သည်။
စံတော်ချိန်သတင်းစာ
သြဂုတ် (၂) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook