အဟောသိကံ ပညာရေး နိဂုံးချုပ်ရပေမည်

collegeinformations.com
မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်းသည် လွန်ခဲ့သည့် နှစ်ခြောက်ဆယ်ကျော် အချိန်က အခြေ အနေနှင့် နှိုင်းယှဉ်ပါက၊ နောက်ပြန်ဆုတ် သွားနေသည်ဟု ပြောရပေ လိမ့်မည်။ အဆင့်နိမ့် သွားခဲ့သည် ဟုလည်း ဆိုနိုင်ပါသည်။ တိုင်းပြည် တစ်ခု ပညာရေး နိမ့်ပါးသွားသည့်အခါ ကျွဲကူး ရေပါဆိုသလို တခြား သော ကဏ္ဍ များလည်း လိုက်ပါနိမ့်ပါး လာကြရသည်။ အထူးသဖြင့် နိုင်ငံ သားတို့၏ စိတ်နေစိတ်ထားများ အတွေး အခေါ် အားဖြင့်လည်းကောင်း၊ အကျင့်သီလ အားဖြင့် လည်ကောင်း လိုက်ပါနိမ့်ပါးရသည့် အဖြစ်မှာ ယင်းနိုင်ငံအတွက် အကြီးမာဆုံး နိမ့်ပါးမှုကြီးဖြစ်သည်။

ပညာရေးနိမ့်ပါးသည့်အခါ လူသည် ဘ၀အခက်အခဲများကို မှန်ကန်စွာ ချိန်ထိုးဆုံးဖြတ်နိုင်စွမ်း အားနည်း သွားရသည်။ ထို့ကြောင့် လက်ရှိဘ၀အဆင့်အတန်းထက် ပိုမိုနိမ့်ကျသော ဘ၀အဆင့်သို့ အချိန်မရွေး ပြုတ်ကျသွားနိုင်ပြီး တစ်ဖန် ယင်းကဲ့သို့ ဘ၀အခြေအနေ နိမ့်ကျသွားသဖြင့်လည်း ပညာကို ပြည့်စုံမှန် ကန်အောင် သင်ကြားနိုင်ဖို့ရန် အခွင့်အရေးနည်းရပြန်သည်။ ထိုအခါ အသိဉဏ်ပညာ သည်လည်း နိမ့်ပါးရပြန်သည်။ သည်အဖြစ်အပျက်မှာ ဟေတုပစ္စယောသဘောဖြစ်သဖြင့် ဂျာအေး သူ့အမေရိုက်ကာ တစ်စုံလုံး နိမ့်ပါးသည်ထက် နိမ့်ပါးကာ ယင်းလူ့အဖွဲ့အစည်းမှာ နာလန်မထူနိုင်ဖြစ် ရတော့သည်။ ကမ္ဘာ့အလယ်တွင် ပညာနည်းပါးသော၊ ဆင်းရဲတွင်းနက်သော နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရတော့ သည်။ ၀မ်းနည်းဖွယ်ပင်။

ယခုအခါ ပညာရေးသင်ရိုးညွှန်းတမ်းများ အသစ်ပြန်လည်ရေးဆွဲရေး၊ ပညာရေးမူဝါဒဆိုင်ရာ ဆွေးနွေး ညှိနှိုင်းပွဲများ ကျင်းပရေး၊ ပညာရေးနယ်ပယ် လွတ်လပ်ခွင့်ရှိရေးနှင့် ပညာရေးဌာန ဆရာ၊ ဆရာမများ၏ သင်ကြားမှုအဆင့်အတန်း မြှင့်တင်ရေးကိစ္စများကို အာရုံစိုက်စပြုလာနေသည်ကို တွေ့တော့တွေ့လာ ရပါသည်။ သို့သော်မူအရ ပြုပြင်ပြောင်းလဲရေး ဖြစ်ဖို့လိုသည်။

ယခင်စစ်အစိုးရလက်ထက်က ပညာရေးကို အစိုးရ၏ ၀ါဒဖြန့်ချိရေးသက်သက်၊ တစ်ဖက်သတ် အမြင် အယူအဆအပေါ်တွင် မိမိဘာသာရေးဆွဲသည့် သမိုင်းဘာသာရပ်များ ပြဋ္ဌာန်းသင်ကြားစေခြင်းများ ပြတ်သားစွာ နိဂုံးချုပ်ရပေမည်။ ပို၍ဆိုးသည်မှာ တိုင်းပြည်က ချစ်ခင်လေးစားသော ပညာရှင်များ၏ စာပေများကို ပြဋ္ဌာန်းခြင်း မပြုဘဲနေခြင်း၊ ပြဋ္ဌာန်းထားရှိပြီးကာမှ ပြန်လည်ဖြုတ်ပစ်လိုက်ခြင်းအစရှိသော ကျဉ်းမြောင်း မှားယွင်းသည့် လုပ်ရပ်များကအစ ရပ်တန့်ရပေလိမ့်မည်။ ပညာရေးဌာန၏ လွတ်လပ်စွာ ပညာသင်ကြားရေးကို အစိုးရက ချိုးဖောက်ရန် မသင့်ပေ။

သည်အဖြစ်မှာ တစ်နှစ် နှစ်နှစ်အတွင်း မသိသာသော်လည်း နှစ်ပေါင်း ငါးဆယ်ကျော်လာသောအခါ တစ်မျိုးသားလုံး ပညာရေးချို့တဲ့မှု ချောက်ထဲက ပြန်တက်လို့ မရလောက်အောင် ထိခိုက်ရတော့သည်။ အတိအကျ ပြောရလျှင် အမျိုးသားပညာရေးအခြေအနေမှာ ဇောက်ထိုးကျဆင်းသွားကာ ယင်းနှင့်အတူ ပြည်သူတို့၏ အတွေးအခေါ် ဗဟုသုတနှင့် ကိုယ်ကျင့်တရားများသည်လည်း ကျွဲကူးရေပါဆိုသလို နိမ့်ဆင်းသွားကြရ သည်။ ထို့ကြောင့်လည်း ယခင်က အရှေ့တောင်အာရှတွင် ပညာရည်အမြင့်ဆုံးနှင့် စီးပွားရေးအတောင့်တင်းဆုံး တိုင်းပြည်ဘ၀မှ လျှောကျခဲ့ရခြင်းဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပါ။ တိုင်းပြည်တွင် အရေးတကာ့ အရေးအကြီးဆုံး ပညာရေးကဏ္ဍ အဟောသိကံဖြစ်မှု ရပ်တန့်ရပေမည်။

နိမ့်ကျလျက်ရှိနေသည့် လူမျိုးတစ်မျိုးအား စိတ်နေစိတ်ထား မြင့်မားစေရေး၊ ကျန်းမာသန်စွမ်းစေရေးနှင့် ကြီးပွားချမ်းသာစေရေး အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုလျှင် မလွဲမသွေအချိန်ယူကြရပါသည်။ ဒီကနေ့ သစ်ပင်စိုက်ပြီး နောက်တစ်နေ့ အသီးခူးစားလို့ ဖြစ်ကောင်းရကောင်းသော ကိစ္စလည်း မဟုတ်ချေ။ ထို့ကြောင့် မှန်ကန်သည့် ပညာရေးစနစ်ကို အမြန်ဆုံးလက်တွေ့ကျကျ ချမှတ် အကောင်အထည်ဖော်ဖို့ရန် လွန်စွာအရေးကြီးကြောင်း တိုက်တွန်းလိုက်ပါသည်။


ref;Mizzima News 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...