တက္ကသိုလ်ဆရာ၊ ဆရာမများကို ဂျာမနီ ပညာသင်ဆု လွတ်လပ်စွာ လျှောက်ထားခွင့်ပြု

ရန်ကုန်၊ သြဂုတ် ၁၀

မြန်မာနိုင်ငံရှိ တက္ကသိုလ်ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ရန် အတွက် ဂျာမနီနိုင်ငံ၏ ပညာသင်ဆုများကို တက္ကသိုလ်ဆရာမ အားလုံးကို လွတ်လပ်စွာ လျှောက်ထားခွင့် ပြုမည် ဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ ပြောကြား သည်။ ဂျာမနီ အစိုးရနှင့် မြန်မာအစိုးရတို့ ပညာရေး ဆိုင်ရာ အကူအညီပေးရေး သဘော တူညီချက်အရ ယင်းသို့ လျှောက်ထားခွင့် ပြုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၄ ဇူလိုင်လအတွင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ ဂျာမနီနိုင်ငံသို့ သွားရောက်ခဲ့ပြီးသည့်နောက် ယင်းသို့ သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ထူးထူးဆန်းဆန်းကတော့ ဂျာမနီနိုင်ငံ ခရီးစဉ်က ပြန်လာပြီး ဂျာမနီနိုင်ငံကနေ ပညာရေး အထောက်အပံ့ အများကြီး ပေးမယ်လို့ သိရတယ်” ဟု ဒေါက်တာတင်ဝင်းက ဖြည့်စွက်ပြောကြားသည်။

ယခင်က နိုင်ငံတကာ ပညာသင်ဆုအတွက် အစိုးရချင်း ချိတ်ဆက်မှုဖြင့်သာ သွားရောက်ခွင့် ပြုထားရာမှ ယခုအခါ ပညာရေးဆိုင်ရာ Website များတွင် ပညာသင်ဆု ခေါ်ဆိုပါက သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများကို အသိပေး လျှောက် ထားနိုင်ကြောင်း၊ လျှောက်ထားသည့် တက္ကသိုလ်များက ကျောင်းဝင်ခွင့် လက်ခံသည့်စာ ရရှိပါလျှင် ပါမောက္ခနှင့် ဌာနမှူးများကတစ်ဆင့် အဆင့်မြင့်ပညာဦးစီးဌာန ထောက်ခံမှုဖြင့် သွားရောက် သင်ကြားနိုင် ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက ရှင်းပြသည်။

“ဥပမာ ပြောမယ်ဗျာ။ တက္ကသိုလ်တစ်ခုရဲ့ ဘာသာရပ်တစ်ခုမှာ ဆရာ၊ ဆရာမ ၁၀ ယောက် ရှိတယ်။ တက္ကသိုလ်က ဆယ်ယောက်လုံးက နိုင်ငံတကာသွား ပညာသင်နေရင် ကျောင်းမှာ ဘယ်သူစာသင်မလဲ။ ဒါတွေကို ချိန်ဆဖို့ ပညာတော်သင် လျှောက်ထားသူတွေကို ပါမောက္ခချုပ်နဲ့ ဌာနမှူးတွေက သိထားဖို့ လိုတယ်လေ။ ဆရာ၊ ဆရာမတွေကို သင်ကြားရေးအတွက် ခန့်ထားတယ် ဆိုပေမယ့် သူတို့ အရည် အချင်း တိုးတက်ဖို့လည်း အခွင့်အလမ်း ဖန်တီးပေးတာပါ” ဟု ဒေါက်တာစိုးဝင်းက ဆက်လက်ရှင်းပြ သည်။

ယင်းကဲ့သို့ နိုင်ငံတကာ ပညာသင်ဆုများ လျှောက်ထားခွင့် ပြုသော်လည်း မြန်မာနိုင်ငံရှိ တက္ကသိုလ် ဆရာ၊ ဆရာမများသည် နိုင်ငံတကာသုံး အင်္ဂလိပ် ဘာသာရပ် အရည်အချင်း စစ်စာမေးပွဲများ ဖြစ်သည့် IELTS စာမေးပွဲနှင့် TOFEL စာမေးပွဲများကို ဝင်ရောက်ဖြေဆိုထားရန် လိုအပ်မည် ဖြစ်ကြောင်း နိုင်ငံ တကာ တက္ကသိုလ်များတွင် ဝင်ရောက် လုပ်ကိုင်ဖူးသည့် ပုဂ္ဂလိကကျောင်းမှ ကျောင်းဆရာတစ်ဦးက ဆိုသည်။ “စိတ်မကောင်းစရာ နောက်ဆက်တွဲကတော့ ဆရာ၊ ဆရာမ ၉၅ ရာခိုင်နှုန်းကျော်က စကောလားရှစ် ဘယ်လိုရှာရမှန်း၊ ဘယ်လိုလျှောက်ရမှန်း၊ ဘယ်လိုဆက်သွယ်ရမှန်း၊ ဘယ်လို ပရိုပိုဆယ် ရေးရမှန်း မသိကြဘူး” ဟု ၎င်းကဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ယင်းကဲ့သို့ ခွင့်ပြုလိုက်သော်လည်း ဆရာ၊ ဆရာမများဘက်က ကျယ်ကျယ် ပြန့်ပြန့် မသိသေးသကဲ့သို့ တက္ကသိုလ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည်ဆိုပါက ဆရာ၊ ဆရာမများ ရပ်တည်မှု ပိုခက်ခဲလာမည် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...