ခြေဗလာကောလိပ်နှင့် ကျေးလက်အတွက် အလင်းရောင်
By ဟိန်းထက်
နံရံမရှိ၊ စာသင်ခန်းမရှိ၊ ပါမောက္ခ မရှိသည့် ကောလိပ်မျိုးက ပညာရပ်ဆိုင်ရာတွေ ပို့ချနေ သည်ဟု ဆိုလျှင် စာဖတ်သူ ယုံနိုင်မည်လား။ ပညာရေး လှုပ်ရှားသူ ဆန်ဂျစ်ဘန် ကာရွိုင်းသည် အထက်ပါ ကောလိပ်မျိုးဖြင့် ပညာရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နေသည်ဟု ဆိုလျှင် စာဖတ်သူ အံ့သြကောင်း အံ့သြလိမ့်မည်။ ရွိုင်း တစ်ယောက် အခုဆို အသက် (၆၉) နှစ်ရှိပြီ။ လွန်ခဲ့သောနှစ် (၄၀) ကတည်းက “ခြေဗလာကောလိပ်”ကို အိန်္ဒိယနိုင်ငံ တီလိုနာမြို့တွင် ဖွင့်လှစ်ခဲ့သည်။
အထက်တွင် ပြောခဲ့သည့်အတိုင်း နံရံမရှိ၊ စာသင်ခန်းမရှိ၊ ပါမောက္ခမရှိသည့် အဖြစ်ကို ပေါ်လွင်စေရန် “ခြေဗလာ လက်ဗလာ”ဟူသော စကားကိုယူ၍ “ခြေဗလာ ကောလိပ်”ဟု အမည်ပေးခဲ့သည်။ ကောလိပ် မှာ လက်ခံ သင်ကြားပေးသည့် ကျောင်းသူ ကျောင်းသားတွေကိုလည်း ကြည့်ပါ။ အများစုမှာ ကျေးလက်မှ အမျိုးသမီးကြီးများ ဖြစ်သည်။ပို၍ တိကျအောင်ဆိုရလျှင် အဘွားအရွယ်ရောက်နေသူ အများစုကြီး ဖြစ်သည်။ ထိုအမျိုးသမီးကြီး များကို နေစွမ်းအင်ဖြင့် မီးလင်းအောင်လုပ်ခြင်း အခြေခံ လက်တွေ့များ သင်ပေးသည်။ ရေသန့် ထုတ်ယူပုံများ သင်ပေးသည်။
ရွိုင်း၏ အားထုတ်မှုက ကျေးလက်နေ လူတန်းစားများအတွက် အကျိုးအမြတ်ကြီး ကြီးထွက်သည်။ ရွိုင်းတို့ ကောလိပ်မှာ တက်ပြီး ရွာပြန် လာသော အမျိုးသမီးကြီးများကြောင့် ၎င်းတို့ ရွာငယ်လေးများမှာ မီးလင်း လာသည်။ ရေကောင်း ရေသန့်သုံးနိုင်လာသည်။ အထူးသဖြင့် ဝေးလံခေါင်သီ သော ကျေးလက်ဒေသ များ အဖို့ လျှပ်စစ်မီးနှင့် ရေသန့်သည် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ ကောလိပ်မှ ဆင်း လာသော ကျေးလက် အမျိုး သမီးကြီးများ အဖို့လည်း အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုစီ ရခဲ့ကြသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဖြစ်၏။
ယခုဆိုလျှင် “ခြေဗလာ တက္ကသိုလ် နှင့် ဆင်တူသော လှုပ်ရှားမှုများက အာရှ၊ အာဖရိက၊ လက်တင် အမေရိကဒေသ တွေမှာ အများအပြား ရှိလာပြီ။ ပြီးခဲ့သည့်နှစ် စက်တင်ဘာက အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန်က ရွိုင်းကို Clinton Global Citizen ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုဆုသည် ကမ္ဘာတစ်ဝန်း လူအဖွဲ့အစည်းများအတွင်း ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းပေးနိုင်ခဲ့ သူများကို ဖော်ထုတ် ချီးမြှင့်ခြင်း ဖြစ်သည်။ ရွိုင်း၏ ဟောပြောချက်များ အနက်မှ တစ်ခုကို အောက်တွင် ဖော်ပြပါမည်။
ကမ္ဘာ့ ဘယ်နိုင်ငံကိုပဲ သွားသွား ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသတွေကို ရောက်ရင် ရွာတွေမှာ သက်ကြီးရွယ်အို တွေရယ်၊ ကလေးတွေ ရယ်ကိုပဲ အများဆုံး တွေ့ရလိမ့်မယ်။ လုပ်နိုင် ကိုင်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ မြို့တက်ပြီး အလုပ်လုပ်ကြ တာများလာပြီ။ အဲ့ဒီ ဖြစ်စဉ်ကို ကျွန်တော်တို့ သတိပြုမိတဲ့ အတွက် ကျွန်တော်တို့ ထူထောင်မယ့် “ခြေဗလာ ကောလိပ် ဟာ ကျေးလက်ဒေသ တွေကို အကျိုးပြု နိုင်အောင် ဘာလုပ် မလဲဆိုတာကိုပါ စဉ်းစားမိခဲ့တယ်။ ကောလိပ် စထူထောင်တဲ့ လွန်ခဲ့တဲ့ နှစ် (၄၀) တုန်းကပေါ့။
လုပ်နိုင် ကိုင်နိုင်တဲ့ အမျိုးသားတွေကို ကောလိပ်မှာ လက်မခံဖို့ ဆုံးဖြတ်ခဲ့တယ်။ အကြောင်း ကတော့ အမျိုးသားတွေဟာ ရည်မှန်းချက် ကြီးမားသူတွေ ဖြစ်တာကြောင့် ရွာမှာချည်းပဲ နေချင်ကြမှာ မဟုတ်ဘူး။ အတတ်ပညာ တစ်ခု တတ်လာပြီ၊ အသိအမှတ်ပြု လက်မှတ်ရလာပြီ ဆိုရင် ရွာကိုစွန့်ပြီး မြို့တက် အလုပ် လုပ်ကြ တော့တာပဲ။ ကျေးလက်ဒေသတွေကို တိုက်ရိုက် အကျိုးပြုဖို့ ရည်ရွယ် ဖွင့်လှစ်တဲ့ ကျွန်တော်တို့ ကောလိပ်အနေနဲ့ ဒီလို အမျိုးသားတွေကို လေ့ကျင့်ပေးလို့တော့ ကျေးလက် အတွက် သိပ်အကျိုးမထူး ဘူးလို့ မြင်တယ်။
အလုပ်လုပ်နိုင်တဲ့ အမျိုးသမီးတွေလည်း ထိုနည်းလည်းကောင်းပဲ။ အတတ်ပညာ တစ်ခု တတ်လာပြီး အသိအမှတ်ပြု လက်မှတ်ရလာကြပြီ ဆိုရင် ရွာကိုစွန့်ပြီး မြို့တက် အလုပ်လုပ်ကြတာ များတယ်။ ဒီတော့ ရွာကို တိုက်ရိုက် အကျိုးပြုဖို့ ရည်ရွယ်တဲ့ “ခြေဗလာကောလိပ် မှာ အလုပ်လုပ်နိုင်တဲ့ အမျိုးသား အမျိုးသမီး တွေကို သင်တန်းသားအဖြစ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုပြောလို့ အမျိုးသား အမျိုးသမီးတွေကို အပြစ်တင်နေတယ်လို့ မထင် မှတ်စေလို ပါဘူး။ လက်တွေ့မှာလည်း လုပ်နိုင်ကိုင်နိုင်သူတိုင်းဟာ ကြီးပွား တိုးတက်ရေး အတွက် ရေခံမြေခံ ပိုကောင်းတဲ့ မြို့ပြတွေကို ပြောင်းလုပ်ကြရ မှာ ဓမ္မတာပါပဲ။ ဒီလိုပဲ ဖြစ်သင့်တာပါပဲ။ သင်တန်း ဆင်းတာနဲ့ ကျေးလက်ကို တိုက်ရိုက် အကျိုးပြုဖို့နဲ့ ကျေးလက်မှာ ရေရှည် နေပြီး လုပ်ကိုင်ချင်စိတ်ရှိ သူတွေ မွေးထုတ်ဖို့ဆိုတဲ့ ကျွန်တော်တို့ ကောလိပ်ရဲ့ ရည်မှန်းချက်နဲ့ မကိုက်ညီ မှုကြောင့် သင်တန်းသားအဖြစ် လက်မခံခြင်းသာ ဖြစ်ပါတယ်။
ဒီတော့ ကျေးလက်မှာ နေနိုင်တာ ဘယ်သူတွေရှိလဲ ကျွန်တော်တို့ စဉ်းစားတော့ အဘွားအရွယ်ရောက် နေတဲ့ အမျိုးသမီးကြီးတွေကို သွားမြင် ပါတယ်။ ရွယ်တူ အမျိုးသားကြီးတွေနဲ့ နှိုင်းယှဉ်ရင်တောင် အမျိုးသမီး ကြီးတွေဟာ ရွာမှာ ပိုမြဲတယ် ဆိုတာ အားလုံးလည်း သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကောလိပ်ဟာ အမျိုးသမီးကြီးတွေကို သင်တန်းပို့ချပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အဘွားအရွယ် ရောက်နေတဲ့ အမျိုးသမီးကြီးတွေဟာ စိတ်ရှည်တယ်၊ မေတ္တာကြီးတယ်၊ စာနာတတ်တယ်၊ သင်ယူဖို့လည်း လိုလိုလားလား ရှိကြတယ်။ ကျွန်တော်တို့ ကောလိပ်အတွက် လိုအပ်သမျှ အရည်အချင်း တွေ ရှိနေသူတွေဟာ သက်ကြီးပိုင်း အမျိုးသမီးကြီးတွေပဲ ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းမြင် လာတယ်။ ပြီးတော့ ကျွန်တော်တို့ ကောလိပ်ဟာ အသိအမှတ်ပြု လက်မှတ်လည်း ထုတ်မပေးဘူး။ ဒီတော့ လက်မှတ် ထုတ်မပေးတဲ့ ကောလိပ်ကို အလုပ်လုပ်နိုင်တဲ့ အမျိုးသား အမျိုးသမီးတွေက တက်ချင်မှာ မဟုတ်ဘူး။ အမျိုးသမီးကြီးတွေ ကတော့ လက်မှတ် မတပ်မက်ဘဲ ပညာလို ချင်စိတ်နဲ့သာ လာတက်ကြမယ် ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းမြင်တယ်။
“ခြေဗလာ ကောလိပ် မှာ သင်တန်းကာလ အကန့်အသတ် မရှိဘူး။ နှစ် (၂၀) လောက်ကြာအောင် တက်ချင်လည်း ရတယ်။ မနက်ဖြန် ရွာပြန် ချင်လည်း ရတယ်။ ကနေ့ထိ ဆိုရင် နေစွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ အမျိုးသမီး ကြီး (၆၀၄) ဦးကို ကျွန်တော် တို့ မွေးထုတ်ပေးနိုင်ခဲ့ပြီ။ နိုင်ငံပေါင်း (၆၃) နိုင်ငံက ရွာပေါင်း (၁၀၈၃) ရွာမှာ အိမ်ပေါင်း (၄၅၀၀၀) ကို နေစွမ်းအင်နဲ့ မီးလင်းစေခဲ့ပြီ။
ကျွန်တော်တို့ ကောလိပ် ကျောင်းသူတွေဟာ ရွာက တစ်ခါမှ မခွာဖူးသူတွေ အများစု ပါတယ်။ မိသားစုနဲ့ ခွဲရမှာ ၀န်လေးသူတွေ တောင်ပါတယ်။ အခုဆို အိန်္ဒိယကျေးလက်က အမျိုးသမီးတွေ သာမက ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှု နည်းပါးတဲ့ နိုင်ငံတွေကပါ လာတက်ကြတယ်။ (၁၉) နာရီလောက် လေယာဉ် စီးပြီး ကျွန်တော်တို့ ဆီ ရောက်လာရင် သူတို့ အတွက် အလေ့အထ မရှိတဲ့ အစားအစာတွေ၊ မဆက်ဆံဖူး တဲ့ လူတွေ၊ မကြားဖူးတဲ့ ဘာသာ စကားတွေနဲ့ တိုးရတယ်။ ကျေးလက်က အမျိုးသမီး ကြီးတွေဖြစ် တာကြောင့် အိန်္ဒိယရောက် ရင် ဘာသာစကား နည်းမလည်တာ တဲ့ အတွက် သင်တန်းမှာ လက်ဟန် ခြေဟန်နဲ့ သရုပ်ပြဘာသာ စကားကိုပဲ အများဆုံးသုံးပြီး သင်ပေးရတယ်။ ဒါပေမဲ့ မယုံမရှိပါနဲ့။ ခြောက်လလောက် သင်တန်းတက်ပြီးရင် တက္ကသိုလ်ဘွဲ့ရ တစ်ယောက်ထက် ပိုပြီး နေစွမ်းအင် အင်ဂျင်နီယာ လက်တွေ့ လုပ်ငန်းတွေ ပိုတတ် ကျွမ်းသွားကြပါပြီ။
ကောလိပ်တက်ဖို့ အချေအတင် ဖြစ်ရတာလေးတွေလည်း ရှိပါတယ်။ ဝေးလံခေါင်သီတဲ့ ဒေသတွေဟာ ရှေးရိုးစွဲမှုလည်း ပြင်းထန်တဲ့အတွက် ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို မင်း ကောလိပ်သွားတက်လို့ ကတော့ ငါ နောက်မိန်းမ ယူမယ် ဆိုတာမျိုး ပြောတာမျိုးတွေလည်း ရှိပါတယ်။ မိန်းမ ဖြစ်သူက သင်တန်းလာ တက်ပြီး ရွာပြန်သွားတယ်။ ယောက်ျားက နောက်မိန်းမ ယူထားတယ်။ မိန်းမ ဖြစ်သူက တတ်လာတဲ့ ပညာနဲ့ ရွာမှာ မီးလင်း အောင် လုပ်ပေးတယ်။ အများက လေးစားရတဲ့ လူတစ်ယောက် ဖြစ်လာတယ်။ အဲဒီတော့မှ ယောက်ျားလုပ်သူက မိန်းမကို အိမ်ပြန်လာဖို့ ခေါ်တယ်။ ကျွန်မ ဘာသာ အဆင်ပြေပြေ ရပ်တည်နိုင်တယ်။ ပြန်မလာတော့ဘူး လို့ မိန်းမက ငြင်းလိုက်နိုင်တယ်။ ရွာက လူတွေ ဆီကရရှိတဲ့ လေးစားတန်ဖိုးထား မှုကြောင့် သူ့ဘ၀ လုံခြုံသွားပြီ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် အားကိုး စိတ်ကလည်း မိန်းမဖြစ်သူကို ခွန်အားရှိသွားစေတယ်။
သင်တန်းဆင်းသွားတဲ့ အာဖဂန် နစ္စတန်က အမျိုးသမီးကြီး တစ်ယောက် အကြောင်းလည်း ပြောပြချင် ပါတယ်။ သူ့ တစ်သက်နဲ့ တစ်ကိုယ် ပထမဆုံးအကြိမ်အဖြစ် ရွာက ထွက်ပြီး အိန်္ဒိယကို လေယာဉ်နဲ့ လာပြီး သင်တန်းတက်သွား တာပါ။ သင်တန်းဆင်းပြီး ရွာပြန်ရောက်တော့ ပွဲတစ်ခုမှာ အမျိုးသားတွေသာ ထိုင်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ အမျိုးသမီးကြီး သွားထိုင်ပါတယ်။ ဟေ့.. ဘာလုပ်တာလဲ.. ဒါ ယောက်ျားတွေထိုင်ဖို့ လုပ်ထားတဲ့ နေရာလို့ အမျိုးသားတွေက အော်လွှတ်တော့ အမျိုးသမီးကြီးက ဒီနေ့ မှာ ကျွန်မဟာ မိန်းမတစ်ယောက် သာမက အင်ဂျင်နီယာ တစ်ယောက်လည်း ဖြစ်နေပြီ မိုလို့ ယောက်ျားတွေနဲ့ တန်းတူ ထိုင်ခွင့် ရှိပါတယ် လို့ ပြန်ပြောပြီး အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြခဲ့ ပါတယ်။ သင်တန်းကပေး လိုက်တဲ့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုစွမ်းအားက အာဖဂန်လို အမျိုးသမီးတွေကို နှိမ့်ချထားတဲ့ လူ့အဖွဲ့အစည်းမှာ တောင် စွမ်းအား ထက်မြက်တယ်ဆိုတာ အကောင်း ဆုံး သက်သေပါပဲ။
ကျွန်တော်တို့မှာ အိပ်မက်တစ်ခု ရှိပါတယ်။ ကမ္ဘာ့  ဖွံ့ ဖြိုးမှု အနိမ့်ကျဆုံး ဆိုတဲ့ (၄၇) နိုင်ငံက ကျေးလက် အသီးသီးမှာ နေစွမ်းအင် အင်ဂျင်နီ ယာ အမျိုးသမီးကြီးတွေ ရှိနေအောင် “ခြေဗလာ ကောလိပ်”ကနေ မွေးထုတ်ဖို့ အိပ်မက် ဖြစ်ပါတယ်။ သူတို့တွေရဲ့ အင်အားနဲ့ ကမ္ဘာ့ ဝေးလံခေါင်သီ ဒေသတွေက အိမ်ပေါင်း တစ်သိန်းလောက်ကို မီးလင်းစေချင်ပါ တယ်။ ဖြစ်နိုင်ရန် လူသန်းချီ အတွက်ပါ မီးအလင်း ရောင် ဆောင်ကြဉ်းပေး လိုပါတယ်။ အခု ဟောပြောချက်ကို နားထောင်နေသူတွေရော၊ စာကတစ်ဆင့် ဖတ်ရသူတွေပါ ကျွန်တော်တို့ အိပ်မက်မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အခု ဟောပြောချက်ကို ဂန်္ဓီကြီးရဲ့ စကားတစ်ခွန်းနဲ့ နိဂုံးချုပ်လိုပါတယ်။ လူ့အဖွဲ့ အစည်းက ကိုယ့်ကို မသိကျိုးကျွံ ပြုလိမ့်မယ်။ လှောင်ပြောင် ရယ်မောကြလိမ့်မယ်။ တိုက်ခိုက် ကြလိမ့်မယ်။ ဒါတွေကို အံတုပြီး ဆက်ရပ်တည်နိုင်မယ်ဆို နောက်ဆုံး မှာ ကိုယ်အနိုင်ရလိမ့်မယ်။
Ref: How To Light Up The World by Bunker Roy (rdasia.com)

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook