“ပြောတိုင်းယုံရင် ယုံတိုင်း ပြောလိမ့်မယ်”
ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက် အရည်အသွေး တစ်ခုကတော့ “သူတစ်ပါးကို ပုံ၍ မယုံကြည်ခြင်း၊ (သို့မဟုတ်) ယုံကြည်ရုံမျှ မဟုတ်ဘဲ ကိုယ်တွေ့ သိမြင်ခြင်း” ဆိုတဲ့ အရည် အသွေးပါပဲ။
ဘယ်သူဘာပြောပြော ပုံပြီးယုံလိုက်တာမျိုး မဖြစ် စေရပါဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန်ဝေဖန် ပြီးတော့မှ လက်ခံယုံကြည်ရပါမယ်။ လူအများစု ကတော့ ဗေဒင်ဆရာက ဘာတဲ့ဆို ယုံလိုက်တာပဲ။
အကြားအမြင်ဆရာက ဘာတဲ့ဆို ယုံလိုက်တာပဲ။
ဘိုးတော်၊ ဘွားတော်၊ နတ်ကတော်တွေ ကြံဖန် ပြောသမျှ အဟုတ်ထင်ပြီး ယုံကြည်မိလို့ ဒုက္ခရောက်ခဲ့ရပေါင်းလည်း များလှပါပြီ။ အခုလည်း ဒုက္ခရောက်နေရဆဲပါပဲ။ အဲဒီလိုမျိုး မဖြစ်ပါစေနဲ့။
သိသင့်သိထိုက်တဲ့ အရာမှန်သမျှ သူတစ်ပါးပြောလို့ ယုံတာမျိုး မဖြစ်စေရဘူး။ ကိုယ်ပိုင်သိလို့ ယုံတာမျိုးပဲ
ဖြစ်စေရပါမယ်။ သူတစ်ပါးပြောလို့ ယုံကြည်နေရတဲ့အဆင့်မှာ လမ်းမဆုံးစေရပါဘူး။ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်တဲ့ အဆင့်အထိရောက်အောင် ကြိုးစားရပါမယ်။
●ဥပမာ-ရွှေတိဂုံဘုရားကြီးရဲ့  ကြည်ညိုဖွယ်ရာတွေကို သူများပြောလို့ ယုံနေရုံနဲ့ မကျေနပ်နဲ့၊ ဘုရားပေါ်
ကိုယ်တိုင်တက်ဖူးပြီး ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်သိဖြစ်အောင် လုပ်လို့ ဆိုလိုပါတယ်။
“အယုံနဲ့ မပြီးစေနဲ့၊ အသိဖြစ်အောင်လုပ်” ဆိုတာ ကိုယ်ကိုယ်တိုင် တကယ်သိနိုင်တဲ့၊ ကိုယ်ကိုယ်တိုင်
တကယ်သိအောင်လုပ်လို့ရတဲ့ အရာတွေအတွက် ပြောတာပါ။ ကိုယ်ကိုယ်တိုင် တကယ်မသိနိုင်တဲ့ ၊
ကိုယ့် ဉာဏ်နဲ့ လက်လှမ်းမမီတဲ့ အရာတွေကိုတော့ တကယ်သိနားလည်သူတွေ၊ တကယ် ဉာဏ်လှမ်း မီသူတွေ တစ်ဆင့်ပြောပြတာ နားထောင်ပြီး အားကိုးယုံကြည်ရမှာပါပဲ။
●နေရာတကာမှာ ကိုယ်တွေ့သိမှ ယုံမယ်၊ ကိုယ်တွေ့မသိရင် မယုံဘူးလို့ ခံယူချက် အစွန်းထွက် သွား ရင်တော့ အသိဉာဏ်ချို့ တဲ့တဲ့၊ အဓိပ္ပာယ်မဲ့လူသားအဖြစ် လူရယ်စရာ၊ လူသနားစရာ သတ္တ၀ါလေး ဖြစ်သွားပါလိမ့်မယ်။
ကိုယ်တွေ့မျက်မြင်မှ ယုံမယ်ဆိုရင် ကိုယ့်အဖေနဲ့ ကိုယ့်အမေကိုတောင် ကိုယ့်အဖေ၊ ကိုယ့်အမေပါလို့
ဘယ်လိုလုပ် ယုံကြည်လို့ ရပါတော့မလဲ။ ကိုယ့်ခန္ဓာတည်းဟူသော သန္ဓေသားလေး ဖြစ်တည်ဖို့အတွက်
ကိုယ့်အဖေနဲ့ ကိုယ့်အမေအကြောင်းဆက်ပေါင်းဖက်ကြတာကို ကိုယ်ကိုယ်တိုင် မြင်တွေ့လိုက်ရတာမှ မဟုတ်ဘဲ။ ဒါပေမယ့် အဖေနဲ့ ရုပ်တူခြင်း၊ အမေနဲ့ရုပ်တူခြင်း စတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို ကြည့်ပြီး ဒါကိုယ့်အဖေ၊ ဒါကိုယ့်အမေလို့ စိတ်ချလက်ချ ယုံကြည်လက်ခံရတာပါပဲ။ အဖေနဲ့အမေ ပေါင်း တာ ကိုယ်တိုင်မြင်တွေ့ရမှသာ ယုံကြည်မယ်၊ လက်ခံမယ်ဆိုရင် ခက်ရချည်ရဲ့ ။
●ကိုယ်တိုင်သိနိုင်တဲ့အရာ၊ ကိုယ်တိုင်သိအောင် လုပ်လို့ရတဲ့အရာတွေကို သူများပြောမှာတင် ၊လမ်းဆုံး မနေစေဘဲ ကိုယ်တိုင်သိအောင် လုပ်ရပါမယ်။ သူများပြောလို့ ယုံတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်သိလို့
ယုံတာမျိုး ဖြစ်စေရပါမယ်။ သူများပြောလို့ ယုံတာထက် ၊ကိုယ်တိုင်သိလို့ယုံတာက ကိုယ့်အတွက်ပိုပြီး
အကျိုးဖြစ်ထွန်းစေပါတယ်။ ယုံကြည်ချက် လေးနက်သွားတဲ့အတွက် တန်ဖိုးလည်း ပိုရှိပါတယ်။
ဒါနကောင်းမှုပြုရင် . . .
●လူချစ်လူခင်ပေါများခြင်း၊
●ပညာရှိ သူတော်ကောင်းများ ချီးမြှောက်ခြင်း၊
●ကောင်းသတင်း ကျော်စောခြင်း၊
●ပရိသတ်ထဲ ရဲရဲဝင်နိုင်ခြင်း ဆိုတဲ့ ပစ္စုပ္ပန် ကောင်းကျိုး လေးမျိုး၊ ချမ်းသာပြည့်စုံတဲ့ ကောင်းရာသုဂတိ ဘ၀ရောက်ရခြင်း ဆိုတဲ့ တမလွန်ကောင်းကျိုး တစ်မျိုး၊ ကောင်းကျိုး ငါးမျိုး ရနိုင်တယ်လို့ မြတ်စွာဘုရားရှင် က ဟောကြားတော်မူပါတယ်။
အဲဒီအခါ သီဟအမည်ရတဲ့ စစ်သူကြီးက ဒါနကောင်းမှုရဲ့  ပစ္စုပ္ပန်ကောင်းကျိုးလေးမျိုး မြတ်စွာဘုရား ဟောတာကို မယုံကြည်ပါဘူး။ တမလွန် ကောင်းကျိုးတစ်မျိုး မြတ်စွာဘုရား ဟောတာကိုတော့ ယုံကြည် ပါတယ်လို့ ပြန်လျှောက်ပါတယ်။
ဆိုလိုတာက ဒါနကောင်းမှုရဲ့  ပစ္စုပ္ပန်ကောင်းကျိုးလေးမျိုးကို မြတ်စွာဘုရားဟောလို့ ယုံတာမဟုတ်ပါဘူး။
ကိုယ်တိုင် ကိုယ်တွေ့ သိလို့ ယုံတာပါ။ မြတ်စွာဘုရားကိုယုံပြီး မျက်စိမှိတ်သိတာ မဟုတ်ပါဘူး။ ကိုယ်တွေ့ ခံစားရလို့ အခိုင်အမာသိတာပါ။ တမလွန်ကောင်းကျိုး တစ်မျိုးကိုတော့ ကိုယ်တွေ့မဟုတ်သေးပေမယ့် မြတ်စွာဘုရားသိမြင်ပြီး ဟောတာမို့ ယုံတာပါ။ မြတ်စွာဘုရားအပေါ် မြတ်စွာဘုရားရဲ့  ဉာဏ်အပေါ် ယုံကြည်တဲ့စိတ်နဲ့ သိတာပါလို့ ဆိုလိုပါတယ်။
“သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ” ဆိုတဲ့ ဣနြေ္ဒငါးပါးကို ပွားများရင် မသေရာနိဗ္ဗာန်ကို ဆိုက် ရောက်နိုင် တယ်ဆိုတာ ယုံရဲ့ လားလို့ အရှင်သာရိပုတ္တရာကို မြတ်စွာဘုရားရှင်ကမေးတော့ အရှင်သာရိ ပုတ္တရာက မြတ်စွာဘုရားစကားကို မယုံပါဘူးလို့ ပြန်လျှောက်ထားခဲ့ပါတယ်။
ဣနြေ္ဒငါးပါးပွားရင် နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ အရှင်သာရိပုတ္တရာအနေနဲ့ ကိုယ်တွေ့ ဖြစ်နေပါတယ်။
ကိုယ်ကိုယ်တိုင် ဣနြေ္ဒငါးပါးပွားပြီး ကိုယ်ကိုယ်တိုင် နိဗ္ဗာန်ရောက်ထားတာမို့ ဒီအသိဟာ မြတ်စွာ ဘုရားကို ယုံကြည်လို့ သိထားတဲ့ အသိမဟုတ်ပါဘူး။ ကိုယ်တွေ့ကြုံပြီးလို့ ကိုယ်တိုင်သိထားတဲ့ အသိပါ။
အငှားသိမဟုတ်ပါဘူး။ ကိုယ်ပိုင်အသိပါ။
“ယုံလို့သိတဲ့အသိ မဟုတ်ဘူး၊ ကြုံလို့သိတဲ့အသိ”ဆိုတာကို ရည်ညွှန်းပြီး “မြတ်စွာဘုရားစကားကို မယုံပါဘုရား”လို့ အရှင်သာရိ ပုတ္တရာဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။
ဒါနကို ဒါနနဲ့တူအောင်၊ သီလကို သီလနဲ့တူအောင်၊ သမထကို သမထနဲ့တူအောင် ၊ ၀ိပဿနာကို ၀ိပဿနာနဲ့ တူအောင်၊ ပီပီပြင်ပြင်ပြုလုပ် အားထုတ်ထားမယ်ဆိုရင် ဒါန၊ သီလ၊ သမထ ၊ ၀ိပဿနာ၊ အလုပ်လေးမျိုးရဲ့  အပေါ်မှာ သူများပြောလို့ ယုံတာမျိုးမဟုတ်ဘဲ ကိုယ်တွေ့သိလို့ ယုံတာမျိုး ဖြစ်သွား ပါလိမ့်မယ်။
အထူးသဖြင့် သံသရာနဲ့ချီပြီး ကြုံခဲလှတဲ့ ဗုဒ္ဓသာသနာတော်ကြီးနဲ့ ကံကောင်းထောက်မစွာ ကြုံတွေ့ နေရ တဲ့ အခိုက်မှာ ဗုဒ္ဓသာသနာနဲ့ ကြုံမှ အားထုတ်ခွင့်ရတဲ့ သတိပဋ္ဌာန် ၀ိပဿနာတရားရဲ့  အရသာကို ကိုယ် တိုင်၊ ကိုယ်တွေ့သိအောင် လူတိုင်း အားထုတ်ထား သင့်ပါတယ်။
သတိပဋ္ဌာန်တရားအားထုတ်ရင် ရုပ်တရား နာမ်တရားသဘော၊ ဖြစ်ခြင်းပျက်ခြင်းသဘော၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတွေကို ကိုယ်တွေ့သိမြင်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်တယ်လို့ မြတ်စွာဘုရားရှင်ကလည်း ဟောပါတယ်။ လက်တွေ့အားထုတ်ထားတဲ့ သူတော်သူမြတ်တွေ ကလည်း ပြောပါတယ်။ သူတို့ဟောတာ၊ ပြောတာ ယုံကြည်ရုံနဲ့ မပြီးဘဲ၊ ကိုယ်တိုင်သိမြင်အောင် ကြိုးစား အား ထုတ်ကြရပါမယ်။
တချို့ ကတော့ ယုံကြည်တဲ့အဆင့်တောင်မရှိပါဘူး။ ကိုယ်တိုင်လည်း လက်တွေ့အားထုတ်မကြည့် ဘဲနဲ့
“သွား-သွားတယ်၊ စား-စားတယ်” ရှုမှတ်နေရုံနဲ့ ၀ိပဿနာမဖြစ်နိုင်ဘူး။ မြင်-မြင်တယ်၊ ကြား-ကြားတယ် ရှုမှတ်တဲ့နည်းနဲ့ တရားထူးမရနိုင်ဘူးလို့ အတွေးအကြံတစ်ထွာ၊ တစ်မိုက်လောက်နဲ့ ရမ်းသမ်း စွပ်စွဲ တတ်ကြပါတယ်။ အတွေးအကြံကိုပဲ ဉာဏ်လို့ လွဲမှားစွာထင်ပြီး အထင်ကြီးနေတတ်ပြန်ပါတယ်။
ဘယ်ဆရာတော်ကြီး ရဟန္တာဖြစ်သွားတာ သွား-သွားတယ်၊ စား-စားတယ် မမှတ်ပါဘူး။ သွား-သွား တယ်၊ စား-စားတယ် မှတ်တဲ့ ဘယ်ဆရာတော်ကြီး ရဟန္တာမဖြစ်ပါဘူးနဲ့ တစ်ဖက်သား ရဟန္တာဖြစ်မဖြစ်၊ တရားထူး ရ မရ သိနိုင်လောက်တဲ့ ဉာဏ်အဆင့်လည်း မရှိဘဲနဲ့ ကိုယ့်အထင်နဲ့ကိုယ် မဟုတ်တရား ဝေဖန်ကဲ့ရဲ့  တတ်ကြပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြား ညွှန်ပြထားတဲ့ သတိပဋ္ဌာန်တရားအပေါ် ကိုယ်တိုင်
လက်တွေ့ အားထုတ်မကြည့်ဘဲနဲ့ မယုံပါဘူးလို့ ခေါင်းခါငြင်းဆန်တဲ့သူဟာ မြတ်စွာဘုရားရှင် ထက်တောင် ဉာဏ်ကြီးနေလို့နဲ့တူပါရဲ့ ။
သူပြောလူပြောနဲ့ မယုံဘဲ ကိုယ်တွေ့မှ ယုံချင်တယ်ဆိုရင် သတိပဋ္ဌာန်တရားကို မြတ်စွာဘုရား ညွှန်ကြား ထားတဲ့နည်းအတိုင်း ကိုယ်တိုင် အားထုတ်ကြည့်လိုက်ပါ။ သဒ္ဓါဓာတ်ခံအားကောင်းလို့ သူပြော လူပြောနဲ့
ယုံပြီးသားဆိုရင်လည်း ကိုယ်တွေ့သိလို့ ၊ယုံတဲ့အဆင့်ရောက်အောင် ကိုယ်တိုင်အားထုတ် ကြည့်လိုက်ပါ။
ရပ်ကြည့်လို့ အမြတ်မရှိပါဘူး။ လုပ်ကြည့်မှ အဟုတ်သိမှာပါ။
သတိပဋ္ဌာန်တရားကို ကိုယ်တိုင်အားထုတ်ကြည့်လို့ “ရုပ်နာမ်သဘော၊ ဖြစ်ပျက်သဘော၊” အနိစ္စ၊ ဒုက္ခ၊
အနတ္တသဘောနဲ့ မဂ်ဖိုလ်နိဗ္ဗာန်သဘောတွေကို ကိုယ်တွေ့သိသွားပြီဆိုရင်တော့ ပြောတိုင်းယုံတဲ့
ပုတ်သင်ညိုဘ၀က လွတ်မြောက်သွားပြီဖြစ်တဲ့အတွက်“ငြိမ်းအေးသော ဘ၀ပိုင်ရှင်” ဖြစ်ပါပြီ။
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
Dhamma Dãna Source

https://www.facebook.com/youngbuddhistassociation.mm
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook