ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် ၀င်ခွင့် ရမှတ်များ လျှော့ချသတ်မှတ်

ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ် ၀င်ခွင့် အတွက် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ရမှတ် သတ်မှတ် ချက်များကို လျှော့ချလိုက်ပြီး အနိမ့်ဆုံး ရမှတ် ၃၈၀ ရရှိသူများ လျှောက်ထားနိုင် မည်ဖြစ် ကြောင်း တက္ကသိုလ် ၀င်ခွင့် လမ်းညွှန်တွင် ဖော်ပြ ထားသည်။

တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် ဘာသာတွဲ ၂၊ ၃၊ ၄ တို့ဖြင့် ဖြေဆိုအောင်မြင်၍ ရမှတ် ၃၈၀ နှင့် အထက် ရရှိထားသူများ အနေဖြင့် ဒဿနိကဗေဒ ဘာသာရပ်ကို လျှောက်ထားနိုင်ပြီး ပထ၀ီဝင် ဘာသာရပ် အတွက် ရမှတ် ၃၉၀ နှင့် အထက်ရရှိထားပါက ၀င်ခွင့်လျှောက်ထားနိုင်သည်။

ဘာသာတွဲ (၂) မှာ ပထ၀ီ ၀င်၊ သမိုင်း၊ ဘောဂဗေဒ၊ ဘာသာတွဲ (၃) မှာ ပထ၀ီဝင်၊ သမိုင်း၊ စိတ်ကြိုက် မြန်မာစာနှင့် ဘာသာ တွဲ (၄) မှာ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာတို့ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက် အမြင့်ဆုံးမှာ အင်္ဂလိပ်စာ ဘာသာရပ် ဖြစ်ပြီး ရမှတ် ၄၉၅ နှင့်အထက် ရရှိထားရန် လိုအပ်သည်။ ဒုတိယနေရာတွင် ဥပဒေပညာ၊ ကွန်ပျူတာ သိပ္ပံ၊ နိုင်ငံတကာ ဆက်ဆံရေးပညာနှင့် နိုင်ငံရေး သိပံ္ပဘာသာရပ်များက အမှတ်သတ်မှတ်ချက် မြင့်မား နေပြီး ရမှတ် ၄၇၀ နှင့် အထက်ရရှိသူများ သာလျှောက်ထားနိုင်သည်။

ပြီးခဲ့သည့် ပညာသင်နှစ်က ဘာသာရပ် ၂၀ အတွက် ၀င်ခွင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာမှု ပညာဘာသာရပ်ကို တိုးမြှင့်သင်ကြားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရမှတ် ၄၃၀ နှင့် အထက် ရရှိသူများ လျှောက်ထားရန် ဖော်ပြထားသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူနှင့် လျှောက်ထားသူ၏ မိခင်အရင်း၊ ဖခင်အရင်းများ သည် မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိ သူများထဲမှ သတ်မှတ်ရမှတ် မြင့်မားသူများကို ၀ိဇ္ဇာချွန်ဆု၊ သိပ္ပံချွန်ဆု ချီးမြှင့်မည်ဖြစ်သည်။

ဝိဇ္ဇာချွန်ဆု၊ သိပံ္ပချွန်ဆုချီးမြှင့်ထားသော ကျောင်းသားများကို ပါရဂူဘွဲ့ရသည်အထိ ပြုစု ပျိုးထောင် သွား မည်ဖြစ်ပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်များမှ ပါရဂူဘွဲ့ရ မြန်မာပညာရှင်များ တစ်နှစ်လျှင် ၀ိဇ္ဇာ၊ သိပံ္ပ ဘာသာရပ်တစ်ခုစီအတွက် အနည်းဆုံးသုံးဦးမှ ငါးဦးထိ နောက်လာမည့် ၂၀၂၃ခုနှစ်ခန့်မှစ၍ နှစ်စဉ် မွေးထုတ်ရန် မျှော်မှန်းထားကြောင်း ၀င်ခွင့်လမ်းညွှန်တွင် ရေးသားထားသည်။ ယခင်နှစ်က ရန်ကုန် တက္ကသိုလ်တွင် ကြေညာခဲ့သော ၀င်ခွင့်ရစာရင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ် အများဆုံး အနေဖြင့် အင်္ဂလိပ်စာ ဘာသာရပ်အတွက် အနည်းဆုံး ၄၈၉ မှတ်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ် အနည်းဆုံးအနေဖြင့် သမိုင်းနှင့် မနုဿဗေဒဘာသာရပ်ဖြစ်ပြီး အနည်းဆုံး ၃၇၀ မှတ်ရရှိသူများ ၀င်ခွင့်ရရှိ ခဲ့သည်။

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် ဘာသာရပ်တစ်ခုလျှင် ကျောင်းသားဦးရေ ၅၀ စီဖြင့် စုစုပေါင်း ကျောင်းသားဦးရေ ၁၀၅၀ ဦးစီ ၀င်ခွင့် လက်ခံသွားမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားသည်။


7Day Daily
No.468 Tuesday, August 12, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...