လှေးနှင့် တူကြသူများ

လူအများက "ငါတို့ မတီထွင်၊ မဆန်းသစ်နိုင်ဘူး" လို့ အမြဲဆို ညည်းကြတယ်။ တကယ်တော့ သူတို့မှာ တီထွင် ဆန်းသစ်နိုင်တဲ့ အရည်အချင်းတွေ မရှိလို့ မဟုတ်ဘူး။ အဲဒီ တီထွင် ဆန်းသစ်တာကို မပြောခင် ဉာဏ်စမ်းလေး တစ်ခု အရင် စမ်းသပ် ကြည့်ရအောင်...

ဉာဏ်စမ်းက "မီးခြစ်ဆံ ၆ချောင်းနဲ့ တြိဂံ ၄ခုရအောင် စီပါ။ မီးခြစ်ဆံကို မချိုးရ"

တကယ်လို့ ငါးမိနစ် ကြာတဲ့အထိ တြိဂံ ၄ခုရအောင် သင်မစီနိုင်ခဲ့ရင် စိတ်ပျက် အားငယ်မသွားပါနဲ့။ လေ့လာ ဆန်းစစ်ချက်အရ လူအများစုလည်း ရအောင် မစီနိုင်ကြောင်း တွေ့ခဲ့ရတယ်။ ဉာဏ်စမ်း အဖြေကို မပြောခင် ခုန်နိုင်တဲ့သန်း (လှေး) အကြောင်းကို ကျွန်မတို့ အရင်ပြောရအောင်.. လှေးတွေက တွားသွားသတ္တဝါတွေမဟုတ်ဘဲ ခုန်ပြီးသွားတယ်ဆိုတာ အားလုံးသိပြီးဖြစ် ပါတယ်။ လှေးတွေတစ်ခါခုန်ရင် သူတို့ရဲ့ခန္ဓာကိုယ်အရပ်ရဲ့ အဆတစ်ရာအမြင့်ထိ ခုန်နိုင်ကြသတဲ့... ဒါပေမယ့် ဂျာမဏီနိုင်ငံက "Hans" ဆပ်ကပ်အဖွဲ့မှာရှိတဲ့ လှေးတွေက မခုန်နိုင်ကြတဲ့အပြင် ကစားစရာကားတွေကိုတောင် ဆွဲနိုင်ခဲ့ကြသတဲ့။ (အဲဒီရှိုးကိုကြည့်ဖို့ မှန်ဘီလူးလိုလိမ့်မယ်)

ဘာကြောင့် ဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုးပေါ်ခဲ့သလဲ။

တကယ်တော့ ဆပ်ကပ်ဆရာတစ်ဦးက လှေးတွေကို အထူးလေ့ကျင့်ပေးခဲ့လို့ဖြစ်တယ်။ ပထမဆုံး ဆပ်ကပ် ဆရာက လှေးတွေကို မှန်ဘောင်တစ်ခုထဲ ထည့်မွေးထားပြီး အဲဒီမှန်ဘောင်ကို လှေးခုန်နိုင်တဲ့ အမြင့်ထက်နိမ့် အောင် လုပ်ထားတယ်။ လှေးတွေက တစ်ချက်ခုန်တိုင်း မှန်ဘောင်နဲ့ သွားသွားဆောင့်လို့ တဖြည်းဖြည်း အမြင့်ကြီး မခုန်ရဲတော့ဘူး။

နောက်တော့ ဆပ်ကပ်ဆရာက မှန်ဘောင်ကို နိမ့်လိုက်ပြန်တယ်။ လှေးတွေက နာကျင်မှာကြောက်ပြီး မှန်ဘောင် ထိအောင် မခုန်ရဲပြန်ဘူး။ မှန်ဘောင်နိမ့်လေ၊ လှေးတွေမခုန်ရဲလေနဲ့ နောက်ဆုံး တွားသွားတဲ့အဆင့်ကို ရောက် သွားခဲ့ကြတယ်။ ဒီလိုလေ့ကျင့်မှုကြောင့် ခုန်တတ်တဲ့လှေးတွေဟာ နဂိုမွေးရာပါ ခုန်နိုင်တဲ့အရည်အချင်းတွေ ဆုံးရှုံးသွားခဲ့ရတယ်။

ဉာဏ်စမ်းက အင်မတန်လွယ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း မီးခြစ်ဆံတချို့ကို တြိဂံပုံဖြစ်အောင်ထောင်ပြီး စီလိုက်ရင် လိုချင်တဲ့တြိဂံ ၄ခုကို ရပါလိမ့်မယ်။

မူရင်းစာမှာက ဒီလိုဆက်ရေးထားပါတယ်။ စီမရတဲ့ လူတချို့က အဖြေကို သိပြီးနောက် "မီးခြစ်ဆံတွေထောင်ပြီး စီလို့ရတယ်လို့ ဘာလို့မပြောလဲ" လို့ အတွန့်တက်ကောင်းတက်လိမ့်မယ်။ ပုစ္ဆာမှာလည်း "မထောင်ရ" လို့ ရေးမထားပါဘူး။ တကယ်တော့ လူအများက ကိုယ့်ကို ကန့်သတ်လိုက်ကြတာပါ။ ကိုယ့်အတွေးကိုချုပ်ထားပြီး မီးခြစ်ဆံခြောက်ချောင်းကို အလဲလိုက် တောင်ရွေ့မြောက်ရွေ့ ရွေ့ခဲ့ကြတယ်။ ထောင်ပြီးစီဖို့ မတွေး ခဲ့ဘူး၊ မရဲခဲ့ဘူး။ ဒီအဖြစ်က မှန်ဘောင်နဲ့ အဖိခံရတဲ့ လှေးနဲ့ ဘာများကွာခြားတော့မလဲ...

ကျွန်မတို့က ဘယ်လိုကြောင့် ဆန်းသစ်တီထွင်တဲ့ အရည်အချင်းတွေ ဆုံးရှုံးခဲ့ရသလဲ၊ အောက်ကပုံပြင်က ကျွန်မတို့ကို အဖြေတချို့ပေးလိမ့်မယ် ထင်ပါတယ်။

"ဝါရှင်တန်" ငယ်ငယ်တုန်းက ချယ်ရီပင်ခုတ်လှဲခဲ့ဖူးတယ်ဆိုတဲ့ ပုံပြင်ကို ဆရာမပြောပြတော့ သူငယ်တန်း ကလေး တွေက စိတ်ဝင်တစား နားထောင်ခဲ့ကြတယ်။ ပုံပြင်ပြီးလို့ ဆရာမက "ကလေးတို့.. ဝါရှင်တန်ကို သူ့ဖေဖေက ဘာကြောင့် ခွင့်လွှတ်ခဲ့သလဲ" လို့ မေးကြတယ်။ ကလေးတစ်ယောက်က ချက်ချင်းလက်ထောင်ပြီး "သူ့လက်ထဲမှာ ပုဆိန်ကိုင်ထားသေးလို့ပါ" လို့ ဖြေခဲ့တယ်။ သူ့အဖြေကို ကလေးတွေက တဝါးဝါး အော်ရယ်ခဲ့ကြတယ်။ ဆရာမက ခေါင်းခါပြီး "မဟုတ်ဘူး.. သူ့ဖေဖေ သူ့ကိုခွင့်လွှတ်ခဲ့တာက ဝါရှင်တန်ဟာ ရိုးသားတဲ့ ကလေးတစ်ယောက်ဖြစ် လို့ပါပဲ" လို့ ပြောလိုက်တယ်။

ကလေးငယ်တွေးတာလည်း မမှားပါဘူး။ တကယ်လို့ ဖခင်က ခွင့်မလွှတ်ဘဲ ဝါရှင်တန်ကို ဆူမယ်၊ ဆဲမယ်၊ ရိုက်ခဲ့မယ်ဆိုရင် ဝါရှင်တန်က အရိုက်ခံရလို့ ဒေါသစိတ်ကိုမထိန်းနိုင်ဘဲ လက်ထဲက ပုဆိန်နဲ့ လျှောက်မရမ်း၊ လျှောက်မခုတ်နိုင်ဘူးလို့ ပြောနိုင်မလား။

"သူ့လက်ထဲမှာ ပုဆိန်ကိုင်ထားသေးလို့ပါ" ဆိုတဲ့အဖြေက ဆန်းသစ်တဲ့အဖြေ ဖြစ်တယ်ဆိုပေမယ့် လူ့ဘောင်မှာ လက်ခံအသိအမှတ်ပြု မခံခဲ့ရပါဘူး။

တစ်ချိန်က ကျွန်မတို့လည်း ကလေးဖြစ်ခဲ့ဖူးပါတယ်။ မေးခွန်းတချို့ကိုဖြေဖို့ မတူတဲ့အတွေး၊ မတူတဲ့အမြင်တွေ ရှိပေမယ့် လူကြီးတွေက မျက်မှောင်ကြုတ်ပြီး ဒီလိုမဟုတ်ဘူး.... ဟိုလိုမဟုတ်ဘူးနဲ့ နောက်ဆုံးတော့ "ဝါရှင်တန်က ရိုးသားတဲ့ကလေးငယ်ဖြစ်လို့" ဆိုတဲ့ အဖြေပဲဖြေဆိုခဲ့ရတော့တယ်။ ဒီလိုလေ့ကျင့်သင်ကြားမှုတွေ ရှိခဲ့ပြီးတဲ့နောက် ကျွန်မတို့လည်း ဆပ်ကပ်မှာမွေးထားတဲ့လှေးလို တီထွင်ဥာဏ်၊ ဆန်းသစ်နိုင်တဲ့ အရည်အချင်းတွေ ဆုံးရှုံး သွားခဲ့ ရတော့တယ်။

ကျွန်မတို့ရဲ့ တီထွင်ဆန်းသစ်နိုင်စွမ်းကိုဖိထားတဲ့ မှန်ဘောင်က (invisible) မမြင်ရတဲ့မှန်ဘောင်ဖြစ်တယ်။ ဒါတွေ က ကျွန်မတို့ သင်ယူခဲ့တဲ့ပညာရေး၊ ရိုးရာအယူအဆတွေနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် တစ်သတ်မတ် တည်း တွေးတောတတ်တဲ့ အလေ့အကျင့်၊ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါတွေက လှောင်အိမ် တစ်ခုနဲ့ တူခဲ့ပါတယ်။ တွေးတောမှုတွေ၊ စဉ်းစားတီထွင်ဉာဏ်တွေ ကန့်သတ်ခံရပြီး သတ်မှတ်ထားတဲ့ ဘောင်ထဲ၊ အကန့်ထဲမှာပဲ တွေးတောခွင့်ရခဲ့တယ်။ ကျွန်မတို့မှာ နဂိုတည်းက ကျယ်ပြန့်တဲ့ကောင်းကင်ကြီးနဲ့ ဆန်းသစ်မှုတွေ ပြည့်နေတဲ့ စိတ်ဝိညာဉ်တစ်ခု ရှိတယ်ဆိုတာကို မေ့ထားလိုက်ကြတယ်။

ဆန်းသစ်တီထွင်သူတွေက လှောင်အိမ်ထဲက လွတ်အောင်ရုန်းသူ၊ မှန်ဘောင်ထဲက ခုန်ထွက်သူတွေဖြစ်တယ်။ လူနဲ့လှေး မတူတဲ့အချက်တစ်ခုက လေ့ကျင့်ခံရပြီးတဲ့လှေးတွေဟာ ထပ်ခုန်ဖို့ မကြိုးစားတော့ဘူး။ လူတွေမှာတော့ တွေးတောဆင်ခြင်တတ်တဲ့ ဦးနှောက်ရှိပါသေးတယ်။ လှောင်အိမ်ထဲက လွတ်အောင်ရုန်းဖို့၊ ဘောင်ထဲကနေ ခုန်ထွက်နိုင်ဖို့ အရင်ဆုံး ကိုယ်လှောင်ခံထားရတယ်ဆိုတာကိုသိရပါတယ်။ ဒါမှ မြင်နိုင်စွမ်းမရှိတဲ့ဘောင်ထဲကနေ ကိုယ်အလွတ်ရုန်းနိုင်မှာဖြစ်ပါတယ်။

-----
မူရင်းရေးသားသူ -- Wáng yì jiā
မူရင်းလင့် -- http://share.youthwant.com.tw/D31012260.html

နိုင်းနိုင်းစနေ (Saturday, April 18, 2009)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...