ပျင်းနေသလား

Written by အောင်သင်း

It is better to sit down than to stand, it is better to lie down than to sit, but death is the best of all. - Indian Proverb

မတ်တပ် ရပ်နေသည်ထက် ထိုင်နေရသည်က ပိုကောင်း၏။ ထိုင်နေ ရသည်ထက် လဲလျောင်းနေရ သည်က ပိုကောင်း၏။ သေရသည်ကား အကောင်းဆုံးပေတည်း။ - အိန္ဒိယ စကားပုံ

ကျွန်တော် ပက်လက်ကုလားထိုင်နှင့် စာဖတ်လေ့ရှိသည်။ ပျင်းတတ်တဲ့ သဘောပါပဲ။ သက်တောင့် သက်သာ အလွန်နေချင် သည်ပေါ့။ နပိုလီယန်က ကုလားထိုင်ကို နောက်ပြန် လှည့်ထိုင်သည်တဲ့။ နောက်မှီကို မှီထိုင်မိလျှင် ပျင်းရိမည် စိုးသောကြောင့်ဆိုပဲ။

ထက်မြက်ထူးချွန်သော ပုဂ္ဂိုလ်ကျော်တို့ အကြောင်းကို ဖတ်ကြည့်လျှင် ဝီရိယ အလွန်ကြီးကြကြောင်းကို မလွှဲမသွေ တွေ့ရသည်ချည်းပင် ဖြစ်သည်။ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာ ဘိဝံသဆိုလျှင် စာရေးစားပွဲခပ်မြင့်မြင့် တစ်ခုလုပ်ထားပြီး မတ်တပ်စာရေးတော်မူသည်ဟု ဖတ်လိုက်ရဖူးသည်။ မကြာ သေးမီက ကျွန်တော့် မိတ်ဆွေ တစ်ယောက်က စာသင်သား သံဃာတော်များအား သင်ရိုးစာအုပ်များ လှူဒါန်းလိုသောကြောင့် စာအုပ်တွေ လိုက်ဝယ် သောအခါ ဆရာတော်ပြုစုတော်မူခဲ့သည့် စာအုပ်များက သုံးပုံတစ်ပုံ ပါနေသည်ဟု ပြောပြခဲ့သည်။ ဝီရိယကြီးသူတို့၏ ကျေးဇူးကိုနှောင်းလူတို့ ခံစားရစမြဲ ဖြစ်ပေ သည်။ ဆရာကြီး ပီမိုးနင်းက 'နှောင်းလူတို့ သောက်သုံး၍ မကုန်နိုင်သော အလိမ္မာ စမ်းရေတွင်းကြီးများ' ဟု တင်စားပြောဆိုခဲ့သည်။

သူသူကိုယ်ကိုယ် သက်သက်သာသာ နေရသည်ကိုကြိုက်တတ်ကြစမြဲပင် ဖြစ်သည်။ ကျွန်တော် ကိုယ်တိုင်လည်း သက်သောင့် သက်သာနေရခြင်းကို အလွန်တပ်မက်သည်။ သို့သော်အထက်တွင် ဖော်ပြခဲ့သည့် အိန္ဒိယစကားပုံ ကလေးကို တွေ့လိုက်သောအခါ ကိုယ့်ကိုကိုယ်ရှုတ်ချရင်း ပြုံးလိုက်မိပါသေး သည်။ စင်စစ်အားဖြင့် ပျင်းရိသူ တို့သည် တစ်စတစ်စနှင့် နောင်အခါတွင် ဝီရိယကြီးသူတို့၏ ခိုင်းဖတ် ဖြစ်လာတတ်ကြသည်မှာ လက်တွေ့ဖြစ် နေသည်။

ကမ္ဘာကျော် သမိုင်းတွင်ရစ်ခဲ့သည် တီထွင်သူ မစ္စတာအက်ဒီဆင်သည် အသံဖမ်းစက်ကို စတင်တီထွင် ခဲ့စဉ်က သုံးရက်သုံးညလုံးလုံး စမ်းသပ်ခန်းထဲကမထွက်ဘဲ နို့နှင့်ဘီစကွတ် မုန့်လေးတွေကို စားပြီး ကြံစည် စမ်းသပ်နေ ခဲ့ကြောင်းကို ဖတ်လိုက်ရသောအခါ သူတို့ကို အံ့သြခြင်းဖြစ်မိသည်။ မိမိကိုယ်မိမိ လည်း ညံ့လေခြင်းဟု စိတ်အား ငယ်မိသည်။

ထိုထိုသော ပုဂ္ဂိုလ်ကျော်တို့မှာ လူကသာ ဝီရိယကြီးသည်မဟုတ် ဦးနှောက်ဝီရိယ ကြီးသူများလည်း ဖြစ်သည်ဟု ထင်မိပါသည်။ ဆရာကြီးရွှေဥဒေါင်းစာများကို ဖတ်ကြည့်လိုက်လျှင် ကျွန်တော်တို့တစ် တွေ ယောင်လို့မျှ မတွေး မိသော ထောင့်ကြိုထောင့်ကြားကလေးတွေကိုပါ နှိုက်နှိုက်ချွတ်ချွတ် စဉ်းစား ထားသည်ကို မကြာခဏတွေ့ရ တတ်ပါသည်။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ စာတွေကိုဖတ်မိသောအခါ အလွန်လေးနက် ခက်ခဲသော တရား သဘောများကို ကျွန်တော်တို့လိုလူပြိန်းများ အလွယ်တကူ နားလည်နိုင်အောင် ရေးတော်မူနိုင် သည်ကို တွေ့ရ သည်။ ဆရာတော်၏ဥပမာများ သာဓကများက ပြက်ပြက်ထင်ထင် ရှိလှပါသည်။ နောက်မှ သေသေချာချာ စဉ်းစား ကြည့်လိုက်သောအခါ ဆရာတော်သည် မိမိပြောဟောရေးသားလို သော တရားသဘောများကို မည်သို့ပြောဟော ရေးသားမည်နည်း။ မည်သည့်ဥပမာ သာဓကကို ဆောင်မည်နည်း စသည် စသည်တို့ကို နေရင်းထိုင်ရင်း စင်္ကြန် လားရင်း မနားမနေကြံစည်နေခဲ့ဟန် ရှိသည်ဟု ကြည့်ညိုအားကျခြင်း ဖြစ်လာမိရပြန်ပါသည်။

အထက်တွင် ကျွန်တော်တင်ပြခဲ့သည်တို့မှာ စာပေပြုစုရေးသားသူတို့၏ အကြောင်းများသာ ဖြစ်နေပါ သေးသည်။ မြန်မာပြည်တွင် ထင်ရှားကျော်ကြားသော အမျိုးသား အမျိုးသမီး စီးပွားစွမ်းဆောင်သူများ အကြောင်းကို ဖတ်လိုက် ရသောအခါတွင်လည်း သူတို့သည်မွေးရာပါချမ်းသာလာသူများ မဟုတ်ကြဘဲ ကျားကုတ်ကျားခဲ ဇွဲနဘဲနှင့်ကြိုးစား လာခဲ့ရကြောင်းကို တွေ့ရသည်။ အချို့ဆိုလျှင် ငယ်စဉ်ဘဝက စားရမဲ့သောက်ရမဲ့ဟု ဆိုရခမန်းဆင်းရဲမွဲတေ ခဲ့ကြရှာသည်ကို တွေ့ရသည်။ နောင်သောအခါတွင်မူ ကား ရာနှင့်ချီသော အလုပ်သမားတွေကို ခန့်ထားစေခိုင်း လျက် ရာနှင့်ချီသော သိန်းဂဏန်းအလှူအ တန်းကြီးတွေ ပြုလုပ်နိုင်သူတွေ ဖြစ်လာကြသည်။

သူတို့အကြောင်းကိုလည်း လှမ်းပြီးတွေးကြည့်မိသည်။ ကျမ်းပြုစာဆို ပုဂ္ဂိုလ်ကျော်များကဲ့သို့ပင် သွားရင်းလာရင်း စားရင်းသောက်ရင်း မိမိလုပ်ငန်းကြီးပွားရာကြီးပွားကြောင်း မိမိဘဝတိုးတက်ရာ တိုးတက်ရာ တိုးတက်ကြောင်းကို မပြတ်ကြံစည်နေသူများ ဖြစ်ကြလိမ့်မည်ဟု အောက်မေ့မိပါသည်။ ဆိုလိုသည်က လူသာမဟုတ် ဦးနှောက်က လည်း ဝီရိယကြီးသူများ ဖြစ်ကြပါပေလိမ့်မည်။

စာဖတ်သူတော့ဖြင့်မသိ။ ကျွန်တော်ကတော့ မိမိဘာတွေစဉ်းစားနေမိသနည်းဟု ကိုယ့်စိတ်ကိုမကြ ခဏ အလစ် ချောင်းဖမ်းကြည့်မိတတ်သည်။ ထိုကဲ့သို့ ဖမ်းလိုက်ရာတွင် ရေရေရာရာဘာမှမဟုတ်သော ပေါက်တတ်ကရ အတွေးတွေ ဝင်နေတတ်သည်ကိုလည်း မကြာခဏတွေ့ရသည်။ ထိုထိုသော ပုဂ္ဂိုလ် ကျော်တို့၏ ဦးနှောက် ဝီရိယများနှင့် ယှဉ်လိုက်သောအခါ ကိုယ့်ငယ်ထိပ်ကိုယ် ဖနောင့်နှင့်ပေါက်ချင် စိတ် ပေါ်လာတတ်ပြီး အိန္ဒိယ စကားပုံလေးကို ပြေး၍သတိရလိုက်ရင်း ဒီလောက်တောင် အသက်သာ ကြိုက်ရင် သေလိုက်ပေါ့ကွ' ဟု ကျွန်တော့်ကို ကျွန်တော် ဆဲရေးမိတာ မကြခဏ ဖြစ်နေပါတော့သည်။


မောက္ခပညာရေးမဂ္ဂဇင်း
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...