မွေးရာပါ ဦးနှောက် ဖွဲ့စည်းပုံက ကြင်နာတတ်သူလား ရက်စက်သူလား လွှမ်းမိုးမှု ရှိနိုင်

By မြတ်ဆုကို

လန်ဒန် ၊ စက်တင်ဘာ ၂၅

အခြား သူများကို ကူညီတတ်သူ အဖြစ် သတ်မှတ် ခံရသူများသည် ကိုယ်တိုင်က သိစိတ် ရှိရှိဖြင့် ရွေးချယ် ပြုမူခြင်းကြောင့် ဖြစ်သလို၊ မွေးရာပါ ဦးနှောက် ဖွဲ့စည်းပုံ၏ လွှမ်းမိုးမှု ကြောင့်လည်း ဖြစ်ကြောင်း နောက်ဆုံး သုတေသန တစ်ရပ်အရ သိရသည်။

ကြင်နာတတ်သူ နှင့် တစ်ကိုယ်ကောင်း ဆန်သူများ၏ ဦးနှောက် ဖွဲ့စည်းပုံ များကို နှိုင်းယှဉ် လေ့လာ ကြည့်သည့် အခါ ဖွဲ့စည်းပုံချင်း ကွာခြားမှု ရှိကြောင်း တွေ့ရှိခဲ့ရသည်။ အခြား သူများ၏ ခံစားချက်ကို နားလည် စာနာ ပေးနိုင်သော ဦးနှောက် အပိုင်းတွင် ကြင်နာတတ် သူများ၏ ဦးနှောက် အပိုင်းက ပိုကြီးမားပြီး မကြင်နာတတ် သူများက သေးငယ် ကြကြောင်း တွေ့ရှိရသည်။ ပိုကြီးမား ခြင်းကြောင့် ထိုသူများသည် အခြား သူများ၏ ဒုက္ခများကို ပိုမို စာနာတတ်လာကာ ကြင်နာတတ် သူများအဖြစ် သတ်မှတ် ခံရသည်။

သုတေသန ကို ဂျော့တောင်း ကောလိပ်မှ ပါမောက္ခ အဘီဂယ်မာ့ရှ် နှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကျောက်ကပ် လှူဒါန်းသူ (၁၉) ယောက် နှင့် တစ်ကြိမ်မှ မလှူဒါန်းဖူးသူ (၂၀) တို့၏ ဦးနှောက် ဖွဲ့စည်းပုံ များကို ဦးနှောက် ပုံရိပ် ဖော်စက်များ သုံးကာ လေ့လာခဲ့ခြင်း ဖြစ်သည်။

လေ့လာမှုများကို ကောက်ချက် ဆွဲကြည့်ချက် အရ ကျောက်ကပ် အလှူရှင်များ၏ ဦးနှောက်ရှိ အခြားသူများ ခံစားချက်ကို နားလည် စာနာတတ်သော အခြမ်းသည် မလှူသူများ၏ ဦးနှောက် အပိုင်းထက် သိသိ သာသာ ပိုကြီးမား နေသည်ကို တွေ့ရှိခဲ့ရကြောင်း ပါမောက္ခမာ့ရှ်က သုံးသပ် ပြောကြားသည်။

ဦးနှောက် ထိုအပိုင်း မွေးရာပါ ကြီးမားခြင်း သေးငယ်ခြင်းက ဘ၀ တစ်လျှောက် မည်သို့ လွှမ်းမိုးနိုင်ပုံကို တိကျစွာ သိရှိနိုင်အောင် သုတေသနများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပါမောက္ခ မာ့ရှ်က ဖြည့်စွက် ပြောကြားသည်။


Source: Daily Mail 
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...