ဆေးလောကတွင် ပထမဆုံး အကြိမ်အဖြစ် သားအိမ် အစားထိုးထားသူ အမျိုးသမီးက ကလေးမွေးဖွား

ကမ္ဘာ့ ဆေးလောကတွင် ပထမဆုံး အကြိမ်အဖြစ် ဆွီဒင်နိုင်ငံမှ သားအိမ် အစားထိုး ကုသမှု ခံယူထားသူ အမျိုးသမီး တစ်ဦးသည် မိမိ၏ ပထမဆုံး ကလေးကို အောင်မြင်စွာ မွေးဖွားလိုက်နိုင် ပြီဖြစ်ကြောင်း ဆွီဒင်နိုင်ငံ၊ ဂိုသင်ဘတ် ဆေးတက္ကသိုလ်မှ သုတေသီ များက ကြေငြာချက် ထုတ်ပြန်သည်။

သူမသည် မွေးဖွားစဉ်ကပင် သားအိမ်မပါဘဲ မွေးလာ ခြင်းဖြစ်ပြီး အိမ်ထောင်ပြုပြီးသည့်နောက် ကလေးမရနိုင်ဘဲ ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အသက် ၆၀ အရွယ် မိတ်ဆွေအမျိုးသမီးတစ်ဦးက နှစ်ပေါင်းများစွာ သွေးဆုံးပြီးသူဖြစ်သည်နှင့်အညီ သူမအား သားအိမ် လှူဒါန်းလိုက်သည်။ ဆွီဒင်ဆရာဝန်များက သူမခန္ဓာကိုယ်ထဲ ယင်းသားအိမ်ကို အစားထိုး ထည့်သွင်းပေး ခဲ့ပြီးနောက် သူမအနေနှင့် ကလေး ရနိုင်ခြင်း ရှိ၊မရှိ စောင့်ကြည့်ခဲ့သည်။

သူ့ မျိုးဥအိတ်က ပုံမှန်အလုပ်လုပ်နေပါတယ်။ ဒါကို သားအိမ်နဲ့ မှန်မှန်ကန်ကန်အလုပ်လုပ်နိုင်အောင် ကျွန်တော်တို့  တွဲပေးခဲ့ပါတယ်။ ဒါပေမယ့် သန္ဓေသားဆီကို သွေးစီးဆင်းမှုနဲနေမှာကို ကျွန်တော်တို့  စိုးရိမ်ပြီး စောင့်ကြည့်ခဲ့ပါ တယ်။ ဒါပေမယ့် သန္ဓေသားဆီကို သွေးစီးဆင်းမှုနှူန်းက မှန်နေတဲ့အတွက် အခုဆိုရင် ဒီကလေးမွေးဖွားခဲ့ပါပြီ။ ဘာ ကြောင့် လမစေ့ဘဲမွေးဖွားတယ်ဆိုတာကိုတော့ ကျွန်တော်တို့ ဆက်လက်လေ့လာနေပါတယ်ဟု သုတေသီ တစ်ဦး က ပြောပြသည်။

မမျိုးဥအိတ် အကောင်းအတိုင်းရှိသော သူမအနေနှင့် သားအိမ်အစားထိုးကုသမှုခံယူပြီး ၂-နှစ်အကြာတွင် ပထမဆုံး ကိုယ်ဝန်ကို စတင်လွယ်နိုင်ခဲ့ပြီး သတ်မှတ်ချိန်ထက်စောကာ ကိုယ်ဝန် ၃၁ ပတ်အကြာတွင် သားဦးကို မွေးဖွား ခဲ့သည်။ သားယောက်ျားလေးမှာ ကိုယ်အလေးချိန် ၃ ဒသမ ၉ ပေါင်သာရှိပြီး မိခင်နှင့်ဖခင်နှစ်ဦးလုံးမှာ လွန်စွာပျော်ရွှင်ဝမ်းမြောက်နေကာ ဆေးရုံတွင် ၁၀-ရက်စောင့်ကြည့်ပြီးနောက် စိတ်ချရပြီဖြစ်သဖြင့် ကလေးနှင့် မိခင်နှစ်ဦးလုံးကို ဆေးရုံဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကင်ဆာဆေးဝါးများနှင့် မွေးရာပါချို့ ယွင်းမှုများကြောင့် အမျိုးသမီးများတွင် သားအိမ်ထုတ်ပစ်ရခြင်း၊ သားအိမ်မပါ ဘဲ မွေးလာခြင်းတို့ ဖြစ်တတ်ပြီး ကလေးရယူလိုသောအခါ အငှားကိုယ်ဝန်ဆောင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိဘဲ ဖြစ်နေခဲ့ရာမှ ယခုအခါ ကမ္ဘာပေါ်ရှိ သားအိမ်မရှိသော အမျိုးသမီးများအတွက် ၀မ်းမြောက်ဖွယ် သတင်းစကား အဖြစ် ဂိုသင်ဘတ်တက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်ကြေငြာခြင်းဖြစ်ပြီး ဤသုတေသီများသည် အမျိုးသမီး ၉-ဦးထက်မနဲကို သားအိမ်အစားထိုး ကုသပေးထားကြောင်း သိရသည်။

ဂိုသင်ဘတ်တက္ကသိုလ်မှ သုတေသီများသည် သားအိမ်အစားထိုးကုသမှုမှ ပထမဆုံးအကြိမ် ကလေးအောင်မြင်စွာ မွေးဖွားနိုင်ခြင်းကို သိပ္ပံဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော်လည်း ကာယကံရှင်၏ အမည်၊လိပ်စာနှင့် ကိုယ်ရေး အချက်အလက်များကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...