ကမ္ဘာ့ဘဏ်က ပညာရေးအတွက် ကန်ဒေါ်လာသန်း ၈၀ နှစ်ရှည်ချေးမည်


ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင်ဖွင့်လှစ်ထားသော မူလတန်းကျောင်း၌ ကလေးငယ်များ ကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)

မြန်မာနိုင်ငံ၏ အခြေခံ ပညာ တိုးမြှင့်ရေးလုပ်ငန်းများ အတွက် ကူညီထောက်ပံ့ရန် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ သန်း ၁၀၀ စီမံကိန်း စတင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

စီမံကိန်းတွင် ကမ္ဘာ့ဘဏ် က နှစ်ရှည်ချေးငွေ ဒေါ်လာသန်း ၈၀ နှင့် သြစတြေးလျအစိုးရ၏ အလွတ် အကူအညီ ဒေါ်လာ သန်း ၂၀ တို့ ပါဝင်မည်ဟု ကမ္ဘာ့ဘဏ် က သတင်းထုတ်ပြန်သည်။

ကျောင်းသား၊ ကျောင်းသူ ၈ ဒသမ ၂ သန်း တက်ရောက် ပညာသင်ကြားနေသည့် မြန်မာ နိုင်ငံတစ်ဝန်း လုံးရှိ စာသင် ကျောင်းများသို့ ကျောင်းရန်ပုံငွေ ထောက်ပံ့ခြင်းအစီအစဉ်နှင့် ဆင်းရဲနွမ်းပါးသော ကျောင်း သား၊ကျောင်းသူ တစ်သိန်းခန့်အား ပညာသင်ထောက်ပံ့ခြင်း အစီအ စဉ်များကို တိုးချဲ့ဆောင်ရွက်နိုင် ရေး ကူညီရန် ကမ္ဘာ့ဘဏ် အမှုဆောင်ဒါရိုက်တာ ဘုတ်အ ဖွဲ့က မေလ ၂၀ ရက်၌ အတည်ပြု လိုက်ခြင်း ဖြစ် သည်။

နှစ်ရှည် ချေးငွေ ဒေါ်လာ သန်း ၈၀ မှာ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအား ကူညီပေး သည့် ကမ္ဘာ့ဘဏ် ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့မှ ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ယင်းအစီအစဉ်ကို Myanmar Partnership Multi-Donor Trust Fund မှတစ်ဆင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး ၀န်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအားလုံးအတွက် ရည်ရွယ်ထားခြင်းဖြစ် သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

‘‘ကမ္ဘာ့ဘဏ်မှထောက်ပံ့ပေးတဲ့ သန်း ၁၀၀ မှာ သြစတြေးလျ အစိုးရကပေးတဲ့ သန်း ၂၀ က ပြန်ဆပ်စရာ မလိုဘဲ ကျန်သန်း ၈၀ က ပထမ ၁၀ နှစ်တွင် အတိုးမဲ့ဖြစ်ပြီး အနှစ် ၃၀ အကြာတွင် အတိုးနှုန်းနည်းနည်း နဲ့ ပြန်ဆပ်ရမှာပါ။ တိုင်းနဲ့ ပြည်နယ်အားလုံးက မူလတန်းရှိတဲ့ ကျောင်းတွေ အားလုံးကို School Grant ဖြန့်ပြီး ပေးသွားမှာပါ’’ ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦး က ပြောသည်။

ထိုစီမံကိန်းသည် မြန်မာ နိုင်ငံအစိုးရက ဆောင်ရွက်နေ သည့် ကျောင်းထောက်ပံ့ကြေး စီမံချက်နှင့် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအ တွက် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ရေး စီမံချက်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်မှု ရရှိစေရန် ကူညီသွားမည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ထို့အတူ ကျောင်းသား၊ ကျောင်းသူများအတွက်ပညာ သင်ထောက်ပံ့ကြေး ချီးမြှင့်ရေး စီမံချက်ကို မြို့နယ် ၄၀ တွင် စီမံ ကိန်းကာလ လေးနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး အဆိုပါ စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စိစစ်ကြီးကြပ်ရန် ပညာရေး ၀န်ကြီးဌာန၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင်လည်း ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

‘‘အခွင့်အလမ်းတွေ နည်း ပါးပြီး ဝေးလံတဲ့ဒေသက ဆင်းရဲ နွမ်းပါးတဲ့ ကလေးငယ်တွေအ တွက် ပညာရေးကောင်းမွန်စေဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံအစိုးရက ပညာရေး အသုံးစရိတ်တွေကို မြှင့်တင်ဖို့ ကြိုးစားလာတာကို မြင်တွေ့ရတာ အားတက်မိပါတယ်’’ ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ခန် သန်ရှန်ကာက ပြောသည်။

ပညာရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည်များ မြင့်တက်တင်လာရန် ကူညီသွားမည်ဖြစ်ပြီး နိုင်ငံသားတိုင်း အတွက် ကောင်းမွန်သော ပညာရေးစနစ် ရရှိ စေရန်၊ ကျောင်းထွက်နှုန်းလျော့ကျပြီး ကျောင်းသားများ ပညာ ရေးကို ဆုံးခန်းတိုင်သင်ကြားခွင့် ရရှိစေရန် ကူညီသွားမည်ဖြစ်သည်။

ငွေကြေးသုံးစွဲရာတွင် တိုင်းတာနိုင်သည့် ရလဒ်များဖြစ်ပေါ်လာရန် အသုံးပြုသည့် စရိတ်များကို ပြန် လည်တောင်းယူနိုင်သည့် ရလဒ်အခြေပြု ငွေကြေးကူညီခြင်း နည်းလမ်းဖြင့် ရန်ပုံငွေများကို ပေးအပ်သွားရန် ကမ္ဘာ့ဘဏ်က စီစဉ်ထားသည်။

အဆိုပါ နည်းလမ်းကို အသုံးပြုရခြင်းမှာ ပညာရေးဝန်ကြီးဌာန အနေဖြင့် ရလဒ်ကောင်းများ ထွက်ပေါ် လာစေရန် ပိုမိုအလေးပေးဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကျောင်းသားများ၏ တိုးတက်မှုအခြေအနေကို တိုင်းတာကြီးကြပ်နိုင်မည့် Database တစ်ခုကို တည်ဆောက်နိုင်ရန် ဖြစ်သည်။

ယခုစီမံကိန်းသည် ကမ္ဘာ့ ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ပထမဦးဆုံး ကူညီဆောင် ရွက်မှု ဖြစ်သည်။

7Day Daily
No.386 Thursday, May 22, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...