ဘ၀ကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်မယ့် မိုးဟေကို



မြန်မာပြည်အနှံ့ လျှောက်သွားပြီး၊ မိမိ၏ ဘ၀မှတ်တမ်း (Life Time Record) အား ရိုက်ကူးထားသော ဓာတ်ပုံ များကို မှတ်တမ်းစာအုပ် ကိုထုတ်မည့် မိုးဟေကိုက ထိုမှတ်တမ်းကို ကျွန်မ ချစ်သော ဟူ၍ အမည်ပေး ထားကြောင်း ပြောသည်။

““မိုး ရဲ့ ခရီးသွားတဲ့ အကြောင်းလေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်ရဲ့ နာမည်ကို “ကျွန်မချစ်သော” လို့ ပေးဖြစ်တာက သိပ်ကို ရိုးစင်းစွာ ဖြစ်နေ ပါလိမ့်မယ်။ မိုးအနေနဲ့က ရိုးစင်းစွာ ဖြစ်ပေါ်လာတဲ့ စိတ်လေးကြောင့် ပေးခဲ့တဲ့ နာမည်လေးပါ။ မိုးရဲ့ ဘ၀တစ်လျှောက်လုံးမှာ အမှတ်တရ တစ်ခုဖြစ်ဖို့ အတွက် အခက်အခဲတွေ၊ ကြိုးစား အားထုတ်မှုတွေ၊ အချိန် ပေးဆပ်မှုတွေ၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေနဲ့ တည်ဆောက် ထားတဲ့ စာအုပ်ပါလို့ ပြောချင် ပါတယ်။ အဓိက ရည်ရွယ်ချက်က ကျွန်မချစ်သော တိုင်းပြည်မှာ တိုင်းရင်းသားတွေ ညီအစ်ကို မောင်နှမတွေရဲ့ ဒေသ အလှအပ တွေကို စူးစမ်း လေ့လာချင်တဲ့အတွက် အားလုံးသော၊ ကျွန်မက ချစ်သော၊ ကျွန်မကို ချစ်သော အနယ်နယ် အရပ်ရပ်က ပရိသတ်တွေကို ရည်ရွယ်ပြီး လုပ်ဖြစ်ခဲ့တာပါ။ ခရီးသွားတာကို ၀ါသနာ ပါရာက စခဲ့တာပါ။ လွယ်ကူတဲ့ နေရာတွေ ရောက်ခဲ့သလို ခက်ခဲတဲ့ နေရာတွေလည်း ရောက်ခဲ့ပါတယ်။ အယ်လဘမ် တစ်ခုလုံး အတွက် ရသပေါင်းစုံ ပါချင် ပါတယ်။ မိုးရဲ့ ခရီးသွားပုံတွေအပြင် Movies တွေလည်း ပါပါမယ်။ Life Time Record ဖြစ်တဲ့အတွက် မိုးရဲ့ ရိုးစင်းတဲ့ ဘ၀ကို တွေ့ရမှာပါ။ မိုးဟေကိုဆိုတဲ့ မင်းသမီး ဘ၀ကို ဖျောက်ပြီး သာမန် ခရီးသွားနေတဲ့ ကောင်မလေး အနေနဲ့ တွေ့ရမှာပါ။ မိုးရဲ့ ဘ၀မှတ်တိုင် လို့ပြောရင် ကြီးနေပါလိမ့်မယ်။ မိုးလုပ်ချင်တဲ့ ဆန္ဒလေး တစ်ခုကို အမှတ်တရ လည်းဖြစ်အောင် ပရိသတ်အတွက် ရည်ရွယ် ပြီး လုပ်ခဲ့တာပါ။ အခုသွားမယ့် နေရာလေး တွေ ကျန်ပါသေးတယ်။ ပြီးမယ့် ရက်လတွေကိုတော့ သတ်မှတ်လို့တော့ မရသေးဘူး ပေါ့နော်။ နောက်ပြီး ဒီစာအုပ်ကို စလုပ်ကတည်းက အကျိုးအမြတ် ကိုလည်း မမျှော်လင့်ထားပါဘူး။ အမှတ်တရ ချပြချင်တဲ့ အတွက် အားလုံး ဖတ်နိုင်အောင် လုပ်သွားပါ မယ်”” ဟု မိုးဟေကိုက ပြောသည်။

မိုးဟေကိုသည် ထိုဘ၀မှတ်တမ်း ဓာတ်ပုံအယ်လဘမ် ရိုက်ကူးရန်အတွက် အချိန်ရရှိအောင် တစ်လလျှင် နှစ်ကားနှုန်း ဖြင့်သာ ရိုက်ကူးခဲ့ပြီး၊ မြန်မာပြည်အနှံ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ရှမ်း ဒေသများသို့ သွားရောက် ခဲ့ကြောင်းသိရသည်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...