Samsung Galaxy S5 Special review


The next big thing is a lot of little things
============================
HAN(TechRangoon)

စမတ်ဖုန်းလောကရဲ့ ပြိုင်ပွဲက တဖြည်းဖြည်းပိုကြမ်းလာတယ်။ Android ဖုန်းကုမ္ပဏီတွေဟာ ပိုကြီးတဲ့၊ feature ပိုများတဲ့၊ camera megapixel ပိုများတဲ့ ဖုန်းတွေ၊ screen ppi များတဲ့ဖုန်းတွေ အပြိုင်အဆိုင် ဝုန်းဒိုင်းကြဲ ထုတ်လုပ်လာကြတယ်။ ဒါပေမယ့် သတိထားစရာကောင်းတာက Apple ရဲ့ အောင်မြင်မှုက iPhone camera ကြောင့်လည်းမဟုတ်၊ သူ့ OS ကြောင့်လည်းမဟုတ်၊ ဘထ္ထရီသက်တမ်းကြောင့်လည်း မဟုတ်ပဲ အသုံးပြုသူတွေ အဆင်ပြေပြေနဲ့ ဖုန်းကို လှလှပပ၊ ချောချောမွေ့မွေ့သုံးနိုင်ဖို့ဆိုတဲ့ သုံးစွဲ သူတွေတောင် တခါတလေသတိမထားမိတဲ့ သေးငယ်တဲ့အရာတွေကိုအစ ဂရုစိုက်လုပ်ပေးတဲ့ Apple ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။ Apple ကုမ္ပဏီဟာ ဖုန်းတမျိုးထုတ်တိုင်း ထုတ်တိုင်း အကြီးကြီးတွေပြောင်း လဲတာထက် သေးသေးငယ်ငယ်အရာတွေကိုပဲ ပိုမိုကောင်းမွန်အောင်၊ ပြည့်စုံအောင်လုပ်တာက ၄င်းအောင်မြင်မှုရဲ့ အဓိကအချက်လို့ ထင်တယ်။

သေးသေးငယ်ငယ်တွေကို ပိုဂရုစိုက်တယ် Apple ရဲ့ လုပ်ဆောင်မှုဟာ Samsung နဲ့တော့ ပြောင်းပြန်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ It’s big ဆိုတဲ့ ၄င်းတို့ရဲ့ ဆောင်ပုဒ်အတိုင်း Samsung ကကြီးကြီးမားမားပြောင်းလဲမှုလုပ်တာကိုပဲ ပိုအလေးပေးပါတယ်။ ၄င်းဟာ ကြီးမားတဲ့ မျက်နှာပြင်ရှိတဲ့ ကြီးမားတဲ့ဖုန်းတွေထုတ်တယ်။ကြီးမားတဲ့ အိုင်ဒီယာအသစ်တွေနဲ့ စမတ်ဖုန်းတစ်လုံးလုပ်ဆောင်နိုင်တာထက် လွန်တဲ့ အခြားထပ်တိုးလုပ်ဆောင်မှုတွေကို များများပြားပြား ပစ်ထည့်ထားတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Samsung က ၄င်းတို့ရဲ့ နည်းကို နည်းနည်းပြောင်းလာပြီလို့ ထင်တယ်။ ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Samsung ဟာ ၄င်းတို့ရဲ့ Galaxy S5 မျိုးဆက်သစ်ကို features ပေါင်းမြောက်များစွာနဲ့ အမွှမ်းတင်တာထက် အကောင်းမွန်ဆုံး စမတ်ဖုန်းတစ်လုံးရဲ့ အခြေခံ လိုအပ်ချက်ကိုပဲ ပြန်ဂရုစိုက်လာပြီလို့ မြင်လာတယ်။

လွန်ခဲ့တဲ့တစ်နှစ်က HTC ကထုတ်ခဲ့တဲ့ အလူမီနီယံကိုယ်ထည်နဲ့ HTC One ဟာ Samsung ရဲ့ ဈေးပေါ ဟန်ရှိတဲ့၊ ပလတ်စတစ်နဲ့ လုပ်ထားတဲ့၊ feature ပေါင်းများစွာနဲ့ နစ်မြှုပ်နေတဲ့ S စီးရီးဖုန်းတွေကို မကျော်လွှားနိုင်ရင်တောင် ဈေးကွက်ထဲမှာ ၄င်းရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်ဘက်အဖြစ် ဖြစ်ခဲ့မယ်လို့ ကျနော်မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီနှစ်လည်း s5 ဆိုတဲ့ ဖုန်းအသစ်ကို ထပ်မံထုတ်လုပ် ခဲ့တယ်။ ဒီတစ်ခေါက်လည်း ယခင် စီးရီးဖြစ်တဲ့ S4 ထက်အနည်းငယ်ကြီးသွားတဲ့ မျက်နှာပြင်၊ အနည်းငယ် ရှည်ပြီး ကျယ်သွားတဲ့ ဖုန်းကိုယ်ထည်နဲ့ ပါးပါးလွှာလွှာ ပေါ့ပေါ့ပါးပါးနဲ့ s4 နဲ့ တည်ဆောက်ပုံသိပ်မကွာလှတဲ့ ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

S5 မှာ သင်ဖုန်းနဲ့ ထိတွေ့လို့ရတဲ့ နေရာအားလုံးက ပလတ်စတစ်နဲ့ လုပ်ထားတာချည်းပါပဲ။ S5 ကို အနက်၊ အဖြူ၊ ရွှေရောင်နဲ့ အပြာရောင် ၄မျိုးနဲ့ ထုတ်လုပ်လာပြီး ဘေးထောင့်တွေက ယခင် S3 နဲ့ S4 လို ဝန်းပြီးကွေးနေတာထက် S2 or Note series တွေလို့ အနည်းငယ်သာ ဝန်းဝန်းလေးရှိတော့တာ ကို တွေ့ရ ပါတယ်။ ကိုင်တွယ်ရတာကတော့ ယခင် S4 နဲ့ သားရေအတု Note 3 ထက် ပိုမို သက်တောင့်သက် တာရှိပြီး ဖုန်းကိုယ်ထည်ဟာလည်း အနည်းငယ် အဆင့်အတန်းရှိသလို ခံစားရပါတယ်။ Samsung ဟာလည်း ပလစ်စတစ်ကိုယ်ထည်ကို တခြားဖုန်းတွေဖြစ်တဲ့ Nokia နဲ့ Apple လိုအဆင့်မှီတဲ့ ဒီဇိုင်း အရည်အသွေးနဲ့ တည်ဆောက်မှုဘက်ကို အနည်းငယ် အလေးပေးလာပြီလို့ ထင်ပါတယ်။

S5 မှာ သိသိသာသာထူးခြားလာတာက ပိုပေါ့လာတယ်၊ ပိုပါးလာတယ်၊ နောက်ပြီး ရေစိုခံလာတယ်။ Samsung ဟာ ရေစိုခံဖုန်းဈေးကွက်ထဲကို နောက်ကျမှ ဝင်ရောက်လာတယ်လို့ ဆိုရပါမယ်။ ၄င်းမတိုင်ခင် က ဂျပန်ကုမ္ပဏီ SONY ဟာ ရေစိုခံဖုန်းမြောက်များစွာကို ဈေးကွက်ထဲ တင်ပို့ရောင်းချပြီးဖြစ်သလို ရေစိုခံ တယ်ဆိုတာကလည်း SONY စမတ်ဖုန်းတွေရဲ့ သိသာတဲ့ အသွင်အပြင်တစ်ခုလို့တောင် အသုံးပြုသူတွေက မှတ်ယူထားပါတယ်။ Samsung ကလည်း ဒီလိုကြီးမားတဲ့ ရေစိုခံဖုန်းဈေးကွက်ကို မျက်စပစ်လာသလိုပါပဲ။ S5 ရဲ့ ရေစိုခံနိုင်တဲ့အဆင့်က IP 67 ရှိပါတယ်။ ဆိုလိုတာက ရေအနက် တစ်မီတာထဲကို မိနစ် ၃၀ခန့် ဖုန်းကို နစ်မြှုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ရေအောက်မှာတော့ ဖုန်းကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Touchscreen ဟာ ရေထဲမှာဆိုရင် အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် ရေစိုခံတာကြောင့် သင့်ရဲ့ S5 ပေါ် ကို ကော်ဖီမှောက်ကျတာဖြစ်ဖြစ်၊ မိုးထဲလေထဲ ဟန်မပျက်ပဲ ဖုန်းဆက်နေတာဖြစ်ဖြစ်၊ ယုတ်စွအဆုံး အိမ်သာခွက်ထဲ ပြုတ်ကျသွားတာဖြစ်ဖြစ် ဖုန်းရေဝင်ပြီး ပျက်မှာကို သင်စိတ်ပူစရာ မလိုတော့ပါဘူး။ မနေ့ညကပဲ ရုံးက မိတ်ဆွေတွေနဲ့ ဘီယာသောက်တုန်း ဖုန်းပေါ်ကို ဘီယာအနည်းငယ် မှောက်သွန်ကြည့် ပါသေးတယ်။ ဘာမှ ပျက်စီးသွားတာမရှိပါဘူး။ ဒါကြောင့် ရေနဲ့ ပတ်သတ်တဲ့ မတော်တဆမှုရန်တွေကနေ S5 ကတော့ ကာကွယ်နိုင်သွားပြီဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ S5 ဟာ အရင် Samsung ဖုန်းတွေအတိုင်း ဈေးပေါတဲ့ ဟန်ရှိ တုန်းပါပဲ။ HTC One နဲ့ iPhone 5S စတဲ့ဖုန်းတွေလို ကိုင်မိတာနဲ့ အဆင့်မှီတဲ့ အလူမီနီယံကိုယ်ထည်နဲ့ ခန့်ညားတဲ့ ဒီဇိုင်းအသွင်အပြင်တစ်ခုလို ခံစားရတာမျိုးတော့ S5 မှာ မပါလာပါဘူး။ Galaxy S5 ဆိုတဲ့ လိုဂို တစ်ခုကိုလည်း ဖုန်းကျောဘက် အောက်နားမှာ ရိုက်နှိပ်ထားတာကလည်း ကျနော့်အတွက်တော့ ရုပ်ဆိုး လွန်းလှပါတယ်။ ကျနော်က ဖုန်းရဲ့ ကျောဘက်ကို ရှင်းရှင်းလင်းလင်းဖြစ်တာာမျိုးကို ပိုနှစ်သက်ပါတယ်။ S5 နဲ့အတူ ထွက်ရှိခဲ့တဲ့ Sony ရဲ့ Z2 နဲ့ HTC One M8 ဖုန်းတွေကတော့ capacitive home button key တွေ ထည့်သွင်းခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် S5 မှာတော့ ယခင် series တွေအတိုင်းပဲ Home Button တခု၊ back and menu capacitive key ၂ခု ပုံမှန်အတိုင်း ဆက်လက်ပါဝင်လာပါတယ်။ အကယ်၍ သင်သာ Samsung စတိုးမှာ S5 ကိုကောက်ကိုင်ကြည့်မယ်ဆိုရင် ဒီဇိုင်းအသွင်အပြင်ပိုင်းမှာ ယခင် S4 နဲ့ ထူးထူးခြားခြား ကွာခြားတာမျိုးတော့ ခံစားရမှာ မဟုတ်လောက်ပါဘူး။ Samsung အနေနဲ့ ၄င်းတို့ရဲ့ S series စမတ်ဖုန်းတွေကို ပိုမိုထူးခြားတဲ့ဒီဇိုင်းနဲ့ စမတ်ကျပြီး ခန့်ညားတဲ့ ကိုယ်ထည်မျိုးနဲ့ တည်ဆောက်ဖို့ သင့်ပါပြီ။ Apple နဲ့ ယှဉ်ကြည့်ရင် iPhone တွေဟာ series တခုနဲ့ တခုကြားမှာ ဒီဇိုင်းအသွင်အပြင်က ထူးထူးခြားခြားကြီးကို ပြောင်းလဲပြီး ခန့်ညားတာကို တွေ့ရမှာပါ။ iPhone 3G, iPhone 4, iPhone 5 တွေ စတဲ့ ဖုန်းဒီဇိုင်းတွေဟာ ကွဲပြားတဲ့ တီထွင်မှုဆန်းသစ်တဲ့ ဒီဇိုင်းမျိုးရှိပေမယ့် Samsung ကတော့ ထူး ထူးခြားခြားဖြစ်အောင် လုပ်နိုင်ခြင်းမရှိဘူးလို့ပဲ သုံးသပ်ရပါလိမ့်မယ်။

Hardware ပိုင်းကိုကြည့်မယ်ဆိုရင် Samsung ဟာ ကွာလတီထက် သူ့ဖုန်းရဲ့ လုပ်နိုင်စွမ်းကို ပိုမို တိုးမြှင့်ထားတာကို တွေ့ရပါတယ်။ S5 မှာ iPhone 5S လို Fingerprint Sensor ပါရှိလာပါတယ်။ ဒါပေမယ့် သူက iPhone လို Home Key ပေါ်တင်ပြီး လုပ်ရတာမဟုတ်ပေမယ့် Home Key အပေါ်နားမှာရှိတဲ့ Screen အောက်ပိုင်းကို swipe လုပ်ရတာပါ။ ယင်းမှတဆင့် ငွေပေးချေမှုတွေ ပြုလုပ်နိုင်ပါတယ်။ သတိ ထားရမှာက Home Key အပေါ်မှာရှိတဲ့ Screen တည့်တည့်ကို သေသေချာချာ Swipe လုပ်ရမှာဖြစ်ပြီး အကယ်၍ လွဲချော်သွားရင်တော့ သာမန် password ဖြည့်ခိုင်းတာမျိုးတက်လာပါလိမ့်မယ်။ ဒီနေရာမှာ Apple ရဲ့ Touch ID နဲ့ နှိုင်းယှဉ်ကြည့်ရင် Touch ID က Home button ပေါ်မှာ ပြုလုပ်ရတာမို့ ပိုမိုလွယ် ကူပြီး စမတ်ကျတာကို တွေ့ရပါမယ်။

ဖုန်းတည်ဆောက်မှုအပိုင်းကိုကြည့်ရင် S5 မှာပါရှိတဲ့ ၅.၁ လက်မရှိ 1080 p AMOLED မျက်နှာပြင်ဟာ ထူးခြား ကောင်းမွန်လှတာကိုတွေ့ရပါတယ်။ တခြားဖုန်းတွေထက် မျက်နှာပြင်ဟာ တောက်ပတဲ့အရောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို ကောင်းမွန်စွာ ဖော်ပြပေးနိုင်ပါတယ်။ ဂိမ်းဆော့ဖို့၊ ဗီဒီယိုကြည့်ဖို့အတွက် S5 ရဲ့ ကောင်းမွန်လှတဲ့ မျက်နှာပြင်ဟာ သင့်တော်လှပါတယ်။

နောက်ထပ်ပိုပြီးကောင်းမွန်လာတာ တစ်ခုရှိပါသေးတယ်။ ဘထ္ထရီသက်တမ်းပါ။ အင်တာနက်သုံး၊ ဗီဒီယို တစ်နေကုန်ကြည့်တာတောင် S5 ရဲ့2800MAh ရှိတဲ့ ဘထ္ထရီဟာ နောက်နေ့နေ့ လည်လောက် ထိ ကောင်းကောင်ခံတာကို တွေ့ရပါတယ်။ ဘထ္ထရီကလည်း တခြား Samsung ဖုန်းတွေအတိုင်း ဖြုတ် လဲ နိုင်ပါတယ်။ စွမ်းဆောင်ရည်မြှင့်မားတဲ့ Quad-core Processor နဲ့ RAM 2GB ပါလာပေမယ့် ဘထ္ထရီ စွမ်းရည်ကလည်း လျော့နည်းမသွားပဲ ကြာရှည်ခံတာကိုတွေ့ရပါတယ်။ ဖုန်းအားကုန်ခါနီး အရေးပေါ် အသုံးပြုနိုင်ရန်အတွက်လည်း Ultra-Power Saving Mode ဆိုတဲ့ feature လည်းပါပါသေးတယ်။ ဖုန်းအားလည်းကုန်ခါနီးဖြစ်နေပြီး ဖုန်းအားသွင်းဖို့ အခက်အခဲဖြစ်တဲ့အချိန်မှာ ဒီ feature က တော်တော် အသုံးဝင်ပါလိမ့်မယ်။

နောက်ပြောင်းလဲမှုတစ်ရပ်ကတော့ ပိုမိုကောင်းမွန်လာတဲ့ ကင်မရာစနစ်ပါရှိလာတာပါပဲ။ 16 megapixel ရှိတဲ့ ကင်မရာဟာ ရုပ်ပုံထွက်မှုပြတ်သားတဲ့၊ တောက်ပတဲ့၊ အသေးစိတ်ကျတဲ့ ကောင်းမွန်လှတဲ့ ဓါတ်ပုံတွေ ရရှိအောင် ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ ယခင် S4 မှာ ပါခဲ့တဲ့ ကင်မရာအထူးပြုလုပ်ချက် featureတွေ အတိုင်း ယခုလည်း ၄င်းကိုပိုမိုအဆင့်မြှင့်ထားတဲ့ effect တွေ ပါရှိလာတာကိုတွေ့ရပါတယ်။ S5 မှာပါရှိ လာတဲ့ auto-focus feature က S4 ထက်လုပ်ဆောင်ပိုင်းဆိုင်ရာမှာ ပိုမိုမြန်ဆန်တာကိုတွေ့ရပါတယ်။ ရှုခင်းတွေရိုက်ရာမှာ အသုံးဝင်လှတဲ့ Real Time HDR mode ကလည်း သင့်ရှေ့က ရှုခင်းပုံတွေကို အကောင်းမွန်ဆုံးရိုက်ကူးပေးပါလိမ့်မယ်။

ဖုန်းကင်မရာတွေဟာ ဘယ်လောက်ပဲအဆင့်မြှင့်လာလာ၊ အလင်းရောင်နည်းတဲ့ Low Light condition မှာ ကောင်းမွန်တဲ့ပုံတစ်ပုံရဖို့ ခက်ခဲလှပါတယ်။ HTC ရဲ့ Ultra pixel ကင်မရာဟာ Low Light အခြေ အနေမှာ ပိုမိုတောက်ပတဲ့၊ အရောင်ဖျော့တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်စွမ်းရှိပေမယ့် ကောင်းမွန် လှခြင်းတော့ မရှိပါဘူး။ အခု S5 မှာလည်း အနည်းငယ် အရောင်ဖျော့တဲ့ ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို ရိုက်ကူးနို်င်စွမ်းရှိပါတယ်။ Low Light အခြေအနေမှာ ဖုန်းကင်မရာတွေကနေ ပုံကောင်းတွေရဖို့ မျှော်လင့် တယ်ဆိုတာ ခက်ခဲလှပြီး အားလုံးထဲမှာတော့ IPhone 5S ရဲ့ Low Light ပုံတွေကတော့ ပိုပြီးကောင်းမွန် ဆဲပါပဲ။ ကင်မရာပိုင်းကို ခြုံပြီးပြောရရင်တော့ S5 ကင်မရာဟာ feature ပေါင်းများစွာနဲ့ ပိုမိုကောင်းမွန်လာ တယ်လို့ပဲ သုံးသပ်ရမှာပါ။

Hardware ပိုင်းပြီးတော့ Software ပိုင်းကို တချက်ကြည့်ရအောင်ဗျာ။ ထုံးစံအတိုင်း Samsung ရဲ့ TouchWiz UI က ကျနော့်အတွက်တော့ ရုပ်ဆိုးမြဲ ဆိုးလျှက်ပါပဲ။ Samsung အနေနဲ့ UI ဒီဇိုင်းပိုင်းကို ဒီထက် ပိုထူးခြားတဲ့ ပိုကောင်းမွန်တဲ့ ဒီဇိုင်းဖြစ်ဖို့ ပြင်ဆင်ဖို့လိုပါဦးမယ်။ ဥပမာ- HTC ရဲ့ Sense UI ဟာ Android ဖုန်းတွေထဲမှာ တော်တော်ကောင်းတယ်လို့ သုံးသပ်လို့ရပါတယ်။ S5 မှာလည်း အသုံးဝင်တဲ့ feature တွေ၊ အသုံးမဝင်တဲ့ feature တွေကို တပြုံတပင်ထဲ ပစ်သွင်းထားသလိုပါပဲ။ သုံးစွဲမှုပိုင်းမှာ user-friendly မရှိသလို user တွေကို ယင်း feature များအား အကျိုးရှိရှိအသုံးပြုနိုင်အောင် ပြုလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။

S5 ရဲ့ menu setting မှာတင် item ပေါင်း ၆၁ ခုပါရှိပြီး အဝိုင်းပုံသဏ္ဍာန်နဲ့ ရှည်လျားစွာ မြင်တွေ့ရမှာ ဖြစ် ပါတယ်။ Notification pull-down menu မှာလည်း Airplane mode ကအစ Toolbox အဆုံး မတူညီတဲ့ Option ရွေးချယ်မှုပေါင်း အခု ၂၀ခန့် ပါဝင်ပါတယ်။ Camera menu မှာလည်း အချက်ပေါင်း ၂၇ ချက် ပါဝင်ပြီး ရှုပ်ထွေးလှတာကို တွေ့ရပါတယ်။ Samsung အနေနဲ့ user တွေလွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင် မယ့်၊ တကယ့်အသုံးတည့်တဲ့ feature နဲ့ ဒီဇိုင်း UI ကို ဒီထက် ပြင်ဆင်ဖို့ လိုအပ်ပါသေးတယ်။

S5 မှာပါရှိလာတဲ့ build-in app တွေက များပြားလှပြီး တချို့သော app များဟာလည်း တကယ် အသုံးဝင် တာကို တွေ့ရပါတယ်။ S Health app ဟာ fitness တွေ ပြီးပြည့်စုံတဲ့ app တခုလို ဆိုရမှာဖြစ်ပြီး အပြေးလေ့ကျင့်တာကအစ calories လျှော့ချတာအဆုံး သင့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို ရရှိနိုင်ပါတယ်။ သင့်မှာ Gear fit တလုံးသာ ရှိခဲ့ရင်တော့ heart rate monitor feature ကိုပါ နာရီ လက်ပတ်နဲ့တကွ အတူ အသုံးပြုနိုင်ဦးမှာပါ။

ခြုံငုံသုံးသပ်ချက်
ဖုန်းတွေရဲ့ အဓိကအသုံးဝင်လှတဲ့အချက်တွေကတော့ screen၊ ဘထ္ထရီနဲ့ ကင်မရာပါပဲ။ S5 မှာတော့ ဒီအရာအားလုံးကို အဆင့်မြှင့်ထားပါတယ်။ ကောင်းမွန်တောက်ပလှတဲ့ မျက်နှာပြင်၊ ကြာရှည်ခံတဲ့ ဘထ္ထရီနဲ့ ရုပ်ထွက်ကောင်းပြီး feature များစွာပါဝင်တဲ့ ကင်မရာအပြင် ရေစိုပါခံနိုင်လာတဲ့အတွက် S5 ကို ဝယ်ယူ ဖို့ ရွေးချယ်မယ်ဆိုရင် အထက်ပါအချက်တွေနဲ့ ရွေးချယ်နိုင်ပါတယ်။ ကျနော်မကြိုက်တဲ့အချက်တွေကတော့ S5 ဟာ HTC One နဲ့ iPhone 5S တို့လို လှပပြီး သတ္ထုကိုယ်ထည်နဲ့ ခန့်ညားတဲ့ဖုန်းအမျိုးအစားတော့ မဟုတ်ပါဘူး။ S5 ဟာ ယခင် S4 ထက်ပိုမိုကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်တယ်။ ဒါပေမယ့် မထွက်ခင်က ကျနော် ဒီထက် ပိုပြီး မျှော်လင့်ခဲ့ပါတယ်။ Samsung အနေနဲ့ ဖုန်း ဒီဇိုင်းကို ပိုမိုဂရုစိုက်ဖို့လိုသလို feature တွေ များစွာထည့်ပြီး လွန်လွန်ကဲကဲကြော်ငြာနေတာထက် အဆင့်အတန်းရှိတဲ့ loyalty ရှိတဲ့ ဖုန်းဖြစ်ဖို့ ကြိုးစားရပါဦးမယ်။ ကျနော်တို့ဟာ ကျနော်တို့ဝယ်ယူမယ့်ဖုန်းကို တခြားဖုန်းတွေထက် ထူးခြားရ မယ်၊ ကောင်းမွန်ရမယ်၊ လှပနေရမယ်ဆိုတာတွေ မျှော်လင့်ပေမယ့် Samsung ကတော့ ဒီအရာတွေ ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကျနော် ဒီ Galaxy S5 ကိုနှစ်သက်ပါတယ်။ ထုတ်ပြီးမကြာမှာလည်း ကမ္ဘာတစ်ဝန်းက သန်းပေါင်းများ စွာသော သုံးစွဲသူတွေကလည်း ဝယ်ယူကြပါလိမ့်မယ်။ S5 ဟာကောင်းမွန်တယ်။ ဒါပေမယ့် အကောင်းမွန် ဆုံးတော့ မဟုတ်သေးပါဘူး။ ကျနော်တို့လိုချင်တာက ပိုထူးခြားပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ special ဖုန်းတွေကို လိုချင်တာပါ။ Samsung အနေနဲ့ နောက် S6 မှာဖြစ်ဖြစ် Note 4 မှာဖြစ်ဖြစ် ဒီထက်ပိုထူးခြားတဲ့ အရာတွေကို ဖြည့်ဆည်းပေးလာမယ်လို့ မျှော်လင့်မိပါတယ်။

What’s GOOD
ကောင်းမွန်တဲ့ မျက်နှာပြင်
မြင့်မားတဲ့ စွမ်းဆောင်ရည်
ထူးခြားပြီးအဆင့်မြှင့်ထားတဲ့ ကင်မရာ
ရေစိုခံခြင်း

What’s BAD
များပြားလှပြီး ရှုပ်ထွေးလှတဲ့ feature များ
ပလတ်စတစ်ကိုယ်ထည်နဲ့ ညံ့ဖျင်းတဲ့ဒီဇိုင်း
Low Light အခြေအနေတွင် ပုံကောင်းမရနိုင်ခြင်း


 
TechSpace Journal

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...